တောသဘာဝ အလှနှင့် ရွာအလှူ

တောသဘာဝ အလှနှင့် ရွာအလှူ
January 3, 2018 Leanne Win
တောသဘာဝ အလှနှင့် ရွာအလှူ

မန္တလေး- မိုးကုတ်လမ်းအတိုင်း တောင်ပြုံးလမ်း ခွဲကိုကျော်လိုက်ရင် ဘယ်ဘက်ခြမ်းမှာ ကြာနီကန်ရွာလေး ရှိပါတယ်။ ဒီကြာနီကန် ရွာ ကလေးကနေ နိုင်ငံကျော် ဓမ္မ ကထိက ကြာနီကန်ဆရာတော်ရယ်လို့ မြန်မာပြည်တစ်ဝန်းရှိ တောရော၊ မြို့ပါ လူကြီးကလေးမကျန် နာမည် ထင်ရှားကျော်ကြားခဲ့တာပါ။ ဇာတ်နိပါတ်တော်လာများကို အခြေပြုကာ ရယ်စရာပုံတိုပတ်စတွေနဲ့ အဟောကောင်းပြီး အောင်မြင်ကျော်ကြားခဲ့ တာ ဒီနေ့ထက်ထိပါပဲ။ ကြာနီကန် ဆရာတော် ဦးဇဋိလက မန္တလေး တိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ရွှေတွင်းကုန်းရွာ ဇာတိပါ။ ရွာမှာ ကိုရင်ဝတ်ပြီး မန္တလေး ခင်မကန်တိုက်က ဘကြီးတော် စပ်တဲ့ ဦးသာဂရ ဆီမှာ ရဟန်းဘဝနဲ့ စာဝါလိုက်တယ်။ ဦးသာဂရက ကြာနီကန်ဆရာ တော်အလောင်းအလျာ တရားဟောတဲ့ပုံစံကို မကြိုက်တာနဲ့ ကြာနီကန် ရွာမြောက် (ဘုန်းတော်ကြီး)ကျောင်းကို ရောက်သွားခဲ့တယ်။

နောက်တော့တောင်(ဘုန်းတော်ကြီး)ကျောင်း ဆရာတော်က ခေါ်တာနဲ့ ရွှေ့ခဲ့ပြီး ကျောင်းထိုင် ဖြစ်၊ ပျံလွန်တော်မူတဲ့အထိ သီတင်း သုံးခဲ့တယ်။ ချောက်နဲ့ရေနံချောင်း ကြားမှာ ကားမတော်တဆဖြစ်ပြီး ဆရာတော် ပျံလွန်တော်မူခဲ့စဉ်က ကောလာဟလတချို့ ထွက်ခဲ့ပေမယ့် မဟုတ်မှန်ဘဲ ယာဉ်မတော်တဆ ဖြစ်စဉ်သာ အမှန်ဖြစ်ကြောင်း ဆရာတော်ရဲ့တူတော်စပ်သူ ဦးဘိုနီ (ကြာနီကန်)က ပြောပြပါတယ်။

ဘုမ္မိသာစံ ကြာနီကန်

သခင်မတောင်ခြေ အင်ကျယ်ရွာဇာတိ ကိုရင်မောင် + မရွှေဥ တို့က စီးပွားရေးအရ တောင်ပြုံးရွာကို ရွှေ့ပြီး ကိုရင်မောင်က သစ် ဖောင်ချ၊ မရွှေဥက ရက်ကန်းခတ်တယ်။ တောင်ပြုံးမင်းလေးက မရွှေဥ ကို တွေ့ပြီးတော့မှ ချစ်ရေးဆိုတဲ့အခါ ကိုရင်မောင်ကလွဲ အားလုံး ဖွဲဆန်ကွဲ ပဲလို့ မရွှေဥကပြောပြီး မျက်နှာကို တံတွေးနဲ့ထွေးလိုက်တယ်။ အဲဒါကို စိတ်နာလို့ မင်းလေးက ကျားလွှတ်ပြီး မရွှေဥကိုချီလာတဲ့အခါ တောင်ပြုံးကနေ သခင်မတောင်လမ်းတစ်လျှောက်မှာ မရွှေဥရဲ့ ခါးစည်းကျခဲ့တဲ့ နေရာမှာ ‘ခါးစည်းကျဘုရား’ ကြာနီကန် ရွာရဲ့ အရှေ့ဘက်၊ အခုမြောက်ကျောင်းထဲ ရောက်တော့ အသားတစ်  ကျနေခဲ့တာ။ အသားတစ်ကျလာနေ အခု ‘တစ်ထစ်ကျ’နတ်စင်တဲ့။ တောင်ပြုံးရဲ့ အရှေ့ဘက်လယ်ကွင်း တွေထဲက ခါးစည်းကျဘုရားနဲ့ အသားတစ်ကျ နတ်စင်ကြားမှာ အရင်တုန်းက ရေအိုင်ကြီးရှိခဲ့ဖူးတယ်။ ကျားကမောတာနဲ့ ရေအိုင်ကြီးမှာ ကျားနားခဲ့လို့ ကျားနားကန်၊ ကန် ထဲမှာ ကြာမျိုးစုံကိုမှ ကြာနီတွေ အများဆုံးပွင့်လို့ ကျားနားကန်က နေ ကြာနီကန်လို့ အမည်ပေးခဲ့တာ။ အင်မတန်မှ ရေမြေအရပ် ဒေသ ကောင်းလို့ ဘုမ္မိသာစံ ကြာနီကန်လို့ လည်း ခေါ်ခဲ့ကြတယ်။

ယနေ့ ရွာအလှူနှင့် အကျွေးအမွေး 

 ကြာနီကန်ကို ကျွန်တော်သွား ဖြစ်ခဲ့တာကတော့ ဦးချိုတူးရဲ့ အလှူ ကိုပါ။ အလှူမှာ ဆင် ၃ စီးပါတယ်။ ဆင်တစ်စီးကို ငှားခကျပ် ၈ သိန်းပါ တဲ့။ ဝက်သား ပိဿာချိန် ၃၅ဝ၊ ကြက်သားနဲ့ ငါးခြောက်က ၇၅ ပိဿာစီချက်ပြီး ဧည့်ခံပရိသတ် ၁ဝဝဝ ထက်မနည်းကို ကျွေးမွေး ဧည့်ခံခဲ့တယ်။ ဝက်သားမစားတဲ့သူ ငါးခြောက် (ထမင်း)ရုံကို ကြွပါလို့ မပြောချင်လို့ (စားပွဲ)ခုံပေါ်မှာ တစ်ခါတည်းချပြီး ကြိုက်တာစားလို့ ပေါင်းကျွေးလိုက်တာပါ။ အလှူတော် အစီအစဉ်ကတော့ အကြို ဓမ္မသဘင် တစ်ည၊ အလှူဝင်နေ့ မွန်းလွဲပိုင်းမှာ အလှူလှည့်ရင်း ကျေး ရွာ ၄ ရွာက ဘုန်းတော်ကြီးများနဲ့ အဘိုး၊ အဘွား များကို ပူဇော် ကန်တော့၊ ညပိုင်းမှာ ဆိုင်းဧည့်ခံတယ်။

နောက်တစ်ရက် အလှူပြီးနေ့မှာ ဗြဟ္မစိုရ်ဆရာတော်ကြီး၊ သူငယ်တော်တောရဆရာတော်ကြီး၊ မစိုးရိမ် တိုက် မဟာနာယက၊ နာယကဆရာတော်ကြီး ၂ ပါး၊ သစ္စာ ဝေဒဂူ ဆရာတော်စတဲ့ သံဃာတော် များကို ပင့်ဖိတ်လှူဒါန်း ရေစက်ချတယ်။  နောက်ဆုံးနေ့က ‘ရှင်မယ် (မည်)ခံပွဲ’ ပေါ့။ ရှင်မယ်ခံနေ့ မနက် ပိုင်းမှာ တတ်နိုင်တဲ့ အလှူရှင်က ရဟန်းဝတ်ချင်သူတွေကို ဒုလ္လဘရ ဟန်းခံပေးတယ်။ တချို့အလှူက မိဘ ဆွေမျိုးသားချင်းတွေကိုလည်း ရဟန်းခံပေးတယ်။ ဦးချိုတူးကတော့ ‘ရဟန်းတစ်ခါ’ မဖြစ်ချင်လို့ ‘ရဟန်း ဒကာ ဖြစ်ချင်လို့ မစိုးရိမ်တိုက်သစ်က ရှင်ဇနကကို ရဟန်းခံ ခဲ့တာပါ။ ဒီကြာနီကန်ရွာ အလှူပွဲအပေါ် ရှုမြင်ကြည့်ရာ တောသဘာဝ အလှူကနေ ခေတ်အလိုက် ပြောင်းလဲရပေမယ့် နှမြောတွန့်တိုမှု၊ လိုချင် တပ်မက်မှုနဲ့ လောဘများကို အလှူကျင်းပပြီး လှူဒါန်းစွန့်ကြဲခြင်းဒါနတရားဖြင့် မိမိကိုယ်ကို အနိုင်ယူနိုင်ကြသူများ နှစ်စဉ်ပေါ်ထွန်းနေတာကို မုဒိတာ ပွားရမှာပါပဲ။

ကိုညိုလုံး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*