ရန်ကုန်စီဂျေ၏ စွန့်စားခန်းများ – ၁၃

ရန်ကုန်စီဂျေ၏ စွန့်စားခန်းများ – ၁၃
January 2, 2018 Asian Fame
ရန်ကုန်စီဂျေ၏ စွန့်စားခန်းများ – ၁၃

စီဂျေ သည် မိမိကိုယ်မိမိ၊ အတိုင်းမသိကျယ်ပြောသော ရောင် စုံပန်း လွင်ပြင်ကြီးထဲမှ မထင်မရှား အညတရ ဈေးကွက်မဝင်သော ပန်းရိုင်းပင်ကလေး တစ်ပင်အဖြစ် ရှုမြင် ခံစားလျက် ထိုဘဝကိုပင်လျှင် မြတ် နိုးစွာ နှစ်သိမ့်ကျေနပ်နေမိပေ၏။

သို့ရာတွင် စီဂျေဟူသော အရပ် သား အပျော်တမ်း သတင်းထောက် အလုပ်မှာ ”အသက်မွေးဝမ်းကျောင်း အလုပ်” မမည်ပေ။ သူ၏ဘိုးအေ ရှေးအဘိုးကြီး ပြောသလို ” ငွေကုန် သံပြာ” အလုပ် ဖြစ်၏။ သူ၏ ဖခင် ပြောသလို ”တောရေးတောင်ရေး၊ တောင်တင်မြောက်တင် ငွေမရွှင် ကြေးမရ ဘိုင်ကျစေမည့် အလုပ်” ဖြစ်၏။

”ဘိုးဘိုးတို့ ဖေဖေတို့ရာ… ဒီကနေ့ ကမ္ဘာကြီးက Facebook ကမ္ဘာကြီးပါ။ ဒီကနေ့ခေတ်က Social Media ခေတ်ကြီးပါ။ ဒီကနေ့ လူသား တွေဟာ Network လူသားတွေပါ။ ဘိုးဘိုးတို့ ဖေဖေတို့ထက် ကျွန်တော် တို့က လူဖြစ်ရကျိုး ပိုပိုပြီးနပ်နေပါပြီ” ဟု စီဂျေက ငါ့စကား နွားရ ကြွားလုံး ထုတ်မိသည်။

”ဟဲ့ကောင် လူ့ဗလာ၊ လေပို လေလျှံတွေသုံးပြီး အဂါရဝစကား မပြောနဲ့၊ ဖွတ်ဘုတ် တီထွင်တဲ့ မတ်ဇူ ကာဘတ် ဆိုတဲ့ ငနဲကလေးကတောင် ဖွတ်ဘုတ်ဟာ ကောင်းကျိုးထက် ဆိုး ကျိုးတွေ ပိုများနေပြီလို့ ဟိုတလော က ရင်ဖွင့်လိုက်ပါပကောလားကွ” ဟု ဘိုးအေကြီးက မြည်တွန်သလို၊ ဖခင် ကြီးကလည်း ” ဖေ့စ်ဘုတ်ခ် ရုတ် တရက် ပျောက်ကွယ်သွားရင် ရူးသွား ဂေါက်သွားမယ့် သတ္တဝါတွေ တစ်ပုံ ကြီး” ဟု အဆိုးမြင်ဖြင့် ဟောကိန်း ထုတ်သည်။

”သိပ္ပံနဲ့ နည်းပညာအရ… ထွက်ပေါ်လာတဲ့ တီထွင်မှု တစ်ခုမှာ ကောင်းကျိုးနဲ့ ဆိုးကျိုး ဒွန်တွဲနေတာ ကတော့ ဖြစ်မြဲဓမ္မတာပါပဲ ခင်ဗျာ။ ဒုတိယ ကမ္ဘာစစ်တုန်းက အမေရိကန် က ဂျပန်ကို အဏုမြူဗုံး ကြဲချလိုက် တော့ အိုင်စတိုင်းကတောင် အဏုမြူ ဗုံး ပြုလုပ်ရာမှာ သူက နှပ်ကြောင်း ပေးသလို ဖြစ်ခဲ့တဲ့အတွက် နောင်တ စကား ပြောဖူးခဲ့သေးတာပဲ။ အဓိက အရေးကြီးတာက တော့ နည်းပညာရဲ့ အသီးအပွင့်တွေကို ယောနိသော မနောသိကာရ အသင့်အတင့် နှလုံး သွင်းဆင်ခြင်ပြီး စားသုံးဖို့ပါခင်ဗျာ။ ဒါဟာ ၂၁ ရာစု နည်းပညာ အသီး အပွင့် စားသုံးသူတွေအတွက် အဆီ လျော်ဆုံး လမ်းညွှန်ဖြစ်ပါတယ်”

စီဂျေက…မိကျောင်းမင်း ရေခင်းပြ၊ ဘုန်းကြီးစာချ စကားပြော လိုက်ရာ လူကြီးနှစ်ယောက်မှာ ”ငါ တို့က အကြီး။ အကြီးကို အငယ်က ဆရာမလုပ်နဲ့” ဟူသော ”ကြီးကိုဖဲ့” ဝါဒစွဲဖြင့် စီဂျေကို မျက်မှောင်ကုပ်၊ နှာခေါင်းရှုံ့ကြလေ၏။

သို့မို့ကြောင့်…လူကြီး နှစ်ယောက်၏ တစ်ဖက်သတ် ထိုး စစ်တွေ မစတင်မီ စီဂျေလည်း အိမ် အပြင်သို့ မယောင်မလည် ထွက်လာ ခဲ့ရလေသည်။

”အင်း…လူကြီးဆိုတာက အခက်သား။ သူတို့ကို ဖော်လိုလိုက်မှ ကြိုက်တာ။ သူတို့ကို ဆန့်ကျင်ရင် ကိုယ့်ကို ရန်သူစာရင်း သွင်းကရော။ သူတို့မှာ (ယနေ့လူငယ်၊ နောင်ဝယ် လူကြီး) ဆိုတဲ့ အသိအမြော်အမြင်တွေ ဘယ်ရောက်ကုန်ကြပါလိမ့်… ဟူးဝူး”

စီဂျေသည် ကိုယ့်အတွေးနှင့် ကိုယ် သက်ပြင်းမှုတ်မိသည်။

ကျွန်ုပ်တို့၏စီဂျေသည် ”အိုင် တီ” ခေါ် သတင်းဆက်သွယ်ဖြန့်ဖြူး ရေး နည်းပညာကို ၂၁ ရာစု လူသား ၏ ရပိုင်ခွင့် လုပ်ပိုင်ခွင့် အထူး ဆုလာဘ် အဖြစ်မှတ်ယူ၏။ သို့သော် စိန်ရတနာလုံးကို ဂေါ်လီလို ပစ်က စားနေတတ်သူ။ ပလီစိ ချောက်ချက် ဖေတော့ မောင်တော့ စီဂျေအတုများ ကြောင့် စိတ်စေတနာကောင်း ရှိသူ စီဂျေအစစ်များ စိတ်မချမ်းမသာ ဖြစ်ရခြင်းကိုတော့ မကြိုက်။ မကြိုက် ပေမယ့် ကိုယ်ကလည်း ဘာမှမတတ် နိုင်။ ကိုယ်တွေ၏ အဓိပတိ ဦးသျှောင် ဆရာကြီး ”မတ်ဇူကာဘတ်” ကတော့ Fb မှာ အဆိုးအဖျက်တွေ ပေါ်မလာရ အောင် တားဆီးပိတ်ပင်သည်။ နည်း လမ်း အသစ်ရှာဦးမည်ဟု တစ်လော က ပြောခဲ့သည်။ ဇူကာဘတ်၏ စိတ် ကူးအောင်မြင်သွားလျှင် အဆိုးမြင် ဝါဒီတွေက သူတို့၏ ကျေးဇူးရှင်ကို ဓားကြိမ်းများကြိမ်းနေ လေမလား။

”ဟေ့…ဟေ့၊ အဲဒီ လမ်းထဲ မသွားနဲ့၊ လမ်းထဲမှာ ငမူးတစ်ကောင် ဓားရှည်ကိုင်ပြီး ဓားကြိမ်းကြိမ်းနေ သကွယ့်…”

တစ်ခုခု ဖြစ်ပွားနေသဖြင့် လူ ကြီးလူငယ်တချို့ ရုတ်ရုတ်သဲသဲ ပြေး လွှားနေရာ လမ်းတစ်လမ်းထိပ်တွင် ပိန်ညှောင်ညှောင် စုတ်ဖွားဖွား အဘိုး ကြီးတစ်ယောက်က စီဂျေကို ဆီးတား သည်။

”ကျွန်တော် ရဲကို ခေါ်လိုက်ရ မလား။ ဝမ်းနိုင်းနိုင်းကို ကျွန်တော် ဖုန်းဆက်လိုက်မယ်လေ…” ဟု စီဂျေက ပြောသော်….

”ရဲကို မခေါ်ပါနဲ့ကွယ်…။ ရဲ ဖမ်းသွားရင် ဒီကောင် ထောင်ကျသွား မှာကွယ့်၊ ထောင်ကျရင် ငါ ထမင်း ငတ်မှာ…”

”ဘာ… ဘယ်လို၊ ဘယ်လိုပါ လိမ့် ဘကြီးရယ်…”

” အဘတို့က ဖအေတစ်ခု သား တစ်ခုပါကွယ်..။ သူရှာကျွေးလို့ အဘ ထမင်းစားနေရတာပါ…ရဲကို တော့ မတိုင်လိုက်ပါနဲ့။ အဘ တောင်း ပန်ပါရစေ…”

စီဂျေသည် စုတ်ပြတ် ဆင်းရဲ ရ သည့်အထဲ အူကြောင်ကြောင် လုပ် နေသော အဘကို ကြည့်ကာ စိတ်ရှုပ် သွား၏။ အရေးထဲ အဘက သူ့လက် တစ်ဖက်ကို ဆွဲထားသဖြင့် အာရုံ နောက်ရသေးသည်။

” ဘာလဲ အဘ…”

” ဒီအကောင် မူးနေလို့ အဘ ထမင်းငတ်နေပါတယ် သားရယ်။ အဘကို ထမင်းဖိုးကလေး တစ်ကျပ် တစ်ပြား ကူညီပါနော်”

”အိုး… ဈေးဦးပေါက်ပြီဟေ့” ဟု ယောင်ရမ်းမြည်ဟရင်း၊ သဒ္ဓါ ကြည်လင် ပါရမီရှင်ဖြစ်သည့် စီဂျေ သည် အဘိုးကြီးလက်ထဲသို့ ငါး ထောင်ကျပ်တန် တစ်ရွက် စွန့်ကြဲ လိုက်လေသည်။

ထို့နောက်…စီဂျေသည် ဓား ကိုင်ရမ်းကားနေသူ ရှိရာ လမ်းထဲ သို့ ဝင်ခဲ့၏။ မူးယစ်ရမ်းကားမှန်း သေချာ လျှင် သူကဓာတ်ပုံရိုက်ပြီး ”နက်” မှတစ်ဆင့် ရဲကို သတင်းပေးလိုက်မည်။ ဒါဟာလည်း တာဝန်သိ ဂျာနယ်လစ် တစ်ဦးရဲ့ လုပ်သင့်လုပ်ထိုက်သော ပြည်သူ့အကျိုးပြု လုပ်ငန်းပေပဲ…။

”ဟေ့…ထောင်ထွက်ကြီး ဘသီးရဲ့သား၊ ထောင်ထွက်ကလေး ဖိုးခွေးတဲ့ကွ။ သတ္တိရှိလို့ ကျူးမှာ နေတာ။ ငါတို့တဲကို လာဖျက်ရဲတဲ့ ကောင် ဖျက်ကြည့်။ ဖိုးခွေးရဲ့ ဓားစာ မိသွားစေရမယ်..”

အသက် ၂ဝ လောက် ပေတူး တူး လူငယ်တစ်ယောက်က ဓားရှည် ကို ဝှေ့ယမ်းရင်း အော်ဟစ်နေချေ၏။

ထောင်ထွက်ကလေး ဖိုးခွေးဆို သူ ဓားကိုင်ထားတာကတော့ မှန် သည်။ သို့သော် သူကိုင်ထားသည်က ဇာတ်ပွဲထဲမှာ သုံးသော ”ဇာတ်ဓား” သစ်သားဓားကြီး။

စီဂျေသည် ”ဝူး” ခနဲ သက်ပြင်း မှုတ်မိပြန်ကာ ငမူးကလေးကို ဝိုင်း အုံကြည့်ရှု နေကြသော လူအုပ်ကြားမှ တိုးဖြတ်၍ လမ်းထိပ်သို့ ပြန်ထွက် လာခဲ့သည်။

လမ်းထိပ်သို့ အရောက်မှာ အရက်ဖြူဆိုင်ထဲမှ ပုလင်းကိုင် အော် ဟစ်ရင်း ထွက်လာသူကို မြင်လိုက်ရ သော်…။ စီဂျေက အသက်ရှူမှား သွားတော့၏။ စောစောက ထမင်းဖိုး တောင်း၍ ငွေငါးထောင် ပေးလိုက်ရ သော အဘိုးကြီး။

”ဟေ့… ငါ့သားလှရွှေသွေး မောင်ဖိုးခွေးကို ထိရဲတဲ့ကောင်ထိ ကြည့်။ မော်စကို ငါးခေါက်ပြန် မိုး သီးနဲ့ တွေ့သွားမယ်။ ဓားမိုးသီးတဲ့ကွ။ နာမည်ကျော် သီးလေးသီး လောက် တော့ ပျင်းတောင်ပျင်းသေး…”

စီဂျေသည် နိုင်ငံခြား ရုပ်ရှင် ဇာတ်ကားထဲကလို လမ်းဘေးတွင် ထိုင်ကာ တံတွေး သလိပ်များကို အန်ချနေရရှာလေ၏။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*