ရန်ကုန်စီဂျေ၏စွန့်စားခန်းများ-၁၂

ရန်ကုန်စီဂျေ၏စွန့်စားခန်းများ-၁၂
December 27, 2017 AsianFame MediaGroup
ရန်ကုန်စီဂျေ၏စွန့်စားခန်းများ-၁၂

နိုင်ငံ နဲ့ လူထုကို အကျိုးပြုတဲ့ ဂျာနယ်လစ် လူတော်လူကောင်း တစ်ယောက် ဖြစ်ချင်ရင်တော့… ငါ့တပည့် မင်းဟာ…Yellow Journalism ကိုရှောင်ရမယ်။ နောက်ပြီး ဗုဒ္ဓဘာသာဝင် မပီသတဲ့၊ ငရဲကျဖို့ တွန်းပို့တဲ့၊ မိမိကိုယ်တိုင် လည်း ငရဲကျမယ့် Tabloid Journalism ကိုလည်း ရှောင်ရလိမ့် မယ်” ဟုမိမိ၏ ဆရာဟောင်းတစ်ဦး က လမ်းကြုံ၍ ဆုံးမလာသောအခါ လွတ်လပ်သော အပျော်တမ်းသတင်း ထောက်ကလေး တစ်ဦး၏ ဘဝကို မြတ်နိုးနေရှာသည့် ကျွန်ုပ်တို့၏ ”စီဂျေ” သည် မသိမသာ စိတ်လေ သွားမိလေသည်။ ငယ်ဆရာကို နှုတ် လှံမထိုးခဲ့ဖူးသော်လည်း ယခုအခါ မှာ တော့ အကျိုးသင့်အကြောင်းသင့် စောဒက တက်ရတော့မည်ဟု စီဂျေ က ဆုံးဖြတ်သည်။

”ဟုတ်ကဲ့ပါဆရာ။ သို့သော် လည်း ယဲလိုးတို့၊ တက်ဘလွိုက်တို့ဆို တာ လူသားသည်းခြေကြိုက် သတင်း တွေပါ။ လူသားတွေရဲ့ သတင်းဆာ လောင်မှုတွေထဲမှာ အဲဒီ့ သီတင်း အမျိုးအစားတွေက ထိပ်တန်းက ပါဝင်နေကြပါတယ်။ အဲဒီ့ သတင်းမျိုး တွေကို ကျွန်တော်တို့ က မပေးနိုင်ရင် ဂျာနယ်လစ် တာဝန်မကျေရာကျ ပါလိမ့်မယ်။ ဟိုတစ်နေ့ကဆို… ၁၂ နှစ်သမီးကလေး ဟိုဒင်းဟိုဟာ ဖြစ်တဲ့သတင်းဟာ.. .”

”တော်ကွာ။ မင်းပါးစပ် ပိတ် တော့။ မင်း…အလကားကောင်” ဆရာဟောင်းသည် တပည့်ဟောင်းကို ပစ်ပစ်ခါခါ ရှုတ်ချကာ ကျောခိုင်း ထွက်သွားလေပြီ။ စီဂျေကား… စိတ်မပျက် စိတ်မဆိုးပါ။

ယခုလို ပွင့်လင်းရာသီအစမှာ တရစပ် ပေါ်ပေါက်လာတတ်သော ထူးမခြားနား ”မီး” သတင်းတွေကို လည်း စီဂျေသတိထားမိသည်။ လျှပ်စစ်အသုံးများလာသော ခေတ် မှာ အများဆုံး ဖြစ်သွားတတ်သည်က ” လျှပ်စစ်ရှော့ခ်” က ဖန်တီးသည့် မီး။ ခေတ်ကာလက ဖောက်ပြန်နေ သည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီတွေက ”ကမ္ဘာကြီး ပူနွေးမှု” Global Warming ဟူသည်ကို သတိ ပေးခဲ့ကြသည်က ကြာချေပြီ။ ရိုးရိုး တွေးကြည့်လျှင်…မိုးကုန်လို့ ဆောင်းဝင်လာတော့လည်း ဆောင်း က ဆောင်းပီပီသသ မအေးတော့။ နှင်းဆိုတာလည်း အစရှာမရတော့ ချေ။ ထို့ကြောင့်…စီဂျေက ဖေ့စ် ဘုတ်ခ်မှာ ”ဆောင်းရာသီ ရောက်လာ ပြီ… မီးသတိပြုကြပါ” ဟု ရေးသား နှိုးဆော်လိုက်သည်။ ပတ်ဝန်းကျင် လေ့လာမှု အားနည်းသော ခပ်ကြောင် ကြောင်ငတိတွေက ”နွေရာသီ ရောက်လာပြီ၊ မီးသတိထားလို့ ရေးရ မှာကို ဒီငတိက ဘာကြောင်တာလဲ”ဟု ”မန့်” ကြလေသည်။ တချို့ကတော့ စီဂျေ၏အာဘော်ကို သဘောပေါက် ပြီး ”ဟုတ်ပ။ နှင်းပျောက်တဲ့နွေ မဟုတ်ဘူး။ ဆောင်းပျောက်တဲ့နွေ ဖြစ်နေပြီ။ အနွေးထည်ရောင်း တဲ့သူတွေ မှိုင်ကုန်ပြီ…” ဟု ထောက်ခံကြသည်။

”သြော်…မီး…မီး…မီး” ဟု စီဂျေက မီးသတင်းတွေကို လေ့လာရာက အသံထွက်၍ မြည် တမ်းလိုက်သည်။

”ဘာမီးတုံးကွ” ဟု အနီးရှိ ရှေးရိုး အဘိုးကြီး ဖြစ်သည့် စီဂျေ၏ ဘိုးအေကြီးက အလန့်တကြားမေး သည်။

” ပေါ့ဆမီး လောင်တဲ့ သတင်း တွေထဲက မီးပါ ဘိုးဘိုး”

”ပေါ့ဆမီးက…ဒီလောက် အရေးမပါ လှပါဘူးလေကွာ” ဟု အဘိုး ကြီးက သူ့ဝသီအတိုင်း ဂွ(ခွ) စကား ပြောသောအခါ စီဂျေသည် အမှန်တရားကို မြတ်နိုးသော ဂျာ နယ်လစ်ပီပီ…

”အရေးပါတာပေါ့ ဘိုးဘိုးရဲ့။ ဟိုတစ်လကျော်ကျော်က လောင်ခဲ့တဲ့ ကန်တော်ကြီး ဟိုတယ်မီးဟာ ကုဋေနဲ့ ချီပြီး ဆုံးရှုံးခဲ့တာပဲ။ လူ့အသက် တစ်ချောင်းလည်း ဆုံးရှုံးခဲ့ရသေး တာ။ ဒါကို အရေးမပါဘူးလို့ မပြော နိုင်ဘူးထင်ပါတယ် ခင်ဗျ …”

” အဲဒါ ဘာမှမဆန်းဘူး။ အရေး လည်း မပါဘူး…”
လူ့ကတ်ဖဲ့ အဘိုးကြီးကလည်း အလျှော့မပေးဘဲ ငါ့စကား နွားရ ဇွတ်ငြင်းနေတော့ရာ စီဂျေ ကျွဲမြီးတို လာသည်။

” ဒါဖြင့်… ဘယ်မီးက အရေးပါလို့တုံး ဘိုးဘိုး”

”လောကမှာ ကိလေသာမီးက အဆိုးဆုံး။ မှတ်ထား ငါ့မြေး။ ကိလေ သာမီးက အပူလောင်ဆုံး။ လောက လူ့ရွာကို ပျက်စီးစေမယ့် မီးဟာ ကိလေသာမီးပဲ။ ဟောဒီ့ သတင်းကို ဖတ်ကြည့်စမ်း။ ဒီမီးလောက်ဆိုးတာ ရှိဦးမလား”
အဘိုးကြီးက ဂျာနယ်တစ်စောင် ထဲမှ မကြားဝံ့ မနာသာ၊ မတော် တရော် သတင်းတစ်ပုဒ်ကို လက်ညှိုး ထောက်၍ ပြသသည်။ အို… ဟုတ်ပ။ သက်ငယ်မုဒိမ်းမှု သတင်း ..။ ကျူးလွန်သူက သက်ကြားအို ငမိုက်သားကြီး။

”ဒီမီးက ရာဇဝတ်မှုပါ ဘိုးဘိုး ရာ။ အများပြည်သူရဲ့ အိုးအိမ် ဥစ္စာဓနတွေကို မထိခိုက်ပါဘူး။

”ဟေ့ကောင်။ ဒီမီးမျိုးက လောကမှာ အဆိုးဆုံးကွ..”

အဘိုးကြီးက ”ကျား၊ ကျားမီး ယပ်” ဆိုသကဲ့သို့။ တုံးပေကတ်သတ် ဇွတ်ငြင်းနေသဖြင့် စီဂျေခမျာ အာရုံ နောက်သွားရှာသည်။ ကိုယ့်ဘိုးအေ အရင်းခေါက်ခေါက်ကို မဟုတ်မခံ ဇွတ်ပြန် ငြင်းနေလျှင် ”အဂါရဝ” အရိုအသေ မဲ့သလို ဖြစ်ပြီး ငရဲကျီး မည်။ ထို့ကြောင့် အဘိုးအိုကြီး အနီးမှ လစ်ထွက်လာခဲ့သည်။

”ဘိုးဘိုးကတော့ အာရုံပဲဗျာ၊ အာရုံပဲ…”

စီဂျေက ‘အာရုံနောက်သည်’ ဟူသော ဘန်းစကားကို အတိုကောက် သုံး အော်ဟစ်လိုက်ရာ အဘိုးကြီးက အဝေးကနေ အားကျမခံ ပြန်အော် လေသည်။

”အာရုံဖြစ်တော့ ဘာဆန်း သတုံး။ လူဆိုတာ အာရုံ ၆ ပါးနဲ့ အသက်ရှင်နေတာ လကွ။ အာရုံမရှိ ရင် သေသွားမှာပေါ့လဟ”

စီဂျေသည် အဘိုးကြီး၏ အသံ ကို မကြားယောင်ပြုကာ သူထိုင် နေကျ လက်ဖက်ရည်ဆိုင်ထဲသို့ ဝင် လာခဲ့၏။ ဆိုင်ထဲရှိ မိတ်ဆွေများ၏ ဝိုင်းမှာ ဝင်ထိုင်လိုက်သည်။ သတင်း ထူး သတင်းဆန်းလေးများ ကြားရလို ကြားရငြား နားစွင့်ကြည့်သည်။

” ရက်စက်လိုက်တဲ့ မီးကွာ . ..။ ညှာတာမှုကင်းမဲ့တဲ့ မီး။ သြော်…ကိုယ့်ကို အသည်းခွဲတဲ့ မီးမီး ပါလားကွယ်…”

အနီးရှိ ဝိုင်းမှ စီဂျေနှင့် မျက် မှန်းတန်းနေသော အသိတစ်ယောက် က တမီးမီးနှင့် ညည်းညူနေသည်။

” ကိုယ့်ဆရာအိမ် မီးလောင်လို့ လားဗျ” ဟုစီဂျေက လှမ်းမေးလိုက် ရာ။ အမေးခံရသူက ဝုန်းခနဲ ထကာ စီဂျေထံသို့ လျှောက်လာသည်။

” သယ်ရင်း… နိမိတ်မရှိတဲ့ စကားတွေ မပြောပါနဲ့လားကွာ။ ကိုယ့်မှာ ပိုင်တာဆိုလို့ ကိုယ်တို့ မိသားစုနေတဲ့ အိမ်စုတ်ကလေး တစ် လုံးပဲရှိတာ။ အဲဒီ အိမ်ကလေး မီး လောင်သွားရင် ဘုံလည်းပျောက် မယ်။ အချုပ်ထဲလည်းရောက်မယ် …။ ကိုယ်ပြောတဲ့ မီးက”
သူက စကား မဆက်သေးဘဲ စီဂျေ၏ ညာဘက်နားအနီးသို့ ငုံ့ လိုက်ပြီး…

”ကိုယ်ပြောတဲ့မီးက… ကိုး မီးကွ။ ကြိတ်ဝိုင်းမှာ ကိုးမီးရှုံးလို့ ညစ် နေတဲ့အကြောင်း ပြောနေတာ။ ဒီ အကြောင်းကိုတော့ ဖွဘုတ်ပေါ် တင် ပြီး မဖွလိုက်ပါနဲ့ သယ်ရင်းရယ်” ဟု တိုးတိုး ပြောလေ၏။

ထိုအခိုက်မှာပင် လက်ဖက် ရည်ဆိုင်ရှေ့ လမ်းပေါ်မှ လည် ချောင်းကွဲ အသံကြီးဖြင့် အော်လိုက် သံ ပေါ်ထွက်လာသည်။

”မီးဘေးရှောင်၊ မလောင်ခင် ရှို့ ကြပါစို့ …”

အော်ဟစ်နေသူကား… သွက်သွက်လည်အောင် ရူးနေရှာသူ စိတ်ရောဂါရှင် ယောက်ျားကြီးတစ်ဦး။ သူ့လက်ချောင်းတွေ ကြားမှာတော့ မီးတရဲရဲနှင့် သတင်းစာစက္ကူ ပတ် ဧရာမ ဆေးပေါ့လိပ်ကြီး။

”အဲဒါကမှ… မီးအန္တရာယ် အစစ်ကွ..။ အချိန်မီ တားကြဆီးကြ စို့” ဟု စီဂျေက နှိုးဆော် အချက်ပေး ကာ ဆိုင်ထဲမှ ထွက်ပြေးလာခဲ့သည်။ မိတ်ဆွေတွေကလည်း သူ့နောက်မှ ပြေးလိုက်လာကြသည်။

”ငါ့မှာ သတင်းဖမ်းမယ့် သတင်း မုဆိုး မဖြစ်ရဘဲ အရူးဖမ်းမယ့် အရူး မုဆိုး ဖြစ်နေရပါပကော” ဟု စီဂျေ သည် ပြေးရင်းလွှားရင်း မြည်တမ်းနေ မိလေသည် တကား။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*