Christmas Meeting

Christmas Meeting
December 26, 2017 AsianFame MediaGroup
Christmas Meeting

ခရစ္စမတ်ညများစွာကို ဖြတ် သန်းခဲ့ဖူးသည့်တိုင်အောင် ဒီညမှာလိုတစ်ယောက်တည်း မဟုတ်ခဲ့တာကိုကပဲ ကျွန်မကို မရေမရာခံစားမှုတွေပေးနေတော့တယ်။ အခန်းထဲမှာ တစ်ယောက်တည်းထိုင် နေရင်း ခေါင်းထဲမှာတစ္ဆေသူရဲကောင် တွေဝင်ပူးနေသလို အတိတ်က အသံ ဗလံတွေဆူညံနေတယ်။ ရေထဲမှာ ငုပ်နေတဲ့အခါ အသံတွေကို ဗလုံးဗထွေးကြားရသလိုမျိုးပေါ့ရှင်။ အရင် က ဖြတ်သန်းခဲ့ဖူးတဲ့ ခရစ္စမတ်ညတွေ ကို အရောရောအထွေးထွေး ပြန်မြင် ပြန်ကြားနေမိတာကိုကပဲ လူကိုရူး မတတ်ဖြစ်စေတယ်လေ။

ကလေးဘဝတုန်းကတော့ ခရစ္စမတ်ညတွေကျရင် အိမ်မှာ မောင်နှမသားချင်းတွေ စုံစုံညီညီနဲ့ မုန့်တွေစားကြ၊ သီချင်းတွေဆိုကြ၊ ခရစ္စမတ်သစ်ပင်ကလေးက လက်ဆောင်တွေကိုယူကြနဲ့ ပျော်စရာကောင်းလိုက်ပါဘိ တော့။ အပျိုပေါက်အရွယ်ရောက်လာ တော့လည်း ခရစ္စမတ်ညကျရင် ဖေ ဖေမေမေတို့နဲ့အတူတူ ရပ်ဝေး မြေ ခြားရောက်နေတဲ့ ဆွေမျိုးတွေဆီက စာတွေကိုဖတ်လိုက်၊ သတိရလိုက်၊ ပျော်လိုက်၊ သီချင်းတွေဆိုလိုက်နဲ့ပါပဲ။ ချစ်သူနဲ့ဖြတ်သန်းရတဲ့ခရစ္စမတ်ည တွေမှာတော့ ဝိုင်ရယ်၊ အနမ်းတွေ ရယ်နဲ့အတူ အမှောင်ထုထဲကို တူတူ လမ်းလျှောက်ခဲ့ကြသေးသပေါ့။ ကောင်းကင်ကြီးမှာ ကြယ်တွေစုံလို့၊ မြက်ခင်းတွေကစိမ်းလို့၊ ကျွန်မကိုယ် တိုင်ကတော့ ရီဝေဝေယစ်မူးလို့။

ခုညမှာတော့ ကျွန်မတစ် ယောက်တည်း။ ဒါပေမဲ့ အထီးကျန် ဖြစ်နေတာ ကျွန်မတစ်ယောက်တည်း လို့တော့ မဆိုနိုင်ပါဘူး။ ခရစ္စမတ် ညတွေမှာ ကျွန်မလိုပဲ တစ်ကိုယ်တော် ဖြစ်နေသူတွေ သန်းနဲ့ချီပြီးရှိနေကြမှာ ပါ။ ဒီတော့ခုလည်း သူတို့နဲ့ ကျွန်မ အတူတူပဲပေါ့။ တစ်လောကလုံးမှာ ကျွန်မတစ်ယောက်တည်း ဖြစ်နေတာ မှမဟုတ်တာ။ အထီးကျန်အဖော် တွေအများကြီးရှိတယ်ဆိုတဲ့စိတ်ကြာင့် သိပ်အထီးကျန်မဆန်တော့ သလိုခံစားရပါတယ်။ ဒါကြောင့်ပဲ မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး အတိတ်နဲ့ အနာဂတ်ကို မတွေးတော့ ဘဲ ပစ္စုပ္ပန်မှာပဲတည့်တည့်နေဖြစ် အောင်ကြိုးစားနေရတော့တယ်။ အဲဒီ လိုနေလိုက်တာဟာ ကိုယ့်အတွက် အသက်သာဆုံးဆိုတာကိုတော့ ဘယ် သူမှငြင်းနိုင်မှာ မဟုတ်ဘူး။

ဘယ်လိုပဲဖြစ်ဖြစ်လေ ကျွန်မအခန်းထဲကို လူငယ်တစ်ယောက် ရောက်လာတာကြောင့် ကျွန်မရဲ့အထီး ကျန်ခံစားမှုပျောက်သွားရတာက တော့သေချာတယ်။ ဘာဘာညာညာ မဟုတ်ပါဘူး။ ကျွန်မလို အသက်ငါးဆယ်နားနီးနေပြီဖြစ်တဲ့ အပျိုကြီးတစ်ယောက်အတွက် ဒါဟာ ဘယ်လိုမှရင်ခုန်စရာမဟုတ်ပါဘူး။ အခန်းထဲကို ဝင်လာတဲ့ကောင်လေး ကတော့ ပုံပန်းမကျတဲ့ အဝတ်အစား ဘိုသီဘတ်သီနဲ့ အသက်နှစ်ဆယ် သာသာလောက်ပဲရှိမယ်ထင်ရတယ်။ တံခါးမခေါက်ဘာမခေါက်နဲ့ အခန်းထဲ ကိုရောက်လာတော့ မူးနေတာများ လားလို့လည်း တွေးလိုက်မိသေးတယ်။ ဒါပေမဲ့ ကောင်လေးကို ကြည့်ရတာ မူးနေတဲ့ပုံတော့မပေါက်ဘူး။ တစ်ခုခု ကို လန့်နေသလိုတော့ ထင်ရတယ်။

”ဆောရီးပါဗျာ။ ကျွန်တော့်အခန်းထင်ပြီးဝင်လိုက်မိတာပါ”လို့ ပြောပြီး အခန်းထဲကပြန်ထွက်မလိုလုပ်ရင်းက ”ခင်ဗျားတစ်ယောက် တည်းလား”လို့ ဆက်မေးနေတာကြောင့် ”ဟုတ်တယ်လေ။ ထူးဆန်းနေလို့ လား”လို့ ပြန်ပြောလိုက်တယ်။

”ဆန်းတယ်တော့မဟုတ်ဘူးဗျ။ အဖြစ်ချင်းတူနေတာကတော့ ဟုတ် တယ်။ ကျွန်တော်ဒီမှာထိုင်ပြီး စကားလေးဘာလေးပြောလို့ရမလား” လို့ သူကထပ်ပြောပြန်တယ်။

”အင်း…မင်းကိုကြိုဆိုပါတယ်” လို့ ပြန်ပြောပြီး ထိုင်ခုံတစ်လုံးကို လက်နဲ့ညွှန်ပြလိုက်တော့ သူလည်း ဗြုန်းဆိုထိုင်ချလိုက်တော့တာပါပဲ။

”တကယ်ကို ကျွန်တော့်အခန်း ထင်ပြီး ဝင်လာမိတာပါဗျာ။ တခြား ဘယ်လိုအကြံအစည်မှ မရှိပါဘူး” လို့သူက ထပ်ရှင်းပြနေပြန်တယ်။

”မင်းခုလို အခန်းမှားပြီး ဝင်မိ တာပဲ ကောင်းသေးတော့ကွယ်။ စကားပြောဖော်ရတာပေါ့။ ဒါပေမဲ့ မင်းလို ငယ်ငယ်ရွယ်ရွယ်တစ်ယောက် ခရစ္စမတ်ညမှာ တစ်ယောက်တည်း ဖြစ်နေတာကတော့ ထူးနေသလိုပဲ”

”ကျွန်တော့်ဇာတိမြို့ကို ပြန်ချင်ပေမယ့် ဒီမှာလုပ်စရာလေးတွေရှိလေ တော့မပြန်နိုင်သေးဘူးဖြစ်နေတာ။ ကျွန်တော်က စာရေးဆရာ တစ် ယောက်ပါ”

”သြော်…မင်းတို့အလုပ် ကလည်းဒီလိုရှိသေးတာပဲလား”

”အဓိကကတော့ဗျာ ကျွန်တော့် အိမ်က ခုလိုစာရေးနေတာကို မကြိုက်တာကြောင့်ပါပဲ။ သူတို့ ကျွန်တော့်ကို အင်ဂျင်နီယာလိုမျိုး၊ ဆရာဝန်လိုမျိုး ဒါမှမဟုတ် အရာရှိ ကြီးတစ်ယောက်ယောက်ပေါ့လေ အဲဒီ လိုဖြစ်စေချင်တာကို ကျွန်တော်က ကိုယ်ဝါသနာပါရာပဲဇွတ်လုပ်နေတာ”

”အေးလေ… ကိုယ်ဝါသနာပါရာကို လုပ်နေတော့လည်းတစ်မျိုး ကောင်းတာပါပဲ။ ဒါနဲ့ ဘာတွေများ ရေးသလဲကွ”

”ကဗျာနဲ့ နေ့စဉ်မှတ်တမ်းကို တွဲထားတာမျိုးရေးပြီး စာအုပ်ထုတ်ဖူး တယ်။ စာအုပ်နာမည်က ‘ကျွန်တော် နှင့်ကျွန်တော့်ကဗျာ’ ဆိုတာပေါ့။ ကျွန် တော့်ကလောင်နာမည်က ”ရိန္ဒြာ” တဲ့။ ကျွန်တော့်မိသားစုကတော့ ကျွန်တော်စာတွေ၊ ကဗျာတွေရေးနေ တာကို အသိအမှတ်ကိုမပြုပါဘူး။ ကောင်းတယ်လို့လည်းမထင်ဘူး။ ကျွန်တော့်ကိုလည်းငယ်သေးတယ် လို့ပဲထင်နေကြတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်ကတော့ငယ်တယ် လို့လည်းမထင်မိဘူး။ ကိုယ်ဝါသနာ ပါရာကို ရိုးရိုးသားသားလုပ်နေရတာ ကိုလည်း ဂုဏ်ယူတယ်။ တစ်ခါတလေဘဝမှာ လုပ်စရာတွေအများကြီး လုပ်ခဲ့ဖူးတဲ့ လူကြီးတစ်ယောက်လို့ တောင် ကိုယ့်ကိုယ်ကိုယ်ထင်မိသေး တော့”

”အနုပညာဖန်တီးမှုယန္တရား ကြီးကို တစ်ပတ်ပြီးတစ်ပတ်လှည့်နေတယ်ဆိုပါတော့”

”ဟုတ်ပဗျာ။ ဟုတ်ပ… အစ်မကြီးပြောတာ ကွက်တိပါပဲ။ ကျွန်တော့်စာအုပ်ကို ဖတ်ဖြစ်အောင်ဖတ်စေချင်တယ်။ ဖတ်ကြည့်စမ်းပါ။ ဖတ်ကြည့်လိုက်စမ်းပါ”

သူ့ပုံစံ မူမမှန်တော့ဘဲ အသံက အတော်ကျယ်လာပြီး သူ့မျက်လုံး တွေထဲမှာလည်း ကြောက်ရိပ်တွေ ထင်လာတာကို ကျွန်မသတိထားမိလိုက်တယ်။ ဒါကြောင့်ပဲ …”ကဲပါကွာ…ဒို့ရဲ့ခရစ္စမတ် ကိုလေးလေးနက်နက်ကျင်းပလိုက် ရအောင်။ နေဦး၊ ငါမင်းအတွက် ကော်ဖီသွားဖျော်လိုက်ဦးမယ်။ ကိတ် မုန့်ကောင်းကောင်းလည်း ငါ့မှာရှိ တယ်၊ ခဏစောင့်”လို့ပြောပြီး ကော် ဖီဖျော်ဖို့ နောက်ဖေးဘက်ဝင်လိုက် ပါတယ်။
ကျွန်မကော်ဖီနဲ့မုန့်တွေယူပြီး အိမ်ရှေ့ခန်းပြန်ရောက်တော့ သူမရှိ တော့ပါဘူး။ စိတ်ထဲမှာလည်းစနိုးစ နောင့်ဖြစ်သွားမိတယ်။ ဘယ်လို ကောင်လေးပါလိမ့်လို့လည်း စိတ်ထဲ မှာ ထင်မိလိုက်တယ်။

ဒီတော့ကာကိုယ့်ကော်ဖီကိုကိုယ်ဘာသာကိုယ်ပဲပြန်သောက်ရတော့မှာပေါ့စာအုပ်လေးတစ်အုပ်လောက်ဖတ်ပြီးကော်ဖီသောက်ရင်ပိုကောင်းမယ်လို့တွေးမိတာကြောင့်စာအုပ်တွေအများကြီးရှိတဲ့စာအုပ်စင်တွေဘက်ကိုလှည့်လိုက်တယ်။ ကျွန်မ အခန်းပိုင်ရှင်ရဲ့ စာအုပ်တွေပါ။ သူကလည်း”ဒီစာအုပ်တွေရှိနေလို့ ရှင့်အတွက် ဘယ်လိုမှ စိတ်အနှောင့် အယှက်မဖြစ်လောက်ဘူးလို့ ထင်ပါ တယ်။ သွားလေသူ ကျွန်မခင်ပွန်း အင်မတန်မှကို အမြတ်တနိုးထားတဲ့ စာအုပ်တွေဆိုတော့ မပစ်ရက်ဘူးရှင်။ တခြားထားစရာနေရာလည်း မရှိပြန် တာကြောင့် ဒီမှာပဲထားပါရစေ။ ဒီအတွက်လည်း အခန်းခကိုလျှော့ယူပါ့ မယ်”လို့ ဒီအခန်းကိုမငှားခင်ကတည်းက သေသေချာချာကို မှာသွားသေးတာ။ ကျွန်မကလည်း အဲဒီအတွက် ဘယ်လိုမှသဘောမ ထားကြောင်း၊ စာအုပ်စာပေဆိုတာ လူ့မိတ်ဆွေတွေဖြစ်ကြောင်း၊ သူ့ကို ပြန်ပြောခဲ့ပါသေးတယ်။

ဒီအခန်းကိုငှားပြီးနေတာ ဆယ် လလောက်ရှိနေပြီဖြစ်ပေမယ့် စာအုပ် တွေကို သေသေချာချာ မမွှေကြည့်ဖူး သေးဘူးလေ။ အခုမှ သေသေချာချာ ကြည့်မိတော့ ကျွန်မနဲ့သိပ်မရင်းနှီး တဲ့ စာအုပ်တွေဖြစ်နေတာတွေ့ရတယ်။ စာအုပ်အဟောင်းတွေများတယ်။ ကျမ်းစာအုပ်တွေရှိသလို၊ ကဗျာစာ အုပ်တွေ၊ ဝတထ္ထုစာအုပ်အထူကြီးတွေ လည်းအများကြီးပဲ။ များသောအား ဖြင့်ကတော့ ကျွန်မ မဖတ်ဖူးတာတွေ ချည့်ပါပဲ။ စာအုပ်တွေကို လျှောက် ကြည့်နေရင်းက ‘ကျွန်တော်နှင့် ကျွန် တော့်ကဗျာ’ဆိုတဲ့ စာအုပ်အပါးလေး တစ်အုပ်ကို အမှတ်မထင်သွားတွေ့ တော့ ထိတ်ခနဲတောင်ဖြစ်မိတယ်။ ခုနကကောင်လေးပြောသွားတဲ့ စာ အုပ်မဟုတ်လား။ စာအုပ်က အတော် ဟောင်းနေတာကြောင့် စာရေးသူ နာမည်ကိုကြည့်လိုက်တော့ ”ရိန္ဒြာ” တဲ့။ ဒါဆိုသေချာပါပြီ။ သူရေးတဲ့ စာအုပ်ဆိုတာပါပဲ။ ဒါပေမဲ့ စာအုပ် က သူ့ထက်တောင် အသက်ကြီးသလို ဖြစ်နေတာကြောင့် ပုံနှိပ်မှတ်တမ်းကို အမြန်လှန်လှောကြည့်မိလိုက်တယ်။

၁၉၅၆ ခုနှစ် ဖေဖော်ဝါရီလမှာ ပုံနှိပ်တဲ့စာအုပ်။ အလိုလေး ကျွန်မ တောင်မမွေးခင်ကပါလား။ သူရေးတာ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။ ဒီကာင်လေး ကျွန်မကို အတည်ပေါက် နဲ့ လာညာသွားပါပကောလို့ တွေးလိုက် မိပြီး စာအုပ်ကိုယူလာလိုက်တော့ တယ်။ အိမ်ရှေ့မှာကော်ဖီလေးသောက် ရင်း စာအုပ်ကို ဖတ်ကြည့်လိုက်တော့ သူပြောသွားသလိုပါပဲ။ ဘဝမှာကြုံခဲ့ ရတာတွေကို ကဗျာဆန်ဆန် အသုံး အနှုန်းတွေ၊ ဝါကျတည်ဆောက်ပုံ တွေနဲ့ နေ့စဉ်မှတ်တမ်းတစ်ခုရေးထား တာပါပဲ။ စာပိုဒ်တွေမှာန့စွဲတွေ တပ်ထားတယ်။ ကိုယ်ပိုင်ခံစားချက် တွေကိုလည်း ရေးထားတယ်။ မိဘတွေက စာတွေကဗျာတွေရေးတာ ကို မကြိုက်တာ၊ သဘောမတူတာတွေ လည်းပါတယ်။ ဒါနဲ့ စာဖတ်သူတွေရဲ့ ထုံးစံအတိုင်းပဲ နောက်ဆုံးဘာဖြစ် မယ်ဆိုတာ သိချင်တာကြောင့် နောက်ဆုံးစာမျက်နှာတွေကို လှန် ကြည့်လိုက်တယ်။

နေ့စွဲက ၁၉၅၅ ခရစ္စမတ်ည တဲ့။

”အထီးကျန် ခရစ္စမတ်ညမှာ အထူးခြားဆုံးကို ကြုံတွေ့ရတယ်။ အပြင်က လမ်းလျှောက်ပြီး ပြန်အလာ အခန်းထဲကိုဝင်လိုက်တော့ သက်လတ်ပိုင်းအရွယ် အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်ရတာ ကြောင့် အခန်းမှားဝင်မိပြီလို့ထင်လိုက်မိပေမယ့် မဟုတ်ဘူးဆိုတာ နောက်ပိုင်းကျမှ သိရပါတယ်။ အထီးကျန်နေတဲ့ ကျွန်တော်က သူနဲ့ကြည်နူးဖွယ်ရာစကားတွေ ပြောဖြစ်ရင်း ကျွန်တော့် မျက်စိအောက်မှာတင် သူဟာဖျတ်ခနဲ ပျောက်သွားတော့တယ်။ ဒါဆို လူမဟုတ်ဘူးပေါ့။ တစ္ဆေချောက်ပြီထင်တယ်။ ဒါပေမဲ့ သူရဲဖြစ်ဖြစ် တစ္ဆေဖြစ်ဖြစ် ကျွန်တော် သူ့ကို မကြောက်ပါဘူး။ သူ့ကိုနှစ်သက်စွဲလမ်းမိတာကြောင့်ပဲ။ ထပ်တောင်ဆုံချင်သေးတယ်။ စကားတွေ ထပ်ပြီးပြောချင်သေးတယ်ဗျာ။ သို့ သော် အခုကျွန်တော်နေလို့မကောင်း ဘူး။ ဘယ်လိုကြီးဖြစ်နေမှန်းကို မသိဘူး။ ရင်ထဲကလည်း မကောင်း ဘူး။ ဘာတစ်ခုမှ မကောင်းဘူး။ ဘယ်လိုမှ မကောင်းဘူး။ ဘယ်ဟာမှ မကောင်းဘူး။ ဘယ်သူမှ မကောင်း ဘူးထင်တယ်ဗျာ…။ ခရစ္စမတ် ညတွေမှာ ခုလိုတစ်ခါမှ မဖြစ်ခဲ့ဖူး ဘူး”လို့ ရေးထားတယ်။

အဲဒီစာပိုဒ်အဆုံးမှာတော့ ထုတ်ဝေသူရဲ့မှတ်ချက်ကိုတွေ့ရ တယ်။

”စာရေးဆရာ ရိန္ဒြာသည် ၁၉၅၅ ခုနှစ်၊ ခရစ္စမတ်ညတွင်ပင် နှလုံးရောဂါဖြင့် ရုတ်တရက်ကွယ် လွန်ခဲ့ပါသည်။ အထက်ပါစာပိုဒ်မှာ မကွယ်လွန်မီ နောက်ဆုံးရေးသား ခဲ့ခြင်းဖြစ်သည်။ ယင်းစာပိုဒ်ထဲ တွင်ပါရှိသည့် အမျိုးသမီးသည် သူမကွယ်လွန်မီ သူ့အား နောက်ဆုံးတွေ့ခဲ့သူဖြစ်ပေလိမ့်မည်။ ထိုအမျိုးသမီးအား ကျွန်ုပ်တို့ထပ်မံတွေ့ရလိမ့် ဦးမည်ဟု မျှော်လင့်ပါသော်လည်း ပေါ်မလာတော့ပါ။ ထိုအမျိုးသမီးမှာ ဆန်းကြယ်စွာပင် ပျောက်ဆုံးလျက်ရှိ ပါသည်”

ဟက်ကာ

မှတ်ချက် -Rosemary Timperley ရဲ့Christmas Meeting ဝတ္ထုတိုကို ဆီလျော်အောင် ဘာသာပြန်ပါ တယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*