ကျောင်းပျော်ကြီးကျွန်တော် (၁၂)

ကျောင်းပျော်ကြီးကျွန်တော် (၁၂)
December 20, 2017 AsianFame MediaGroup
ကျောင်းပျော်ကြီးကျွန်တော် (၁၂)

ရန်ကုန်တက္ကသိုလ် (ပင်မ)
ကျွန်တော် ရန်ကုန်တက္ကသိုလ် (ပင်မ)မှာ တက်နေပါပြီ။ ဥပစာဝိဇ္ဇာ (ခ)တန်းမှာ ဘာသာတွဲမပြောင်းရ ပါ။ မနှစ်ကဘာသာတွဲအတိုင်း ‘ဂျီဂျီ’ (စိတ်ကြိုက်မြန်မာစာ၊ အနောက်တိုင်း ရာဇဝင်၊ တက္ကဗေဒ) ဘာသာတွဲကို ပင် ဆက်ယူရသည်။

ပင်ရင်းမြန်မာစာနှင့် အင်္ဂလိပ် စာက မယူမနေရ ဘာသာရပ်များဖြစ် သည်။ ပင်ရင်းမြန်မာစာကို သင်သော ဆရာမှာ ဆရာဦးမြိုင်သန်းဖြစ်သည်။ ထိုစဉ်က ဆရာသည် လက်ထောက် ကထိကဖြစ်သည်။ အသက် ၃ဝ ကျော်ပိုင်းဖြစ်သည်။ ရခိုင်အမျိုးသား ဖြစ်၍ ‘ဒေသိယ’ သံဝဲဝဲဖြင့် ရှင်းလင်း ပြတ်သားစွာ သင်ကြားပို့ချပေးသည်။ ပါမောက္ခဦးဧမောင်ပြုစုသော အနု စာပေ ကောက်နုတ်ချက်မှ ကောင်းနိုး ရာရာ ကဗျာများကို ဆက်သင်ရသည်။ ဆရာကြီးဦးဧမောင်ပင် ပြုစုသော ‘စစ်တက္ကသိုလ်သုံး စကားပြေလက် ရွေးစင်’ ဆိုသည့်စာအုပ်ကို ထိုနှစ်မှာ စသင်သည်။ မေမြို့ (ပြင်ဦးလွင်) စစ် တက္ကသိုလ် ကျောင်းသားများအတွက် ပြုစု ပေးသော စာအုပ်ဖြစ်သည်။

ပုဂံ ခေတ်မှ မျက်မှောက်ခေတ်အထိ ကောင်းနိုးရာရာ စကားပြေများ ရွေး ချယ်စီစဉ်ထားသည်။ နောက်ပိုင်းမှာ တော့ ‘တက္ကသိုလ်သုံးစကားပြေ လက် ရွေးစင်’ ဟု နာမည်ပြောင်းသည်။ ‘ဦးဖေမောင်တင်’ ၏ ‘မြန်မာဝါကျဖွဲ့ ထုံးကျမ်း’ လည်း သင်ရသည်။ ဆရာ က သာဓကဝါကျများ အသစ်ဖန်တီး ကာ ပျော်ပျော်ရွှင်ရွှင်သင်ပေးသည်။ ဆရာ သာဓကပြသော ဝါကျတစ်ခုကို မှတ်မိနေပါသည်။ ‘ယင်း’အသုံးကိုပြ သော ဝါကျဖြစ်သည်။ ‘ကျောင်းသူ ၂ ယောက်တို့သည် ထွေးလုံးရစ်ပတ် သတ်ပုတ်နေကြသည်။ ‘ယင်း’တို့သည် မာလာဆောင်မှ ဖြစ်ကြ၏’ တဲ့။ (ဆရာမှာ မန္တလေးတက္ကသိုလ်၊ မော် လမြိုင် တက္ကသိုလ်တွင် ပါမောက္ခဖြစ် လာပြီး အငြိမ်းစားယူပြီးနောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင် အဖွဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ် တက်ြ<ွကစွာဆောင်ရွက်နေစဉ် အသက် ၈ဝ ကျော်မှာ ကွယ်လွန်သွား ရှာပါသည်။)

အင်္ဂလိပ်စာ အတွက် Shakespeare in Prose and Sume Greek Myths  စာအုပ်နှင့် Nine Modern Stories စာအုပ်ကို ပြဌာန်းသည်။ ပထမစာအုပ်မှာ ရှိတ်စပီးယား၏ ပြဇာတ် ၃ ပုဒ် (နွေ လယ်ညအိပ်မက်၊ ဂျူးလီယက်ဆီဇာ၊ ဗင်းနစ်မြို့က ကုန်သည်)ကို မူရင်း စာသားတချို့ စကားပြေတချို့ဖြင့် ပြုစုထားခြင်းဖြစ်သည်။ နောက်ပိုင်း မှာ ပြဇာတ်နောက်ခံဖြစ်သော ဂရိ ပုံပြင်များလည်း ပါဝင်သည်။ သတိရ မိပါသေးသည်။ ကျောင်းစဖွင့်ဖွင့်ချင်း ထိုစာအုပ်ကို Mr. Peter Simms ဆိုသော အနောက်တိုင်းသား ဆရာ ကြီးက သင်သည်။ ဆရာကြီး၏ အသံ အောကြီးကို ကျွန်တော်တို့ ‘ဖမ်း’ ၍ မရသည့်အထဲမှာ မြေဖြူ လုံးဝမသုံး ဘဲ လက်ညှိုးဖြင့် သင်ပုန်းမှာ ရေးပြ တတ်သည့်အတွက် ကျွန်တော်တို့မှာ စကားလည်း နားမလည်၊ သင်ပုန်း ပေါ်က ‘ကိုယ်ပျောက်’စာလုံးများကို လည်း မမြင်ရနှင့် တော်တော်စိတ်ညစ် ရပါသည်။ တော်ပါသေး၏။ မနှစ်က သင်သော ဆရာမဒေါ်ခင်မေ ပြောင်း သင်သည့်အတွက် အဆင်ပြေသွား သည်။ ဒုတိယစာအုပ်မှာ ခေတ်သစ် ဝတ္ထုတို ၉ ပုဒ် စုစည်းထားသော စာအုပ်ဖြစ်သည်။ မနှစ်ကသင်သော ဆရာမာလင်က ဆက်သင်ပါသည်။ အသင်အပြ ရှင်းသည်။ ရယ်စရာ၊ မောစရာလည်း ပြောတတ်သည်။ ကျွန်တော့်မှာ ပုံမှန်တက်ရသော အတန်းများအပြင် မနက်ပိုင်းသင် သော အင်္ဂလိပ်စာအတန်းများကို လည်း လိုက်တက်ပါသေးသည်။ ဆရာ ဦးအုန်းခင်နှင့် ဆရာပရဲယား (Mr. Pereira) တို့မှာ အသင်အပြရှင်းသည့် အတွက် လိုက်တက်ခြင်းဖြစ်သည်။

စိတ်ကြိုက်မြန်မာစာတွင် မနှစ် က စာအုပ်အများစုကို ဆက်သင်ရ သည်။ ကိုးခန်းပျို့ကို ဆရာမ ဒေါ်မြမြ သန်းသင်သည်။ ‘စတုဓမ္မသာရ’ ခေါ် ညီနောင် ၄ ပါး တောထွက်ခန်း အဆုံးအထိသင်ရသည်။ ကျန်အပိုင်း ကို မိမိဘာသာ ဆက်လေ့လာရသည်။ အာသံနိုင်မော်ကွန်းကို ဆက်သင် သောဆရာကြီးမှာ အသားဖြူဖြူ၊ မျက်လုံးပြူးပြူးနှင့် ဥပဓိရုပ်ကောင်း သည်။ မောင့်ကျက်သရေ ခေါင်း ပေါင်းနှင့် ပိုးလုံချည်နှင့်တိုက်ပုံနှင့် ခံ့ခံ့ညားညားရှိသည်။ တိုက်ပုံအင်္ကျီ အိတ်ထဲက မြေဖြူကိုထုတ်ပြီး ရေး လိုက်၊ လက်ညှိုးထောင်ကာထောင် ကာ ရှင်းပြလိုက်နှင့်ပေါ့ ပေါ့ပါးပါး သင်သွားသည့်အတွက် တပည့်များ စိတ်ဝင်စားကြသည်။ ရယ်စရာ ကလေးများနှင့် ခပ်ရွှင်ရွှင်သင်သည်။ စာလည်းမှတ်မိအောင်သင်သည်။ ဆရာမှာ ကျွန်တော်၏ ကျေးဇူးရှင် ဆရာရင်းဖြစ်လာသည်။ ဆရာ ဦးမောင်မောင်ကြီးဖြစ်သည်။ (ထို အချိန်က ဆရာမှာ ကထိကဖြစ်သည်။ တက္ကသိုလ်မောင်မောင်ကြီး အမည် ဖြင့် ဆရာရေးသော၊ တိမူးဝတ္ထုများ ကို ရှုမဝမဂ္ဂဇင်းထဲမှာ ကျွန်တော် ဖတ်ခဲ့ရသည်။ ဆရာသည် မြန်မာစာ ပါမောက္ခဖြစ်လာပြီး ကျွန်တော်တို့ကို မဟာဝိဇ္ဇာဘွဲ့ရသည်အထိ သင်ကြား ပို့ချပေးခဲ့ပါသည်။) ဆရာက ကျပင်း တရားစာလည်း သင်ပါသည်။

‘မန်လည်မင်္ဂလာရတုပေါင်း ချုပ်’ကို ဆရာဦးမြင့်ကြည်က သင် သည်။ ခပ်ရွှင်ရွှင်ရေးဖွဲ့ထားသော မန်လည်ဆရာတော်၏ သျှိုးလိုက်ရတု များဖြစ်သည်။ ဟာသမြောက်သော အဖွဲ့များစွာပါသည့်အတွက် ပျော် ပျော်ရွှင်ရွှင် သင်ရသည်။ မှတ်မိပါ သေးသည်။ ရတုပေါင်းချုပ် တန်းခွဲ ၂ ခုကို ဆရာဦးမြင့်ကြည်နှင့် ဆရာ ဦးတင်မောင်ဌေးတို့ အခန်းချင်းကပ် လျက် သင်ကြရာ ၂ခန်းစလုံး ရယ်သံ များဖြင့် တဝါးဝါးပွဲကျနေကြပါသည်။ အသဒိသ မင်းသား လေးတင်သည့် အခါ အမျိုးသမီးများက မင်းသားကို သဘောကျလှသဖြင့် ‘မယ့်ရွှေရင်ပေါ်၊ မင်းကျော်ကျော်သည် လေးတော်တင် လှည့်ပါတည့်လေး’ဟု မြည်တမ်းကြ ဟန် ရေးဖွဲ့ပုံမျိုးများဖြစ်သည်။ (ပျော် ပျော်ရွှင်ရွှင်သင်ရသော စာကို အသက်ကြီးသည်အထိ မမေ့ဘဲ ပြော စမှတ်ဖြစ်နေရသည့်အတူ စာသင် ကြားရာတွင် ဆရာ့ အာဝဇ္ဇန်းနှင့် ဟာသသည် မည်မျှအရေးပါကြောင်း လည်း သဘောပေါက်လာရပါသည်။) ဆရာတို့ ၂ယောက်စလုံး အသက် ၈ဝ ကျော်ပါပြီ။ ကျန်းကျန်းမာမာနှင့် စာပေအကျိုးဆောင်ရွက်နေကြသည် ကို တွေ့ရသည့်အတွက် ဝမ်းသာ ကြည်နူးရပါသည်။

ဗောဒိပက္ခိယဒီပနီကို ဆရာဦး ရွှေသွင်က ဆက်သင်သည်။ ဆရာ က အသားဖြူဖြူ၊ ဥပဓိရုပ် ကောင်း ကောင်း၊ စကားလုံးကို ညင်သာ သိမ်မွေ့စွာပြောပြီး ရှင်းလင်းပို့ချပေး သည်။ ထိုစဉ်က ဆရာလည်း လက် ထောက်ကထိကဖြစ်သည်။ နောက် ပိုင်းတွင် ဆရာသည် အင်္ဂလန်သို့ ပညာတော်သင်သွားရပြီး ဘာသာ ဗေဒ၊ သဒ္ဒဗေဒပညာရပ်များဖြင့် မဟာဝိဇ္ဇာဘွဲ့ယူခဲ့သည်။ မြန်မာစာ ဌာနတွင် ထိုပညာရပ်များကို ရှေ့ ဆောင်လမ်းပြအဖြစ် နှစ်ပေါင်းများ စွာ သင်ကြားပေးသည်။ ပါမောက္ခ အဖြစ် အငြိမ်းစားယူပြီး မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ အလုပ် အမှုဆောင်အဖွဲ့ဝင်အဖြစ် ဆောင် ရွက်ခဲ့သည်။ မကြာမီကပင် ဆရာ ကွယ်လွန်ရှာပါပြီ။

အနောက်တိုင်းရာဇဝင် ဘာသာရပ်ကို ဆရာဒေါက်တာခင် မောင်ညွှန့် (ယခု မြန်မာ့သမိုင်းအဖွဲ့ ဝင်၊ သမိုင်းပညာရှင်)က အစပိုင်းမှာ သင်ပြီး ဆရာမဒေါ်ဌေးကြည် (ကွယ် လွန်)က ဆက်သင်သည်။ ဆရာမမှာ စည်းကမ်းကြီးပြီး ရှင်းရှင်းပြတ်ပြတ် သင်ကြားသည်။ အနောက်နိုင်ငံများ ၏ သမိုင်းစဉ်ကို မြင်ကွင်းကျယ်ကျယ် သိမြင်ခွင့်ရသည်။ ‘ဂျာမနီပြည် စည်း ရုံးခြင်း’၊ ‘ဘစ်စမတ်၏ ဆောင်ရွက် ချက်များ’ စသည်တို့ကို မှတ်မိနေ သည်။

တက္ကဗေဒကို ဆရာဒေါက်တာ ခင်မောင်ဝင်းသင်သည်။ မနှစ်က ထုတ်ယူဆင်ခြင်အပိုင်းကိုသင်ပြီး၍ ယခုနှစ် ခြုံယူဆင်ခြင်အပိုင်းကို သင် ရသည်။ ခြုံယူဆင်ခြင်နည်းများကို သိရသည့်အတွက် အသိအမြင် ပွင့် လင်းလာရသည်။ အကျိုးသင့်၊ အကြောင်းသင့် တွေးခေါ်စဉ်းစား တတ်သည့်အလေ့အကျင့် ရလာသည့် အတွက် အခြားဘာသာရပ်များ လေ့လာရာတွင်လည်း များစွာ အထောက်အကူပြုပါသည်။ ထိုစဉ် က ဆရာသည် မန္တလေးဆောင် အဆောင်မှူးအဖြစ် ဆောင်ရွက်နေ သည်။ ဆေးတံခဲထားသည်ကို မကြာ ခဏတွေ့ရသည်။ ထီးကောက်ကြီး တစ်ချောင်းနှင့် လမ်းလျှောက်လေ့ ရှိသောဆရာ့ကို ကျွန်တော်တို့ ချစ်ခင် လေးစားကြပါသည်။ အားလည်း ကျပါသည်။

ဆရာကြီးဒေါက်တာလှမြင့်မှာ ၁၉၅၉ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် အဖြစ် ၂ နှစ်ဆောင်ရွက်သွားပါ သည်။ ဆရာကြီး၏ ဆောင်ရွက်ချက် တစ်ခုမှာ ဂုဏ်ထူးတန်းစနစ်ကို ဥပစာတန်းအောင်ပြီး ၃ နှစ် (စုစု ပေါင်း ၅ နှစ်)တက်ရသည့်စနစ်မှ ဥပစာတန်းအောင်ပြီး ၂ နှစ်(စုစု ပေါင်း ၄ နှစ်) တက်ရသည့် စနစ်သို့ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။ သမိုင်း ပြောင်းပြန်ကောက်ရလျှင် ရန်ကုန်တက္ကသိုလ်ဖွင့်စက ဂုဏ်ထူး တန်း စနစ်မှာ ၄ နှစ် တက်ရသော စနစ်ဖြစ်သည်။ (ပထမဆုံး မြန်မာစာ ဂုဏ်ထူးတန်းတက်သော သိပ္ပံမောင်ဝ ကလောင်အမည်ရှင် ဦးစိန်တင်က စ၍ ၄ နှစ်တက်ရပြီး နောက်ပိုင်းမှာ ၅ နှစ်စနစ်သို့ ပြောင်းသွားသည်။ ဆရာကြီး ဒေါက်တာလှမြင့်က တစ် နှစ်ပြန်လျှော့ပြီး မူလအတိုင်း ၄ နှစ်စနစ် ပြန်ကျင့်သုံးသည်။ အလုပ် အကိုင်ရဖို့ နှစ်မကြာစေရန် ရည်ရွယ် သည့်သဘောလည်းပါကြောင်း သိရ သည်။ ဘွဲ့နာမည်ကို B.A/B.Sc  (General Hons.) ဝိဇ္ဇာ/သိပ္ပံ (အထွေထွေဂုဏ်ထူး)ဟုခေါ်သည်။ ယခင်က B.A (Hons.) B.Sc (Hons.) ဝိဇ္ဇာ (ဂုဏ်ထူး)၊ သိပ္ပံ (ဂုဏ်ထူး)ဟုခေါ်သည်။ ‘အထွေထွေ’ ဟူသော ဝေါဟာရ မပါဝင်ပါ။ အထွေ ထွေ ဂုဏ်ထူးတန်းတွင် ၃ နှစ်သင်ရိုး ကို ၂ နှစ်နှင့် ချုံ့ပြီးဖြန့်ကြက် သင်ကြားသည်။ ဆရာကြီး ဒေါက်တာ လှမြင့် ပါမောက္ခချုပ်တာဝန် စတင် ထမ်းဆောင်သော ၁၉၅၉-၆ဝ ပညာ သင်နှစ်တွင် အထွေထွေ ဂုဏ်ထူး တန်းစနစ်ကို စတင်ခဲ့ရာ ကျွန်တော် ဥပစာ(ခ) တန်းရောက်ချိန်တွင် အထွေထွေ ဂုဏ်ထူးတန်း ဘွဲ့ရသူများ ၂ သုတ် ထွက်ပြီးပါပြီ။

နှစ်စဉ် ဘာသာရပ်ပေါင်းစုံ အတွက် ဂုဏ်ထူးတန်းတက်ခွင့် ရသူ အရေအတွက်မှာ မများလှပါ။ ဘာသာရပ်အားလုံး ပျမ်းမျှအမှတ် ၅ဝ ကျော်မှ ဂုဏ်ထူးတန်း တက်ခွင့်ရ ပါသည်။ နှစ်စဉ် ဝိဇ္ဇာက ၁၅ ယောက် ခန့်၊ သိပ္ပံကလည်း ၁၅ ယောက်ခန့် သာ ဂုဏ်ထူးတန်းတက်ဖို့ အဆင့်မီပါ သည်။ ထိုစဉ်က ပျမ်းမျှအမှတ် ၅ဝ ရရန်မှာ သိပ်မလွယ်လှပါ။ ကြိုးစား အားထုတ်နိုင်မှ တန်ကာကျပါသည်။

စာမေးပွဲ အောင်စာရင်းများ ထွက်ပြီးနောက် ဂုဏ်ထူးတန်းအဆင့် မီသူများစာရင်းကို သီးခြားထုတ်ပြန် ပေးပါသည်။ ‘အောက်ပါ ကျောင်း သား၊ ကျောင်းသူများကို ဂုဏ်ထူး တန်းတက်ခွင့်ပြုလိုက်သည်’ဟူသော ကြေညာချက်နှင့်အတူ စာရင်းကိုပါ ပူးတွဲဖော်ပြလေ့ရှိပါသည်။ ဂုဏ်ထူး တန်းအဆင့်မီသူများသည် မိမိတို့ ဂုဏ်ထူးတန်းတက်လိုသော ဘာသာ ရပ်ကို သက်ဆိုင်ရာ ပါမောက္ခ၏ ခွင့် ပြုချက်ဖြင့် တက်နိုင်ပါသည်။ ထိုစဉ် က စနစ်အကြောင်း ရှင်းပြခြင်းပါ။

ကျွန်တော်က ဂုဏ်ထူးတန်း တက်ချင်သော ဆန္ဒရှိသည်။ နှစ်မပို ဘဲ ၄နှစ်နှင့် ပြီးမည်ဖြစ်သဖြင့် ပို၍ အဆင်ပြေသည်။ ဂုဏ်ထူးတန်း တက် ခွင့်ရဖို့ စာကြိုးစားခြင်းဟူသော နည်း လမ်းတစ်ခုသာရှိသည့်အတွက် စာကို အချိန်ယူ၍ လေ့လာဆည်းပူးပါ သည်။ ကိုယ်ယူသောဘာသာရပ်များ ကို ခြုံငုံမိအောင် လေ့လာသည်။ စာကြည့်တိုက်သို့သွားပြီး သင်ခန်းစာ အထောက်အထားပြုမည့်စာများကို ရှာဖွေသည်။ မှတ်စုထုတ်သည်။ အိမ် ကိုငှားသွားပြီး ဖတ်သည်။ အပတ်စဉ် ကျူတိုရီယယ် မှန်မှန်ရေးသည်။ စာမေးပွဲက နှစ်ကုန်ခါနီး ဖြေရသည့် စာမေးပွဲ တစ်ခုသာရှိသည်။ ကြားမှာ စာမေးပွဲတွေမရှိပါ။ တစ်ကြိမ်တည်း နှင့် ရည်မှန်းချက် ပေါက်မြောက် အောင် ကြိုးစားရမည်ဖြစ်သည်။ အတန်းတူ သူငယ်ချင်းများနှင့်အတူ အိမ်တစ်အိမ်မှာ စုဝေးပြီး စာကျက် ခြင်း၊ ဆွေးနွေးခြင်းများလည်းလုပ် သည်။ ကမာရွတ် မာလကာခြံမှာနေ သော သူငယ်ချင်း ကိုစောလွင် အိမ်မှာ ကျွန်တော်တို့ လေးငါးယောက် လူစုပြီး မကြာခဏ စာဆွေးနွေးဖြစ်ကြ သည်။

ကျွန်တော်ကြိုးစားရကျိုး နပ်ပါ သည်။ ဥပစာဝိဇ္ဇာ(ခ)တန်း အောင် မြင်ပြီး ဂုဏ်ထူးတန်းအဆင့်မီသူများ စာရင်းကိုကြေညာရာတွင် ကျွန်တော့် နာမည် ပါဝင်ပါသည်။

မောင်ခင်မင်(ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*