ကျောင်းထွက်တဲ့နေ့

ကျောင်းထွက်တဲ့နေ့
December 15, 2017 Leanne Win
ကျောင်းထွက်တဲ့နေ့

အင်း ဘယ်ကျောင်းအုပ်ဆရာ ကမှ ကျောင်းထုတ်တာမဟုတ်။ ပြီးတော့ဘယ်ပညာရေးဌာနကမှ ကျောင်းတက်ခွင့် ပိတ်ပင်တာမ ဟုတ်ဘဲ၊ မူကြိုအတန်းမှာပင် ကိုယ့်ကိုယ်ကိုယ် ‘ကျောင်းထုတ်’ ခဲ့တဲ့အကြောင်းကို ပြောရမယ်ဆိုရင် ကျောင်းအုပ်ဆရာ ကြီး ‘ဦးဘတော်’နဲ့ သူ့သား ‘ရွှေကို တော်’အကြောင်းမပါ ဘဲပြောလို့မရဘူးလို့ ကျွန်တော်ထင်ရ တယ်။

ဒီအကြောင်းအရာ ဖြစ်ပျက်ခဲ့ တဲ့အချိန်က (၁၉၅ဝ-၅၅ ခုနှစ်တွေ) လောက် ဖြစ်ပါတယ်။ အဲဒီတုန်းက တော့ ဆရာကြီး ဦးဘတော်ကို ‘အပြင်ဆရာ’လို့ ခေါ်ကြပါတယ်။

ကျွန်တော်မူလတန်းကျောင်း မနေခင် အပြင်ဆရာ ဦးဘတော်ရဲ့ အပြင်ကျောင်းမှာ နေပါတယ်။ ဦးဘ တော်ကျောင်းက ငွေကြေးတတ် နိုင်တဲ့ ကျောင်းသားတွေသာ တက် ရောက်သင်ကြားနိုင်တဲ့ကျောင်းပါ။ ကျွန်တော်ခေတ်ရဲ့ သူဋ္ဌေးကျောင်း ပါ။ ကျွန်တော် သူဋ္ဌေးကျောင်း တက် နိုင်တာက ပိုက်ဆံရှိလို့မဟုတ်။ ဆရာကြီးရဲ့သားဖြစ်သူ ရွှေကိုတော် နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်နေလို့ ပါ။ ဆရာကြီးက ကျွန်တော့်ကို ကျောင်းလခမယူဘဲ စာသင်ပေးပါ တယ်။ ကျွန်တော်ကလည်း သိတတ် စွာနဲ့ ကျောင်းဝေယျာဝစ္စကျောင်း ကိစ္စနဲ့ အောက်ခြေသိမ်းအလုပ်တွေ ကူလုပ်ရပါတယ်။ အဲ ရွှေကိုတော် အကြောင်း ပြောရဦးမယ်။

ရွှေကို တော်ဆိုတာ ငယ်အမည်မဟုတ်။ အရွယ်လေးရောက်လာမှ ပြောင်းလဲ လိုက်တဲ့ အမည်အသစ်ပါ။ ရွှေကို တော်နာမည်မပြောင်းခင်က ဒီကောင့်နာမည်က ‘လပြုံတုံ’တဲ့။ ဒီကောင်လည်း လပြုံတုံမဖြစ်ချင်မှ နေရော။ ဒီကောင့်မှာ အစ်မအပျို ကြီး ၇ ယောက်ရှိတယ်။ ပြီးတော့ အဒေါ်အပျိုကြီး ၃ ယောက်ရှိတယ်။ အမျိုးသမီးတွေကြားနေပြီး ကြီးပြင်း လာရတော့ အဒေါ်တွေ၊ အစ်မတွေ ထဲက ဘယ်သူစလိုက်မှန်းမသိဘူး။ ဒီကောင် လပြုံတုံဖြစ်သွားရော။ ခေါ်စတုန်းကတော့ ချစ်စနိုးခေါ် ကြတာပေါ့။ ဒါပေမဲ့ အရွယ်လေး နည်းနည်းရလာတော့ လပြုံတုံက ချစ်စနိုးမဖြစ်တော့ဘူး။ အဲဒီတင် ဒီကောင့်နာမည် ‘ရွှေကို’ဖြစ်လာ တယ်။ နောက်တော့ ရွှေကိုကနေ အဖ ဦးဘတော်နာမည်ပါထည့်ပြီး ရွှေကိုတော်ဖြစ်သွားတာကိုးဗျနော်။ အေးဗျာ လပြုံတုံကနေ ရွှေကိုတော် ဖြစ်သွားတော့လည်း အားလုံးက ရွှေကိုတော်ပေါ့။ ဘယ်ကောင်မှ လပြုံတုံမခေါ်ဝံ့ကြဘူး။ ကျွန်တော် လည်းမခေါ်ရဲဘူး။ ဒါပေမဲ့ ကလေး တွေ ပါးစပ်ထဲမှာ လပြုံတုံက အဆင် ပြေနေတာ ဆိုတော့ ဒီကောင့်ကို ရှေ့မှာ ရွှေကို တော်၊ နောက်ကွယ်မှာ လပြုံတုံကြ တော့တာဗျ။

အဲ ကျွန်တော်တို့နေတဲ့ ကျောင်း အကြောင်း ပြောရဦးမယ်။ ကျောင်း က ကျွန်တော်တို့ရပ်ကွက်နဲ့ တစ်မိုင် ပျော့ပျော့လောက်တော့ ဝေးတယ် ခင်ဗျ။ ကျွန်တော်တို့ ကျောင်းသွား ရာလမ်းမှာ ရွှေတချောင်းလို့ခေါ်တဲ့ ရေဆိုးမြောင်းရှည်ကြီးရှိတယ်။ အဲဒီ ချောင်းဘေးတစ်လျှောက်မှာလည်း ဆက်ဂတုံးပင်ကြီးတွေ အများကြီး ရှိ ကြတယ်။ ဆက်ဂတုံးပင်ဆိုတဲ့ပင် ကြီး မျိုးဖြစ်ပြီး၊ လူနှစ်ဖက်စာလောက် ပင်စည်ကြီးတွေ ကြီးကြတယ်။ ပင်စည်ကြီးတစ်ခုလုံးလည်း ဘုတွေဒစ်တွေနဲ့ အရမ်းရုပ်ဆိုးတဲ့ သစ်ပင်ကြီးမျိုးပါ။ ဒီအပင်မှာသီးတဲ့ ဆက်ကတုံးသီးဆိုတာလည်း ဂေါက်သီးလုံးအရွယ်နီးပါးရှိပြီး အသီးမာကျစ်ပုံလည်း ဂေါက်သီးနီး နီးပဲ။

အဲဒီဆက်ဂတုံးပင်တွေ စုပြုံ အများကြီးရှိတဲ့နေရာမှာ ကျွန်တော် တို့ကျောင်းသားတွေ ‘ဆက်ဂတုံး တိုက်ပွဲ’ကစားကြပါတယ်။ ဆက်ဂတုံး တိုက်ပွဲက မဲနှိုက်လို့ ခွေးရူးကျတဲ့ လူက ပုဆိုးခါးပိုက်ထဲ ဆက်ဂတုံးသီး အပြည့်ထည့်ပြီး ကျန်တဲ့လူတွေကို ဆက်ဂတုံးသီးနဲ့ လိုက်ထုရတယ်။ ကျောင်းသားတွေက ဆက်ဂတုံးပင် တွေလှည့်ပုန်းပြီး တစ်ပင်နဲ့တစ်ပင် ကူးပြီး ပြေးရှောင်ကြရပါတယ်။ ဘယ်သူမှ လုံခြုံတဲ့ အပင်တစ်ပင်ထဲ ကပ်နေလို့မရ။ ကိုယ့်အပင်ကို လူတစ်ယောက်ကပ်လာရင် ကိုယ်က အပင်ပြောင်းပြေးရတယ်။ ပြေးလည်း ပြေး၊ ခွေးရူးဆီက ဆက်ဂတုံးသီးကို လည်း ရှောင်ရင်းပေါ့။ ပျော်စရာ လည်းကောင်း၊ အန္တရာယ်လည်းများ တယ်ပေါ့။ ဆရာကြီးက ကျောင်း ရောက်လာလို့ ဆက်ဂတုံးတိုက်ပွဲ သတင်းရရင် ဆော်ပြီသာမှတ်။ ဆက်ဂတုံး တိုက်ပွဲကိုလည်း ဆရာ ကြီးက တင်းတင်းကျပ်ကျပ် တားမြစ် ထားတာ။ အဲ ကျွန်တော်တို့ ကျောင်းသား တွေကလည်း ဆရာကြီးမေ့လောက် ပြီဆိုရင် ဆက်ဂတုံးတိုက်ပွဲ ချတော့ တာပဲ။ အဲ ဒီနေ့လည်း ချကြတာပဲ။

ဒီနေ့ ကျွန်တော်ခွေးရူးကျတယ်။ ဒါကြောင့် ပုဆိုးခါးပိုက်ထဲမှာ ဆက် ဂတုံးသီးအပြည့်ထည့်ပြီး လိုက်ပစ်ရ တယ်။ ပြေးသူကျောင်းသားတွေက လည်း တစ်ပင်နဲ့တစ်ပင် ကူးရင်း ပြေးပုန်းကြတယ်။ အဲသလို ပြေးရင်း က ဆက်ဂတုံးသီးထုသူ ကျွန်တော့် ကို ရန်စကြ၊ နောက်ကြ၊ မခံချင် အောင် ပြောကြနဲ့ပေါ့။ ထုလို့မမှန် လေ၊ သူတို့ စလေပေါ့။ အဲ ကျွန်တော် ထုလို့ မှန်သွားရင်လည်း အထုခံရ သူကို ကွင်းရှောင်ကြတာပေါ့။ ဒီလို ကျွန်တော်တို့ ပျော်ကြ တာလေ။

အဲသလို ကျွန်တော်ထုရင်း ထုရင်းနဲ့ ထုချက်မမှန်လေ အားပါ လေသလားမပြောတတ်ဘူး။ တစ် ကြိမ်မှာတော့ အားပါလှတဲ့ ကျွန်တော့်ထုချက်ဟာ ရွှေကိုတော် ရဲ့နဖူးကို ဒေါင်ခနဲထိသွားတယ်။ ဒေါင်ခနဲအသံကိုလည်း ကျောင်း သားအားလုံး ကြားလိုက်ရတယ်။ တစ်ချိန်ထဲမှာပဲ ရွှေကိုတော်နဖူးမှာ အာလူးသီးကြီးတစ်လုံး ပေါ်လာ တယ်။ ကျောင်းသားတွေက ထုံးစံအတိုင်းရွှေကိုတော်ကို ဝိုင်းဟား ကြတယ်။ “ခွေးရူး၊ ခွေးရူး ရွှေကို တော်” လို့လည်း သံပြိုင် ဝိုင်းအော်ကြ တယ်။ ရွှေကိုတော် ခွေးရူးလုပ်ရမယ့် အလှည့် ဖြစ်သွားပြီ လေ။

ရွှေကိုတော်ဟာ မျက်နှာကြီးနီ ပြီး နဖူးမှာဘုကြီးနဲ့ ပုဆိုးကိုပြင်ဝတ် လိုက်ပြီး ပုဆိုးခါးပိုက်ထဲ ဆက်ဂတုံး သီး အလုံးလှလှ၊ အလုံးကောင်း ကောင်းကြီးရွေချည်းရွေးပြီး နဖူးမှာ ဖုကြီးနဲ့ ထည့်တော့တာပါပဲ။ ကစား ပွဲအစပိုင်းမှာ ရွှေကိုတော်ဟာ ရိုးရိုး သားသား ကစားပေမယ့် ကစားပွဲ အရှိန်လေး ရလာတာနဲ့ ဒီကောင့် ဇာတ်ရုပ်ပေါ်လာရော။ ဒီကောင်က ကျွန်တော့်ကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်လာတာကို ကျွန်တော်တွေ့ ရတယ်။ ကစားပွဲကနေ ရန်ပွဲသဘော မျိုး ဆောင်လာတယ်။ နောက်ပိုင်း ကျတော့ ကျွန်တော်တစ်ယောက် တည်းကို မဲပစ်နေသလိုလို လုပ်လာ တော့တာ။ တခြားကျောင်းသားတွေ ကလည်း ဒါကို ‘မြင်’လာကြတယ်။ ဒါပေမဲ့ ရွှေကိုတော်ကို ဘယ်သူမှ မတားရဲကြဘူး။ ကျောင်းသားတွေက သူ့အဖေဦးဘတော်ကိုလည်း ကြောက်ကြတယ်။ ဦးဘတော်က စာသင်တာတော်သလို ‘မိသားစု မျိုးချစ်စိတ်’ကလည်း ပြင်းမှပြင်း ထဲလာ။

ဆက်ဂတုံးတိုက်ပွဲကလည်း အများပါဝင်တဲ့ တိုက်ပွဲကနေ နှစ် ယောက်တည်းတိုက်တဲ့ တိုက်ပွဲအဖြစ် ကို ပီပီပြင်ပြင် ပြောင်းသွားပါပြီ။ ဒီကောင့် ဆက်ဂတုံးပစ်ချက်တွေက လည်း ဒေါသဖြစ်လေ၊ လွဲလေ။ ပို ဒေါသဖြစ်လေ ပိုမထိလေဖြစ်ပြီး နဖူးက အာလူးသီးကလည်း ပိုပြီး နီနီကလေးတွေ ဖြစ်လာနေတော့ ပွဲ ကြည့်ကျောင်းသားအုပ်စုထဲက အသံ တစ်သံ ထွက်လာသည်။

“လပြုံတုံဟေ့ လပြုံတုံ” ဟေ့

ဘယ်သူကစလိုက်တဲ့ အသံမှန်း မသိဘူး။ တစ်ယောက်ယောက်က အရဲစွန့် အောက်လိုက်ပုံရတယ်။ ဒီတော့ ဒီကောင်လည်း မျက်နှာကြီးပိုနီ၊ အာလူးသီးကြီးပိုနီ ပြီး ကျွန်တော့်ကို အသေထုတော့တာ ကိုး။ ကျွန်တော်ကတော့ ဖြစ်နိုင်ရင် ဒီကောင်ထုတဲ့ ဆက်ဂတုံးသီးကို မရှောင်ချင်ဘူး။ ဒီကောင်ကျေနပ် အောင် အထုခံချင်နေမိတယ်။ တကယ်ဆို ဒီကောင် ကျေနပ်အောင် ကျွန်တော့်နဖူးမှာ အာလူးသီးနှစ်လုံး အနည်းဆုံး လိုအပ်မှာ သိပါတယ်။ ဒီကောင်က သူအသာရမှ ကျေနပ် မယ့်ကောင်မှန်း ကျွန်တော်သိတယ်။ ဒါပေမဲ့ ဒီကောင်လက်မဖြောင့်ဘူး။ ဒီအထဲ ဒေါသကြီးနေတာဆိုတော့ တစ်ချက်တောင်မှန်အောင် မထုနိုင် ဘူး။ သူ ပစ်ရလွယ်မယ့် သစ်ပင် တွေရွေးပြီး ကျွန်တော်ပြောင်းကပ် ပေးပါတယ်။ ဒါပေမဲ့ ထိအောင်မပစ် နိုင်ဘူး။ ဒီအချိန် ကျောင်းသားပွဲ ကြည့်တွေဆီကလည်း အိုင်စီပွဲမှာ ပရိသတ်တွေ ‘လေးဖြူ လေးဖြူ’ အဆက်မပြတ် အော်ကြသလို

ဟေ့လပြုံတုံ လပြုံတုံဟေ့။ ဟေ့ လပြုံတုံ လပြုံတုံဟေ့။ ဟေ့ လပြုံတုံ လပြုံတုံဟေ့။…….
အဲဒီ အဲဒီနေ့က ကျွန်တော် ကျောင်းထွက်လိုက်တယ်။

စောဘရန်ငြိမ်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*