ရန်ကုန်စီဂျေ၏ စွန့်စားခန်းများ -၉

ရန်ကုန်စီဂျေ၏ စွန့်စားခန်းများ -၉
December 4, 2017 Leanne Win
ရန်ကုန်စီဂျေ၏ စွန့်စားခန်းများ -၉

“ဂျပန်ဦးနှောက်ရောင် ရောဂါ. ပန်ဦးနှောက်ရောင် ရောဂါ. ..ဆိုပါကလား”ဟု ရန်ကုန်စီ ဂျေသည် ရေရွတ်လိုက်ရာက “ဦး နှောက်ရောင်ရောဂါတောင်မှ ဂျပန်ဆိုတဲ့ ဝိသေသနပုဒ်က ရှေ့က ဦးဆောင်နေသေး၊ အော်…ငါတို့ မြန်မာတွေဟာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်ခေတ် ကတည်းက ဂျပန်နဲ့ မကင်းနိုင်ခဲ့တာ ပါလား” ဟူ၍ ဆက်လက်အတွေး ဆန့်လိုက်မိလေသည်။ သို့ရာတွင် ဤမျှအတွေးဆန့်ရုံဖြင့် အားမရနိုင် သေး။ တွေးလက်စနှင့် အတွေးတွေ ဆက်၍ ဆက်၍ သွားလေသည်။ “ကိုယ့်လူအချင်းချင်း ကိုယ့်အဖွဲ့ သား အချင်းချင်း ကိုယ့်ဆွေမျိုး အချင်းချင်း အတွင်းကို ပြန်ပြီး ဒုက္ခ ပေးတဲ့လူကို (ဂျပန်ဖရောင်းချက်) တဲ့။ ဂျပန်ဖရောင်းချက် ဆိုတဲ့ လိမ်း ဆေးက အနာထဲကို ဝင်ပြီးလှိုက်စား သွားတတ်တာကိုး။ (ဂျပန်ရေချိုး နည်း)တဲ့ လာလာချေသေး။ အဝတ် မပါဘဲ ရေချိုးတဲ့ ပုံစံကိုခေါ်တာ။  ဒါကိုတော့ အတုယူရမယ်။

လုံးတီး ရေချိုးတော့ ကြေးညှော်တွေ ပိုပြီး ကင်းစင်သပ။ အဲ…ရေချိုးခန်း ထဲမှာ လုံလုံခြုံခြုံ ရေချိုးဖို့တော့ လိုတာပေါ့။ နောက်တစ်မျိုးက (ဂျပန်ရေသောက်နည်း) တဲ့။ အိပ်ရာ ထထချင်း သောက်ရေ တစ်လီတာ လောက် သောက်ချလိုက်တာ။ ကျန်းမာရေးအတွက် ကောင်းသတဲ့။ ကောင်းပေတဲ့ မနက်စောစောချမ်း ချမ်းစီးစီးမှာ ရေတစ်လီတာသောက် နိုင်ဖို့ကမလွယ်ပေါင်။ ဂျပန်လူမျိုး တွေတောင် အဲသလိုသောက်နိုင်ကြ လို့လား။ ဂျပန်နည်းဆိုတိုင်း ကောင်း မှတ်လို့ ဝူး…

” စီဂျေက ဂျပန်အကြောင်း တွေး ရင်း ပင့်သက်မှုတ်လိုက်သည်။  စီဂျေသည် မှတ်သားမိသမျှ ပေါက်တီးပေါက်ရှာတွေကို ဆက် တွေးပြန်လေသည်။ “ရှိသေးတယ်။ (ဂျပန်ပါးရိုက် နည်း)တဲ့။ ပါရိုက်တာတောင် ဂျပန် ပါးရိုက်နည်း ဆိုပြီး ရှိနေသေးသကိုး။ ဖိနပ်ကျပြန်တော့လည်း (ဂျပန်ဖိနပ်)တဲ့။ ကြက်ပေါင်းစေးကို လုပ်ထားတဲ့ ဖိနပ်ပဲ။ ဘာလို့ ဂျပန်ဖိနပ်ခေါ်ရမှာ တုန်း။ ကြက်ပေါင်ဖိနပ်ဆိုပြီးတာပဲ။ဟိုတုန်းက မိန်းကလေးတွေရဲ့ ဆံပင်တိုတို ပုံစံ တစ်မျိုး ရှိသေးတယ်။ (ဂျပန်ဆံတောက်) တဲ့…။

ဂျပန်မ လေးတွေရဲ့ ဆံပင်ပုံစံကို အတုယူ ထားလို့ ဂျပန်ဆံတောက် ခေါ်တာ မှတ်ပါရဲ့။ ဘာပြောပြော.. တို့ဗမာ တွေဟာ ဂျပန်အစွဲတယ်ကြီးသကိုး” ဂျပန်အကြောင်းက တွေးဋီကာ ချဲ့ရင်း စိဂျေမောလုလုဖြစ်လာသည်။ သို့သော် အတွေးကို ဖြတ်၍မရ။ ” အင်းစိန်ဘက်က ဖော့ကန် ရပ်ကွက်မှာ (ဂျပန်လမ်း) ဆိုတာ အ ထင်ကရပဲ။ လူသူအရမ်းစည်ကားတဲ့ လမ်းပေါ့။ ဒါပေမယ့် အဲသည်လမ်း ထဲမှာ ဂျပန်တစ်ယောက်မှမရှိဘူး။ ဂျပန်လမ်းထဲမှာ ဗမာ၊ တရုတ်နဲ့ ကုလားပဲ ရှိကြတယ်။ ကြည့်စမ်း။ ဘယ့်ကလောက် ကိုးရိုးကားယား နိုင်တဲ့လမ်း နာမည်လဲ… (ဟော) ရန်ကုန်မြို့လယ်မှာ အထင်ကရ ဆေးရုံကြီး တစ်ရုံ ရှိလေရဲ့။ (ဂျပန်ဆေးရုံ) တဲ့။ အဲသည်မှာလည်း ဂျပန်တစ်ယောက်မှ မရှိဘူး။ မှောဘီမြို့ အထွက်မှာ (ဂျပန်ဆိုက်) ဆိုတဲ့ နေရာရှိသေးရဲ့။ ဘာဂျပန်မှ ရှိမနေတဲ့ နေရာပဲ။ ငရို့ ဗမာတွေ ဂျပန်ကို အတော်ချစ်ကြသကိုး

” ဂျပန်အကြောင်းတွေးရင်း စီဂျေက ကိုယ်တွေ့ တစ်ခုကို သတိရ သည်။ လွန်ခဲ့သော နှစ်သုံးဆယ်နီး ပါးတုန်းက ဖြစ်သည်။ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင်၊ အဖျောက်မြို့ ကလေးက အနီးမှာ ရေနံရှာဖွေရေး အဖွဲ့တစ်ခု၊ ရေနံအစမ်းတွင်းတွေတူး ကြသည်။ စီဂျေလည်း ခရီးထွက်တုန်း အခန့်သင့်သဖြင့် အစမ်းတွင်းတူး နေရာသို့ မယောင်မလည်ရောက်သွား ၏။ အစမ်းတွင်းတူးသော အင်ဂျင် နီယာနှင့် အလုပ်သမားက လက်တစ် ဆုပ်လောက်သာ ရှိသည်။ အထူး အဆန်း မျက်လှည့် ပွဲတစ်ပွဲကို  လာကြည့်ကြသည့် ဒေသခံ တောသူ တောင်သားတွေက ဖွေးဖွေးလှုပ်။ ကြိတ်ကြိတ်တိုးနေကြ၏။ စက်ကိရိ ယာတွေကို လာကြည့်ကြခြင်း မဟုတ်။ အင်ဂျင်နီယာတွေထဲမှာ ဂျပန်လူမျိုးတွေ ပါလာသည်ဆို၍ ဂျပန်ကို မြင်ဖူးတယ်ရှိအောင် လာကြည့်ကြခြင်း။

“အဲသည်လူတွေက အလုပ် လက်မဲ့တွေလား”ဟု ဂျပန် တစ် ယောက်က စကားပြန်ကို မေးသည်။ “မဟုတ်ဘူး။ ကိုယ်ပိုင်လယ်ယာ ကိုင်းကျွန်း အလုပ်အကိုင်တွေ ရှိပါ တယ်။ တချို့ကတော့ ဈေးသည်တွေ ပါ။ ကျုပ်တို့ဆီမှာ အလုပ်လက်မဲ့ဆို  တာ မရှိပါဘူး” ဟု စကားပြန်က ဟန်တစ်လုံး မာန်တစ်လုံးဖြင့် ပြန်ပြောလိုက်သည်။ ဂျပန်သည် နားမလည်နိုင် သကဲ့သို့ နှာခေါင်းရှုံ့သည်။ “အလုပ်ရှိရဲ့သားနဲ့ ဒီနေရာကို လာရသလား။ ဒီနေရာမှာ သူတို့ အတွက် အလုပ်မှ မရှိတာဘဲ”ဟု ဂျပန်ကပြောရာ စကားပြန် ရွှေဗမာ သည် သဘောပေါက်သွားရာက ရှက်စိတ်မွှန်သွားသည်။ “ဂျပန်ကို စိတ်ဝင်စားတာထက် ဂျပန်ရဲ့ လုံ့လဝီရိယကို ငရို့အတုခိုး ရမယ်” ဟု စီဂျေကြွေးကြော်ခဲ့ဖူးသည်။ စီဂျေမှာ ငယ်ပေါင်းသူငယ်ချင်း ပညာတတ်တစ်ဦး ရှိ၏။ ဒင်း(သင်း)  ကို ဘယ်လို ပယောဂ ဝင်သည်မသိ။ သူ့အဘိုးသည် လွန်လေပြီးသော ဖက်ဆစ်ဂျပန်ခေတ်က ဖက်ဆစ်တို့ ၏ ပါးရိုက်၊ နားရိုက်ခံ၊ ချွေးတပ် ဆွဲခံရ၊ ဝဲစွဲခဲ့ရဖူးသော်လည်း ထိုသူ ငယ်ချင်းမှာ ” ဂျပန်မှ ဂျပန်” ဥပါ ဒါန်ဖြစ်နေရှာသည်။ ခေတ်စကားဖြင့် ဆိုသော် အနှီသတ္တဝါသည် “ဂျပန် ခရေဇီ” ဖြစ်နေတော့၏။ သူသည် ဂျပန်ဓား၊ ဂျပန်စကား သင်ယူသည်။

ဂျပန်အစားအသောက် ဟင်းလျာတွေရှာစားသည်။ ဂျပန်မှ လာသော အဝတ်အထည်တွေကိုသာ ဈေးကြီးပေး၍ ဝတ်ဆင်သည်။ ရုပ် ရှင်ဆိုလျင်.. ဂျပန်ရုပ်ရှင်ကိုသာ ရွေးကြည့်၏။ ဂျပန်သီချင်းတွေကို ရွေး၍နားဆင်၏။ ဂျပန်ဝတ္ထု စာအုပ် များကိုသာဖတ်ရှု၏။ ဂျပန်မှာ အလုပ်သွားလုပ်ဖို့ ကြိုးစားရာတွင်မူ ကျန်းမာရေး ညံ့ဖျင်းပြီး “ဆေး” စစ် ချက်မအောင်၍ မသွားရရှာချေ။ အဲသည်သူငယ်ချင်း ဘယ်က လောက် ဂျပန်က အစွဲကြီးသနည်း ဆိုလျင်၊ ဘက်စကား စီးရာမှာပင် ဂျပန်မှလာသော တစ်ပတ်ရစ် ဘတ် စကားကိုသာစီးသည်။

ယခုအခါ … ဂျပန်ဘတ်စ်ကား တွေနေရာမှာ ကိုရီးယားဘတ်စ်ကား၊ တရုတ်ဘတ်စ် ကားတွေဝင်လာသောအခါ သူငယ် ချင်း အကျပ်ရိုက်သွားတော့၏။ “ဂျပန်ဘတ်စ်ကားမရှိတော့ ဂျပန်တက္ကစီကားတွေချည်းစီးနေရ တာ။ တက္ကစီခနဲ့တင် ငါမွဲတော့မယ် ကွာ။ ဂျပန်ကားမှ ဂျပန်ကားပဲစီးမယ်”ဟု သူသည် အစွဲကြီးကြီးနှင့် ဂျပန်ရူး ရူးနေသည်။ စီဂျေလည်း ဘာမှ မတတ်နိုင်။ တစ်နေ့တွင် သူငယ်ချင်း သည် စိတ်လက်မကြည်လင်၊ မရွှင်သော မျက်နှာထားဖြင့် စီဂျေထံ ရောက်လာ သည်။

“သူငယ်ချင်း… ခေါက်ဆွဲ ဆိုင်ကမရောင်းရတဲ့ ဘဲကင်ခြောက် ကြီးလို ညှိုးမှိုင်မှိုင်နဲ့ပါလား ဘယ်လို ဖြစ်တာလဲ”ဟု စီဂျေက ဆီးမေးလိုက် သောအခါ။ သူ့သူငယ်ချင်း ဂျပန် ခရေဇီက သက်ပြင်းရှိုက်လျက်…

“ဂျပန်ကို ထွက်ဖို့ကြိုးစားတာ ဆေးမအောင်ပြန်ဘူးကွာ။ ဂျပန် နိုင်ငံမသွားဖြစ်လည်း ဂျပန်နဲ့ ပတ် သက်တာ တစ်ခုခုလုပ်ရရင် ကောင်း မလားမသိဘူး…”ဟု လေးလေး ပင်ပင် ပြောသည်။ “သူငယ်ချင်း… ဘာလုပ်မယ် လို့ စိတ်ကူးသလဲ…” ခုတစ်လော ဂျပန်ဦးနှောက် ရောင် ရောဂါကာကွယ်ဆေးတွေ ထိုးပေးနေတယ်လေ။ ငါဆေးတစ်လုံး လောက် သွားထိုးလိုက်မယ်။  ဘာပဲ ဖြစ်ဖြစ် ဂျပန်နဲ့တော့ နီးစပ်သွားတာ ပေါ့”ဟဲကောင်။ အဲ့ရောဂါက ကလေးတွေပဲဖြစ်တာဟ။ မင်းအရွယ် ကြီးတွေ မဖြစ်ဘူးဟ။ တော်တော် ကြောင်တဲ့ကောင်ကွာ. ..” စီဂျေမှာ အလုပ်မရှိအကိုင်မရှိ ပျင်းရိနေချိန်တွင်…။ ပျော်စေ ပျက်စေကြုံတွေ့ရသဖြင့်…”ရယ် လိုက်ရတာဖက်ဖက်မော၊ ရင်ဘက် နောက်ကကျော”ဆိုသကဲ့သို့ ခွက်ထိုး ခွက်လန်ရယ်အားသန်မိလေသည်။

  ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*