သဘင် အစည်းအရုံး (ဗဟို)မှသဘင်စည်မျဉ်းစည်းကမ်းရေးဆွဲမှု ၉ဝ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဟု သိရ

သဘင် အစည်းအရုံး (ဗဟို)မှသဘင်စည်မျဉ်းစည်းကမ်းရေးဆွဲမှု ၉ဝ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဟု သိရ
November 21, 2017 Asian Fame
သဘင် အစည်းအရုံး (ဗဟို)မှသဘင်စည်မျဉ်းစည်းကမ်းရေးဆွဲမှု ၉ဝ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဟု သိရ

မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံးက သဘင်ညီလာခံနှင့် သဘင်အစည်းအရုံး(ဗဟို) အမှုဆောင်သစ်ရွေးချယ်ပွဲကို ဒီဇင်ဘာလထဲမှာ ပြုလုပ်သွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ အခုလက်ရှိအချိန်မှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှ သဘင်အစည်းအရုံးများဆီ စာများပေးပို့ထားပြီး ညီလာခံ တက်ရောက်နိုင်မယ့် ကိုယ်စားလှယ်စာရင်းများကို တောင်းခံထားကြောင်း သဘင် အစည်းအရုံး (ဗဟို)ပြန်ကြားရေးမှူး ဒေါ်ပတ္တမြားကေခိုင်က ပြောပြပါတယ်။

”Project ကတော့ စနေပါပြီ။ ကိုယ်စားလှယ်စာရင်းတွေတောင်း ပြီးတော့မှ ယဉ်ကျေးမှု ဝန်ကြီးဌာနနဲ့လည်း ညှိရဦးမယ်ထင်ပါတယ်။ ဒါက မိခင်ဝန်ကြီးဌာနပဲ ဆိုတော့လေ။ သူတို့နဲ့ ညှိနှိုင်းမှု လုပ်ပြီးရင်လုပ်ရမယ် ထင်ပါတယ်။ ဒီဇင်ဘာထဲတော့ ဖြစ်ဖို့များတယ်” လို့ ညီလာခံနဲ့ ပတ်သက်လို့ ဒေါ်ပတ္တမြားကေခိုင်က ပြောပါတယ်။ ညီလာခံကိုတော့ ရန်ကုန်မြို့မှာ အမျိုးသားဇာတ်ရုံမှာ ပြုလုပ်ဖို့ ရည်ရွယ်ထားပြီး တစ်ရက်ကို ညီလာခံ၊ တစ်ရက်ကို သဘင်အစည်းအရုံး (ဗဟို)အမှုဆောင်သစ် ရွေးချယ်ပွဲကို ပြုလုပ်မှာ ဖြစ်ပါတယ်။

”ပထမအကြိမ် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို)ရဲ့ ပထမအကြိမ် ညီလာခံမှာ ဗဟိုအမှုဆောင် ၁၅ ဦးအထိ လျာထားပါတယ်။ ဒါကိုလည်း နာယကကြီးများထံမှာ ခွင့်ပြုချက်ထပ်ယူမှာ ဖြစ်ပါတယ်။ နာယကကြီးများက တိုးသင့်ရင်တိုးပါ။ လျှော့သင့်ရင်လျှော့ပါ။ ဒါကိုလည်း ကျွန်တော်တို့ အတည်ပြုချက် ယူမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံသဘင် အစည်းအရုံးကနေ ဦးစီးပြီးကျင်းပတဲ့ သဘင်ညီလာခံကြီး အောင်မြင်ရေးအတွက် အားလုံးလက်တွဲညီစွာနဲ့ ပူးပေါင်းပါဝင်ပေးကြပါ” လို့ သဘင်ညီလာခံနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးနေဝင်းက ပြောပါတယ်။

သဘင်အစည်းအရုံး (ဗဟို)အနေနဲ့ သဘင်နဲ့ပတ်သက်တဲ့ စည်းမျဉ်း စည်းကမ်းတွေကို သဘင်လောကသားများဖြင့် အကြိမ်ကြိမ် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး တစ်ကြိမ် ဆွေးနွေးလျှင် အင်အား၂ဝဝနဲ့ အထက်ဆွေးနွေးခဲ့ကာ နောက်ဆုံးအကြိမ် ဆွေးနွေးပွဲမှာတော့ အင်အား၈ဝဝကျော်လောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီလို အကြိမ်ကြိမ် ဆွေးနွေးမှုတွေကြောင့် သဘင်စည်းမျဉ်း စည်းကမ်းတွေက ၉ဝ ရာခိုင်နှုန်းလောက်အထိ ရေးဆွဲပြီးစီးခဲ့ပြီ ဖြစ်တယ်လို့ ဒုတိယဥက္ကဌ ဦးနေဝင်းက ပြောပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*