ရန်ကုန်စီဂျေ၏ စွန့်စားခန်းများ – ၆

ရန်ကုန်စီဂျေ၏ စွန့်စားခန်းများ – ၆
November 15, 2017 Asian Fame
ရန်ကုန်စီဂျေ၏ စွန့်စားခန်းများ – ၆

ဘုံကထိန်… ဘုံကထိန် xxx ဘုံကထိန် လှည့်လို့လာ… xxxဘုံကထိန်… ဘုံကထိန် ထထထ ဘုံကထိန် လှည့်လို့လာ…ကထိန်… ဘုံကထိန် xxx ဘုံကထိန် လှည့်လို့လာ… xxxဘုံကထိန်… ဘုံကထိန် xx ဘုံကထိန် လှည့်လို့လာ… အိမ်ရှေ့လမ်းပေါ်မှ ဖြည်း ဖြည်းချင်းရွေ့လျားဖြတ်သန်းနေ သော ဘုံကထိန်လှည့်လည်ပွဲတွင် ရှေ့ဆုံးကနေ ဦးဆောင်လာသည့် ထရပ်ကားကြီးပေါ်မှ သီချင်းသံက ငိုက်မျဉ်းနေသော ရန်ကုန်စီဂျေကို  ကြမ်းတမ်းစွာလှုပ်နှိုးလိုက်၏။ “ကြမ်းတမ်းစွာ”ဟူသော ကြိယာဝိ သေသနဖြင့် မလုံလောက်သေးပါ။  “ရက်စက်ကြမ်းကြုတ်စွာ”ဟူသော ကြိယာဝိသေသနကိုသုံးမှသာ မှန်ကန် ပြည့်စုံနိုင်ပေလိမ့်မည်။ အကြောင်း သော်ကား… ထရပ်ကားကြီး၏ ပက်လက်ကုန်တင်ခန်းမှာ ၈ လက်မ စပီကာတွေ တပ်ဆင်ထားသော ဧရာမဆောင်းဗောက်ကြီး တစ်ဒါဇင် ကျော်ပါရှိသဖြင့် ထွက်ပေါ်လာသော သီချင်းသံနှင့်အတူ တုန်ခါနှုန်းက တရာလွန်မြည်ဟိန်း ဆူပွက်လျက် ရှိသည်။  “ဒိန်း…ဒိန်း” ဆိုသော Bass သံကြီးက ပုဂံတစ်ပြည်လုံး တုန်ခါသွားစေသည်ဟုဆိုသော “ပန်းပဲမောင်တင့်တယ်” ၏ ပေတုန်း ပေါ် တူထုသံထက်ပင်ပို၍ တုန်ခါ လှိုင်းပြင်းထန်ဦးမည်ဟု စီဂျေ တွေးမိ သည်။ “အို…ဒါ ဂီတပဲလေ။ ငရို့ မြန်မာတွေက ဂီတကို အရမ်းမြတ်နိုး ကြတာကလား။ လူသေလို့ မသာချ တာတောင် ဗျိုင်းတောင်သံလို့ခေါ်တဲ့ မျောက်မင်းအူသံတီးလုံးကလေး တစ်တီတီနဲ့ တယ်ပြီး ဂီတချစ်တဲ့ လူမျိုးတွေ”ဟု စီဂျေက ဖြေတွေးတွေး ပြန်သည်။ “တောက်… မင်းတို့ ဗမာ ပြည်ကြီးကို ကြာလေ ကြာလေ ငါ စိတ်ပျက်လေလေပဲလကွာ”ဟု ရန် ကုန်စီဂျေ၏ မိသားစုနှင့်အတူနေ သော အသက် ၈ဝ အရွယ်ဘကြီးက တဖျစ်တောက်တောက်နှင့် ငြီးတွား လာသောအခါ။ စီဂျေမျက်လုံး ကျယ် သွား၏။ အင်း…တော်တော်က လေး မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြတ်မှုအားနည်းတဲ့ အဘိုးကြီး ပါကလား။ မြန်မာနိုင်ငံ မြေပေါ်မှာ မြန်မာလူမျိုးက မွေးဖွားပြီး မြန်မာ့ ရေသောက်၊ မြန်မာ့ဆန်စားပြီး မြန်မာ့လေကိုရှူရင်း ကြီးပြင်းလာတာ သေကာတောင် နီးနေပြီ။ မြန်မာ နိုင်ငံကိုစိတ်ပျက်သတဲ့…။ တော် တော်ခက်တဲ့ဘိုးတော်ပဲ။ “မြန်မာ ပြည်ကို စိတ်ပျက်ရင် ဆွဇ်ဇာလန်လို ဥရောပနိုင်ငံမှာ အေးအေးချမ်းချမ်း သွားနေလိုက်ပါလားဘကြီးရဲ့။အဟီး” အဘိုးကြီးက သူ့ကိုငေါ့မှန်းသိ၍ မခံမရပ်နိုင်ဖြစ်ကာ စီဂျေကို အစိမ်း လိုက် ဝါးစားတော့မလို ပြူးပြဲကြည့် သည်။ “ဟိတ်ကောင်… မင်းက သတင်းသမားဆိုပြီး သွေးနားထင် ရောက်နေတဲ့ လေသံနဲ့ ငါကိုဝေဖန် နေတာလား။ မင်းတို့ ကထိန်ပွဲတွေက ကုလားဘုရားပွဲလှည့်သလို  ဆူညံ လွန်းအားကြီးလို့ ပြောနေတာကွ” “ပျော်ပွဲရွှင်ပွဲဆိုတော့ မြန်မာ ပီပီ ပျော်ရွှင်ကြတာပေါ့ဘကြီးရာ။ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက် စွာနဲ့ မြန်မာအချင်းချင်း သဘောထား ကြီးစွာ နာလည်ပေးလိုက်ပါ” “အောင်မာ.. မင်းကများးငါ့ကို တရားဟောနေရသေးလား။ ကထိန် ဆိုတာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဆယ့်နှစ် ရာသီ အလှူဒါနပွဲတွေထဲမှာ အကြီး ကျယ်ဆုံးပဲဆိုတာ ငါနားလည်တယ်။ သံဃာတော်အရှင်သူမြတ်များ အ တွက်လည်း အရေးပါတဲ့အလှူခံ အခမ်းအနားတစ်ခုပဲဆိုတာ မင်းမှတ် ထားပါ။ ကထိန်ဆိုတာ (ကထိန) ဆိုတဲ့ ပါဠိစကားကနေ ဆင်းသက် ရွေ့လျားတာ။ အဓိပ္ပာယ်က “မြဲမြံ စွဲခိုင်ခြင်း”တဲ့။ သာသနာကို စောင့် ရှောက်တော်မူကြတဲ့ သံဃာတော် အရှင်သူမြတ်တွေဟာ ဗုဒ္ဓသာသနာ တော်အတွင်းမှာ စွဲစွဲမြဲမြဲ သီတင်း သုံးနေနိုင်ကြအောင် ဗုဒ္ဓဘာသာဝင် အလှူရှင်တွေက ရည်စူးပြီး ရက်ရက် ရောရော သဒ္ဓါတရား အပြည့်နဲ့ လှူကြတန်းကြတာ။ ဒီလိုထူးမြတ်တဲ့ ဘာသာရေး အခမ်းအခနားမှာ ဆောင်းဘောက်တွေ၊ လော်စပီကာ တွေက ပြည်ပန်းညို ချိုချင်ပါလျက် ဆားက ဖျက်နေသကွာ…” “ဒါကတော့ ဘကြီးရယ်… ခေတ်နဲ့လျော်ညီစွာ…” “ဘာကွ။ ဘာခေတ်တုန်း” ဘကြီးက အော်လိုက်သောအခါ စီဂျေက မျက်နှာချိုသွေးပြီး… “ဟဲဟဲ အိုးစည်ဒိုးပတ်ဝိုင်းက ခေတ်ကုန်သွားပြီ ဘကြီးရဲ့။ ဒီခေတ် က ဒစ္စကိုခေတ်…တက္ကနိုမြူးဇစ် ခေတ်..ဟဲဟဲ..” “မင်းလို အမေကျော် ဒွေးဒေါ်လွမ်းတဲ့ကောင်စားတွေကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှုတွေ ဆုတ် ယုတ်လာတာကွ။ ဘာ မြူးဇစ်လဲ။ အရူး မြူးဇစ်၊ အရိုင်း မြူးဇစ်၊ ဒိဋ္ဌိ မြူးဇစ်၊ ဆေးကြောင်ကြောင်တဲ့ မြူးဇစ်၊ အရက်ကြောင်ကြောင်တဲ့ မြူးဇစ်” အဘိုးကြီးက ဆီမန်းမန်းသလို ရေရွတ်နေဆဲတွင် အင်မတန်လျင် မြန်ဖျတ်လတ်သော စီဂျေသည်။ အ ဘိုးကြီး အနီးမှ လှစ်ခနဲ လစ်ထွက် လာခဲ့တော့သည်။ ကထိန်လှည့် လည်ပွဲတွေမှ ဂီတကိုနား ထောင်ရင်း၊ စီဂျေမှာ စိတ်ကူးသစ်တစ်ခုရခဲ့ပါ ပကော။ “ကထိန်ခင်းဖို့ အလှူရှင်တွေက ပဒေသာပင်တွေ လှလှပပ ခမ်းခမ်း နားနားဆင်ယင်ပြီး အတီးအမှုတ် အက အခုန်တွေနဲ့ လှည့်လည်တဲ့ ပွဲ ဟာ မြန်မာနိုင်ငံရဲ့ ဂုဏ်ကျက်သရေ တစ်ရပ်ဖြစ်တယ်ဆိုတာ ကမ္ဘာကသိ အောင် တာဝန်သိတဲ့ မြန်မာ တစ်ယောက်အနေနဲ့ ငါက Photo Essay ပုံစံဖန်တီးရမယ်။ ပြီးရင် အင်တာနက်ပေါ်တင်ပြီး ဗဟုသုတ ဖြန့်ဝေလိုက်မယ်။ လူတွေတစ်ဦးရဲ့ ယဉ်ကျေးမှုကို တစ်ဦးကနားလည် ခံစားကြပြီး ကမ္ဘာကြီးငြိမ်းချမ်းနိုင်ပါ စေဗျာ…” စီဂျေသည် ပါးစပ်မှ တတွတ် တွတ်ရွတ်ဆိုရင်း ကထိန်လှည့်လည် ပွဲများဖြင့် ပျားပန်းခတ်သလို လှုပ် ရွနေသည်။ ကြက်ပျံမကျ၊ ငှက်ပျံ မကျသော လူအုပ်ကြိးဆီသို့ ပြေး လာခဲ့လေသည်။ လူအုပ်ကြီးက အနီး သို့ ရောက်လျှင် သူ၏ဖုန်းကို ထုတ် ကာ ကင်မရာကိုဖွင့်၍ တဖျတ်ဖျတ် ဓာတ်ပုံရိုက်နေလေတော့သည်။ သူသည် လှပဆန်းကျယ်သော ပဒေသာပင်များကိုလည်း ဓာတ်ပုံရိုက် ၏။ တန်းစီလျှောက် နေကြသည့် ဝတ်ကောင်းစားလှနှင့် မိန်းမချော ကလေးများကိုလည်း ဓာတ်ပုံရိုက် ၏။ ကားပေါ်တွင် တက္ကနိုတီးလုံး နှင့်အတူ တီကောင်ကို ဆားပက်ခံရ သည့်ဟန်မျိုး တွန့်တွန့်လူးအောင် ကနေကြသူများကိုလည်း ဓာတ်ပုံ ရိုက်၏။ “ကြည့်စမ်း… ပျော်နေလိုက် ကြ တာ… သင်္ကြန်ပွဲ ကျနေတာပဲ”  စီဂျေသည် ကားပေါ်မှ လွှင့် ထုတ်နေသော တက္ကနိုတီးလုံးအတိုင်း ရိုးတိုးရွတ ကခုန်နေကြသူများကို လိုက်ကြည့်သည်။ လူပျိုလူရွယ် ယောက်ျားကလေးတွေ ကကြတာ တော့ ထားပါ…။ကလေးသူငယ် တွေ ကတတ်သလို ကနေကြတာကို လည်း ထားပါ။ အို… အဘွားကြီး တွေ မိန်းမကြီးတွေက တက္ကနိုဂီတ စည်းချက်အတိုင်း ပခုံးလှုပ် တင်လှုပ် နှင့် ကိုးရိုးကားရား ကနေကြတာတော့ အမြင်မတော် ဆင်တော်နဲ့ ခ လောက်။ ကခုန်နေကြသော လူငယ်များ အနီးသို့ စီဂျေသည် အသာကလေး ချဉ်းကပ်သွားသည်။ အသံဖမ်း စက် ခလုတ်ကို ဖွင့်ထားသည်။  “ဘရားသားတို့ ကထိန်အလှူ ပွဲမှာ ပျော်လို့ကကြတာပေါ့ နော်…” “ဝုတ်တယ်။ ပျော်တယ်။ စောက် ရမ်းပျော်တယ်…အေ့” အရက်နံ့က ထောင်းခနဲ၊ ထောင်းခနဲ။ “ကထိန်ပွဲမှာ တို့အမေကြီးတို့ ပျော်ကြတယ်နော” ဟု စီဂျေက သာ မန်အရပ်သူဖြစ်ပုံရသော မိန်းမကြီး တစ်ယောက်ကို အသံဖမ်းစက်ကလေး မြှောက်ကိုင်ရင်း မေးလိုက်ပြန်သည်။ “ပျော်တာပေါ့ကွယ်။ အရမ်း လွှတ်ပေါ်တာပေါ့” ဘီယာနံ့ ချဉ်စုတ်စုတ်က ထောင်းခနဲ ထောင်းခနဲ။ “အင်း.. တစ်ခုခုတော့ မှား နေပြီ”ဟု တွေးကာ၊ ဘာသာရေးပွဲ ကို ယမကာနှင့် အရှိန်မြှင့်နေသူများ အနီးမှ စီဂျေ ကမန်ကတန်း ဆုတ် ခွာခဲ့၏။ ထိုစဉ်… စူးစူးဝါးဝါး အော်သံတွေ အသည်းယားစဖွယ် ပေါ်ထွက်လာ ပြန်တော့သည်။ “ဟေ့..ဟေ့၊ ဟိုမှာ ပဒေသာ ပင်လှည့်တဲ့အဖွဲ့တွေ အချင်းချင်း မူးပြီး ရိုက်ကုန်ကြပဟေ့. ..”

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*