နာကျင်ကြေကွဲ

နာကျင်ကြေကွဲ
November 15, 2017 Asian Fame
နာကျင်ကြေကွဲ

(၁) ကြေကွဲခြင်းဟာ

တောင်ပံတွေတပ်ကာ

ရောက်လာပါသလား

မြန်ဆန်လိုက်တာ…

ဆိုပါစို့

ကမ္ဘာရဲ့တစ်နေရာမှာ

အပူရှိန်ပြင်းလွန်းတဲ့အတွက်

ပန်းတစ်ပွင့်

အကြွေမြန်ရတာကအစ

သီချင်းတစ်ပုဒ်

နားထောင်နေရင်း

မယ်မယ်ရရမရှိဘဲ

ကြေကွဲလာရတာအဆုံး

အားလုံးလောက်နီးနီးဟာ

သူနဲ့ပတ်သက်လာရတာပေါ့

မိမိရဲ့ကဗျာတစ်ပိုင်းတစ်စကို သတိရမိသည်။

အမည်က ကြေကွဲခြင်း။

ကဗျာအဆုံး မှာ…

အလို… အမေတဲ့

ကလေးတစ်ယောက်ရဲ့

သူ့အမေခေါ်သံကြားရင်ပဲ

အမေ့ကိုသတိရ

အလိုလို ကြေကွဲမိပြန်တော့ တယ်…လို့ ရေးဖွဲ့ခဲ့ပါသည်။

အမေလို့ ခေါ်သံကြားလိုက်ရင် ပင် အမေ့ကို သတိရမိတော့တယ်။ အမေကိုသတိရတာနဲ့ တစ်ပြိုင်နက် အမေနဲ့အတူနေခဲ့ရတာတွေ ပြန် လည် သတိရမိပါတော့တယ်။ မိမိ ငယ်ငယ်က လေတံခွန်လိုက်တာ အ လွန်ဝါသနာပါသည်။ စွန်တွေ တစ် စွန်နဲ့ တစ်စွန်ဖြတ်ကြ။ ပြတ်ပြီဆိုရင် လိုက်ကြ။ တစ်ခါတော့ စွန်လိုက်ရင်း ဗွက်ထဲနင်းမိလို့ ဖိနပ်တစ်ဘက် ရှာမ ရေတော့ပါဘူး။ အမေကရိုက်ပါ တယ်။ အမေ့ပုံရိပ် တစ်ချို့တလေပေါ့။ နောက်ပြီး အမေက ဟင်းချက် အလွန်ကောင်းပါတယ်။ အမေ့လက် ရာကို စားပြီးရင် စားတဲ့လူတွေ မချီး မွှမ်းဘဲ မနေနိုင်ပါဘူး။ တကယ်တော့ အမေကကျွန်တော်နဲ့ နေချင်ရှာတာပါ။  ကျွန်တော်ကလည်း ကိုယ့်မိသားစု လေး ရပ်တည်ရေးကို အချိန်မရှိ အချိန်ရှိ လုပ်ခဲ့ရတော့ အမေ့ကို ခေါ် မထားနိုင်ခဲ့ပါဘူး။ အမေဆုံးတော့ အမေ့ရွာမှာပါ။ အသက်မီရုံပဲ မီပါ တော့တယ်။ စဉ်းစားမိရင် အမေ့ အတွက် စိတ်မကောင်းပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း မကျေနပ်ပါ ဘူး။ ဝမ်းနည်းစိတ်သာ တဖြေးဖြေး ရစ်နှောင်လာပါတော့တယ်။

(၂) အချစ်

ဘာရယ်မဟုတ်

ရောက်တတ်ရာရာ

ပြောဆိုခြင်းများနဲ့

တို့ရဲ့လ္ဘက်ရည်များ

အချစ်လှေငယ်ကလေး

တရွေ့ရွေ့မျော

ဘယ်သောင်တင်လို့

ဘယ်ကမ်းဆိုက်မှာလဲ

မင်းရဲ့အကြည့်တစ်ချက်

မင်းရဲ့မျက်တောင်တစ်ခတ်

ကိုယ့်ကမ်းစပ်ကို

ရိုက်ခတ်ခဲ့ပြီလား

ဓာတ်ကြိုးပေါ်က

ငှက်ကလေးနှစ်ကောင်

အတိတ်တဘောင်အဖြစ်

စဉ်းစားနေစဉ်

နာကျင်ခြင်း

မြားတစ်စင်း

ကိုယ့်ရင်ကိုစိုက်ခဲ့ပေါ့

ဘဝက

အဲဒီလောက်  ခွင့်ပြုမျာ

မဟုတ်ဘူး

စည်းပေါင်းများစွာ

ခြားနေတဲ့အဖြစ်တွေ

ဘယ်လိုပဲဖြစ်ဖြစ်

မင်းရဲ့ ကြည်လင်နေတဲ့

မျက်ဝန်းလေး

မှိုင်းညို့ညို့ဖြစ်သွားမှာ

မဆီမဆိုင် စိုးရိမ်နေမိ

မရေမရာထဲမှာ

 

မရေမရာခဲ့ပေမယ့်

သေသေချာချာ

လွမ်းလို့ နေပြန်ရော

(၃)
ကိုသျှိုင်းရဲဝံ့ ပြန်သွားပြီ။ ကိုယ် သစ်ဦး ပြန်သွားပြီ။ ကိုဟိန်းထက်လွင် ပြန်သွားပြီ။ ရဲရင့်ပိုင်အောင် ပြန်သွား ပြီ။ ကိုအောင်ခန့်မိုး ပြန်သွားပြီ။ လ္ဘက်ရည်ဆိုင်မှာ  မိမိတစ်ယောက် တည်း။ မိုးကရွာနေသည်။  စိတ်တွေ က ဟိုရောက် ဒီရောက်။ အတိတ်မှာ လည်း တဝဲလည်လည်။ ပစ္စုပ္ပန်လည်း ကူးလူးသွားလာ။ မိမိကဗျာများ မိမိကို နှိပ်စက်နေသည်။ ကြကွဲခြင်း ကဗျာက ကြေကွဲခြင်း စကားလုံး အချစ်ကဗျာက နာကျင်စကားလုံး။ နာကြင်ကြေကွဲ…။

တကယ်တော့ အခုအချိန် မိမိဘဝမှာ လိုအပ်ချက်တွေ သိပ်မလို အပ်တော့ဘူးလို့ ထင်မိသည်။ စား ဝတ်နေရေး သိပ်မပူပင်ရ။ စာပေ လည်း ကျေနပ်လောက်အောင် မ ဟုတ်ပေမယ့် အထိုက်အလျောက် တော့ ရေးနိုင်သည်။ စာလည်း ဖတ် နိုင်သည်။ အဝေးကြီး မသွားနိုင်ပေ မယ့် လမ်းထိပ်ဂျာနယ်ဆိုင်ကို သွားရင်း ဂျာနယ်တွေ တစ်စောင်ပြီး တစ်ဆောင်ဖတ်နိုင်သည်။ ဆီးချို ရောဂါ နှလုံးရောဂါတွေ ရှိပေမယ့် ဆေးတွေသောက်ပြီး ထိန်းနိုင် သည်။ ဆေးဖိုးဝါးခလည်း သားသမီး တွေက စီစဉ်ပေးသည်။ ဘာတွေ လို အပ်နေပါသလဲ။
မခုတလော အလိုလို နေရင်း ဝမ်းနည်းစိတ်ဝင်နေသည်။ ဘာ မဟုတ်တာလေးနဲ့ ဝမ်းနည်းတတ် သည်။ ဝမ်းသာစရာ စကားတစ်ခွန်း ပြောချင်တာ ပြောရမယ့်လူ မရှိ။ မိသားစုထဲက တစ်ယောက်ယောက် ကို ပြောလိုက်ချင်သည်။ သူတို့ကိစ္စ သူတို့အလုပ်တွေနဲ့ ရှုပ်နေတော့ မိမိစကားကို နားထောင်မည့်သူမရှိ။

မိုးကမစဲသေး။ သဲသဲမဲမဲရွာနေ ၏။ ပြောစရာစကားမပြောရတာနဲ့ ဒီလောက်နာကျင်ကြေကွဲစရာလား။ မိမိကိုယ် မိမိပြန်မေးခွန်း ပြန်မေးမိ ပေမယ့် တိကျရေရာတဲ့ အဖြေကို မိမိမရှာတတ်။ “ဘဝက အဲဒီလောက် ခွင့်ပြုမှာ မဟုတ်ဘူး။စည်းပေါင်းများစွာ ခြားနေတဲ့ အဖြစ်တွေ” အဲဒီကဗျာတစ်ပိုဒ်ကလည်း အခုအချိန်မှာ အကျုံးဝင်သေးတယ်လို့ ပြောလို့ရပါဦးမည်လား။ပြည့်စုံမှုနဲ့ မပြည့်စုံမှုဟာ ဘဝ မှာ ဘယ်လောက်အရေးကြီးသလဲ။ ရုပ်ဝတ္ထုပြည့်စုံမှုနဲ့ စိတ်ပိုင်း အခြေ အနေပြည့်စုံမှု ဘယ်ဟာက ပိုအရေး ကြီးသလဲ။

မိမိမှာသားတစ်ယောက်နှင့် သမီး သုံးယောက် ရှိသည်။ စာပေဝါသနာ တစ်ယောက်လောက်တာ့ ပါစေ့ချင် သည်။ သမီးလေးနှင့် စာအကြောင်း ပေအကြောင်း ဖောင်ဖွဲ့ချင်သည်။ တောအကြောင်း တောင်အကြောင်း စကားပြောချင်သည်။ ဤကိစ္စနှင့် ကော နာကျင်ကြေကွဲက ဆက်စပ် ပါသလား။ မိမိ သေသေချာချာ မသိပါ။ သေချာတာက မိုးတိတ်လျှင် အိမ်ပြန်ရမည်။ ဘယ်သူမှမရှိသည့် အိမ်ကို တံခါးဖွင့်ဝင်ရမည်။ သမီး လေးချက်ပေးသည့် ဟင်းနဲ့ တစ် ယောက်တည်း ထမင်းစားရမည်။ အဲဒါက ပိုပြီးသေချာသည်။
နောက်ထပ်ပိုပြီး သေချာတာက နာကျင်ကြေကွဲစရာတွေ အချိန်မရွေး ဘဝထဲဝင်လာနိုင်တာကို မိမိ၏ ဘဝအတွေ့အကြုံအရ သိနေတာပဲ ဖြစ်သည်။

မောင်ကြည်သာ(တောင်တွင်း)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*