လေထဲမှာ လွင့်နေတယ်

လေထဲမှာ လွင့်နေတယ်
November 10, 2017 Asian Fame
လေထဲမှာ လွင့်နေတယ်

ရုတ်တရက်ကြီး သူ့အကြောင်း ကြားလိုက်ရတော့ ကျွန်တော်အ တော့်ကို အံ့သြသွားတယ်။ ”ဖြစ်မှ ဖြစ်ရလေ မြန်လိုက်တာ”လို့ စိတ်ထဲ မှာ တွေးပြီးဝမ်းနည်းလာတယ်။

တကယ်တမ်းတွေးကြည့်ရင် သူ့ဘဝ၊ သူ့အခြေအနေ ခုလိုမဖြစ် သင့်တာအမှန်ပါ။ ပညာရှိ သတိဖြစ် ခဲလား။ သူ့ဘဝတစ်လျှောက်လုံး ဟော့ဟော့ရမ်းရမ်း ဆိုးသွမ်းနေခဲ့ တာလဲမဟုတ်၊ အရက်သောက်၊ ဖဲ ရိုက်၊ ကွမ်းစား၊ဆေးသောက် ကုန် ကုန်ပြောရရင် မိန်းမကိစ္စတွေလည်း သူဘာတစ်ခုမှ မလုပ်ခဲ့၊ မရှုပ်ခဲ့ဘူး။

ဒါပေမဲ့ နှစ်နှစ်အတွင်း သူ့မိဘ တည်ထောင်ပေးခဲ့တဲ့ စီးပွားဥစ္စာ၊ ထားခဲ့တဲ့ အိမ်ခြံတွေပါ လက်ရှိက လက်မဲ့ဖြစ်ရတဲ့ဘဝ။ ခက်တာက သိုသိပ်လွန်းတဲ့သူ့ဘဝ အချိုးအကွေ့ တွေက ကျွန်တော်တို့တစ်တွေအတွက် ပဟေဠိတွေ ချန်ထားခဲ့တယ်။

(၂)

သူနဲ့ပတ်သက်ပြီး ကျွန်တော့် ဘဝမှာ စာအုပ်စာပေကစခဲ့တာပါ။ အဲဒီအချိန်တုန်းက သူကဘွဲ့ရပြီးစ။ မိဘလက်ငုပ်ဖြစ်တဲ့ အရောင်းအ ဝယ်အလုပ်ကို ကူလုပ်နေတဲ့အချိန်။ ကျွန်တော့်စာအုပ်ဆိုင် ညနေပိုင်း လောက်ဆို ရောက်ရောက်လာတယ်။ နောက်မှသိရတာက မနက်ပိုင်းမှာ သူ့လုပ်ငန်းက အလုပ်များတော့ ညနေလောက်မှ လာရတဲ့အကြောင်း။ မှတ်မှတ်ရရ . . . ကျွန်တော့်စာအုပ် ဆိုင်မှာ သူပထမဦးဆုံး ‘ဆရာပါရဂူ’ ရဲ့ ‘သိဒ္ဓတ’စာအုပ်ဝယ်ခဲ့တယ်။ ဆိုင်မှာ သူကြိုက်တဲ့စာအုပ်တွေ့ရင် လည်း ဝယ်သလို၊ မတွေ့ရင်လည်း သူနဲ့ ကျွန်တော်စာပေအကြောင်း ပြောရင်း အချိန်ကုန်ကြတယ်။

တကယ်တမ်း သူနဲ့စာပေအ ကြောင်း ဆွေးနွေးကြည့်မှ စာပေ ဝမ်းစာ ပြည့်သူတစ်ယောက်၊ ဒါမှ မဟုတ် ခေသူတစ်ယောက်မဟုတ် မှန်း ကျွန်တော်သိလာရတယ်။

ကျွန်တော်တို့ စာပေဝါသနာတူ တွေ မကြာမကြာ ဆုံနေကျလက်ဖက် ရည်ဆိုင်လေးရဲ့ စိန်ပန်းပင်ကြီး အောက်မှာ တစ်ခါတစ်ရံ သူ့ရဲ့စာပေ အယူအဆ၊ အတွေးအခေါ်တွေကို နားထောင်ခဲ့ရတယ်။

သိုသိပ်လွန်းသူဆိုတော့ ရုတ်တ ရက် သူစာရေးနေမှန်း ကျွန်တော် မသိခဲ့။ အဲဒီအချိန် မဟေသီလို မဂ္ဂဇင်းကြီးမှာ အက်ဆေးသုံးပုဒ် ရေးပြီးလို့၊ သူ့အက်ဆေးတစ်ပုဒ်နဲ့ ပတ်သက်ပြီး စာပေလောကမှာ သို့ လောသို့လောအသံတွေ ထွက်လာမှ သိခဲ့ရတာ။

”ဒီလူ့နှယ်ဗျာ အက်ဆေးသုံးပုဒ် စာကို တစ်ပုဒ်ထဲရေးလိုက်တာ နှမြောစရာကြီး”

လက်ရှိစာပေနယ်မှာ နာမည်ရ ဆရာကြီးတွေရဲ့ အဲဒီလိုမှတ်ချက် ချသံတွေကြားမှ ကျွန်တော်သိခဲ့ရ တာ။ နောက်ပြီး သူနောက်ရေးမယ့် စာပေအနုပညာ ဖန်တီးမှုတွေကို စာပေလောကက မျှော်လင့်နေကြ တယ်။ နောက်ပိုင်းတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်ကိုသူပြော လာတယ်။

”ကိုသစ်ထွန်းရေ၊ နောက်ဆို နှင်းဆီနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ အက်ဆေးတစ်ပုဒ် ခင်ဗျားဖတ်ရဦး မှာဗျ”

အဲဒီကိစ္စနဲ့ပတ်သက်လို့ ကျွန် တော်တို့လည်း မျှော်လင့်နေကြတယ် လေ။ ရေးသက်နုနယ်ပေမယ့် သူရေး တဲ့ အက်ဆေးကိုကြည့်ပြီး အနုပညာ နဲ့ပတ်သက်လို့ အထင်မသေးရဲဘူး။ သူ့အယူအဆ၊ သူ့ခံယူချက်တွေက ပြင်းထန်နေတဲ့အချိန်။

အနုပညာသည် အနုပညာ အတွက်…

အနုပညာသည်သာ သူ့ဘဝ၊ အသက်…

(၃)

တစ်ခါတလေ ဈေးပိတ်တာ နဲ့ကြုံလို့ ကျွန်တော်ရတဲ့ စာအုပ် လေးတွေ သူကြိုက်တတ်မှန်းသိလို့ အင်္ဂလိပ်စာအုပ်လေးတွေ သူ့အိမ်ကို သွားပြတော့ ကတ်ကြေးတစ်လက်နဲ့ ပန်းပင်တွေကြားမှာ သူ့ကိုတွေ့လေ့ ရှိတယ်။ ပန်းပင်တွေဆိုလို့ အိမ် တစ်အိမ်ထဲမှာ ခြံက နှစ်ခြံဖြစ်နေ တာ။ ကျွန်တော်သတိထားမိတယ်။

များသောအားဖြင့် နှင်းဆီပင် တွေက ခပ်များများဆိုတော့ သူနှင်း ဆီအက်ဆေးရေးမယ့်အကြောင်း ပြောခဲ့ဖူးတာကို အမှတ်ရမိပါတယ်။ အိမ်ကလေးက တစ်ထပ်တိုက်လေ။ သူစာရေးတဲ့စားပွဲနားထိ ဧည့်ခန်းထဲ မှာ နှင်းဆီပန်းရနံ့တွေ သင်းသင်း လေးမွှေးနေတယ်။

ကိုယ့်လူက စိတ်ကူးယဉ် သလားမပြောနဲ့။ စာရေးတဲ့စားပွဲ ပေါ်မှာ ရွှေငါးကန်လေးက တင်ထား လို့။ မှန်ကန်ထဲမှာ ရွှေငါးလေးတွေ၊ ရွှေငါးလေးတွေ တစ်ကောင်နဲ့ တစ် ကောင် လိုက်တမ်း၊ ပြေးတမ်းကစား နေသလို။ ကန်ထဲမှာ ရေမှော်တွေ၊ ကျောက်တံးကျောက်ဆောင်တွေ ဖန် တီးထားတော့ ငါးလေးတွေ ပျောက် လိုက်၊ ပေါ်လိုက်နဲ့ သူတို့ခမျာ တကယ့်ကို ပင်လယ်သမုဒ္ဒရာကြီးထဲ ရောက်နေတယ်လို့ ထင်နေမှာပဲ။

ဒါပေမဲ့တကယ်တော့ ဒါတွေ ဟာ နွားခြေရာခွက်ထဲက ဖားသူငယ် လို အဖြစ်မျိုးလို့ ဆိုပေမယ့် သူဖန်တီး ထားတဲ့ မှန်ရေကန်လေးကို ကြည့် ရင်းက ကျွန်တော်ကိုယ်တိုင် တကယ် ပင်လယ်ရေအောက်ကြမ်းပြင် ရောက်သွားသလို ထင်လာမိတယ်ဆို တာ ဝန်ခံပါတယ်။

ဧည့်ခန်းနံရံတွေဆီ ကြည့်လိုက် တော့ နံရံဘေးမှာ ကပ်ထောင်ထားတဲ့ စာအုပ်ဘီဒိုကြီးထဲမှာ အင်္ဂလိပ်၊ မြန် မာအစာအုပ်တွေများ စီထားလိုက် တာ ပြည့်ညပ်လို့။ စာအုပ်တွေကို ကြည့်ပြီး ‘သူ့’စာပေလေ့လာမှုကို ခန့် မှန်းလာမိတယ်။

ကျွန်တော့်မျက်လုံးတွေက စာ အုပ်ဘီဒိုပေါ် ရောက်သွားပြန်တယ်။ ငွေဖလားတွေ၊ ငွေဖလားတွေ ထပ် ထားလိုက်တာများ အစိတ်၊ သုံးဆယ် လောက်ရှိမယ်။ ဘာလုပ်တာပါလိမ့်။ သိချင်စိတ်ကြောင့် . . .

”ကိုထွန်းဝေ၊ ငွေဖလားတွေက များလှချည်လား၊ ဘာလုပ်ဖို့ ဝယ် ထားတာလဲ”

ကျွန်တော့်စကားကြောင့် သူရယ်ပြီး . . .

”ဝယ်ထားတာမဟုတ်ဘူး ကိုသစ်ထွန်းရေ။ ကျွန်တော့် သား သမီးတွေ ပညာရည်ချွန်ဆုရတဲ့  ဖလားတွေဗျ”

အံ့သြလို့မဆုံးဘူးဗျာ။ တကယ် ကိုတော်လိုက်တဲ့ကလေးတွေ။ ဖခင် ခြေရာနင်းမယ့်သူတွေပါလား။ သူကိုယ်တိုင်ကလည်း ဘွဲ့ရ၊ ပညာ တတ်။ အသက်ကြီးမှ အိမ်ထောင်ကျ ပေမယ့် မိန်းမကိုချစ်လိုက်တာများ တုန်လို့။ သူ့မိန်းမဘာလုပ်လုပ်၊ မင်း သဘောထဲကပေါ။ သူတို့မိသားစု လေးကို ကြည့်ပြီးအာကျနေမိတယ်။

နေစရာအိမ်ရှိတယ်။ လုပ်ကိုင် စရာ ဆိုင်ရှိတယ်။ မိဘတွေ လက် ထက်က အစပျိုးခဲ့တဲ့ သူတို့ဘဝများ။ ကဲ ဘာလိုသေးသလဲ။

(၄)

အရာရာတိုင်းဟာ မမြဲဘူးဆို တာ တရားအသိရှိကြသူတိုင်း သိ ထားကြပါတယ်။ မွေးဖွားခြင်းကနေ သေဆံးခြင်း၊ ဒီနှစ်ခုပဲရှိတာလည်း သိကြတယ်။ နောက်ပြီး လာတော့ လည်း တစ်ယောက်တည်း။ ပြန်သွား တော့လည်း တစ်ယောက်တည်းပါ။ တရားရစရာတွေ ရှိခဲ့ပေမယ့် သိသိ ကြီးနဲ့ကို မိုက်နေကြတာ။

နောက်ပိုင်း ကိုထွန်းဝေရဲ့ သတင်းတွေက မကောင်းတော့ဘူး။ ဟုတ်တာရော၊ မဟုတ်တာရော ကြား နေရတယ်။ မထင်မှတ်တဲ့ အချိုး  အ ကွေ့တွေက မြန်ဆန်ပြီး ကြမ်းတမ်း လာတယ်။ တစ်နှစ်၊ နှစ်နှစ်အတွင်း အပြောင်းလဲကြီး ပြောင်းလာတယ်။

လက်ရှိမှာတော့ အခြေအနေ တွေက ပြောင်းနေပြီ။ ဘယ်လိုဖြစ် တာပါလိမ့်။ သိချင်လိုက်တာ။ မေးလို့ မကောင်းတဲ့ မေးခွန်းတွေမို့ သိချင် စိတ်ကို ဇွတ်အတင်းမျိုသိပ်နေရတယ်။

သူငယ်ချင်းတစ်ယောက်က တော့ ပြောလာတယ်။ သူ့စကားတွေ က စိတ်ဝင်စားစရာ၊ ”အနုပညာရှု ထောင့်အမျိုးမျိုးက ခံစားတတ်တဲ့သူ၊ အဲဒီလူတစ်ယောက် အချစ်နဲ့တွေ့ တော့ ဆန့်ကျင်ဘက်အမြင်တွေကို တဖြည်းဖြည်းရှိပြီးညီလာတယ်။ နောက်တော့ တူရူတစ်ဖက်တည်း ရောက်သွားရော။ အဲဒါစိတ်ကူးယဉ် မဟုတ်ဘူး။ တကယ့်အဖြစ်အပျက်လို့ ပြောရမယ်။ ဘာပြောပြော တစ်ဦးနဲ့ တစ်ဦး  ချစ်ဖို့သာလိုတယ်။ တကယ် ချစ်လား၊ ဘာလုပ်လုပ် နှစ်သက် တယ်။ ဘာလုပ်လုပ်ဆိုတော့ ကိုယ်နဲ့ ဆန့်ကျင်ဘက်အကြောင်းအရာကို တောင် အကောင်းဘက် မျက်နှာက ကြည့်ပြီးနေတတ်တယ်”

အစစအရာရာ မြန်ဆန်လွန်းတဲ့   အချိုးအကွေ့တွေထဲမှာ လူကပါ အသားအရေအစ ပုံပန်းသဏ္ဍာန်  ပြောင်းပြောင်းလာတယ်။ သူ့မှာ အစကတည်းက ပန်းနာရောဂါ ရှိခဲ့ တာ။ တဖြည်းဖြည်း ရှူဆေးဘူးနဲ့ သက်သာနေရာက ခုတော့ ပါးစပ်ထဲ စပရေးဗူးနဲ့ တရှူးရှူးဖျန်းမှ သက် သာရတဲ့အဖြစ်။ ကြာတော့ အိမ် ပေါက်ရောက်ရင်ကို ဆေးနံ့က အရင် ရနေပြီ။ သူတို့ကိုကြည့်ပြီး ကျွန်တော်ပါ မောလာတယ်။ တလောက မိန်းမ ပြောလာတဲ့စကား

”ရှင့် ကိုထွန်းဝေကြီးကို တွေ့လို့ နေကောင်းလား နှုတ်ဆက်ပေမယ့် ကျွန်မကို မျက်လုံးပြူးကြီးနဲ့ကြည့်ပြီး ဘာမှပြန်မပြောဘဲ စက်ဘီးနင်းသွားလေရဲ့။ ဘာဖြစ်တာပါလိမ့်”

”ဟုတ်ရဲ့လားမိန်းမရာ။ မကြား လို့ဖြစ်မှာပါ။ တစ်ခုခုတော့ လွဲချော် နေပြီ အင်း”

”အမယ်လေးတော်၊ အနီးနား ကပ်ပြီး နှုတ်ဆက်တာ မကြားဘူး ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ဒါဆို ဘာဖြစ်လို့ မျက်လုံးပြူးကြီးနဲ့ ကြည့် သွားရတာလဲ ကဲပြော”

ဒီအကြောင်းနဲ့ ပတ်သက်လို့ ကိုထွန်းဝေကြီးကို မေးကြည့်တော့ . . .

”ဟင် ဟုတ်ရဲ့လား ကိုသစ်ထွန်း။ အားနာစရာဗျာ။ ခုတလော ကျွန်တော့်အမြင်အာရုံတွေ ဝေဝါး နေတယ်ထင်ပါရဲ့။ လူတိုင်းကို ရမ်း မနှုတ်ဆက်ရဲဘူး။ အသိမှတ်လို့ နှုတ် ဆက်ပေမယ့် လူမှားတာ နှစ်ခါ၊ သုံး ခါရှိပြီ။ အသံနဲ့လူနဲ့ အသေအချာတွေ့ မှ ကျွန်တော်နှုတ်ဆက်ရဲတော့တာ ဗျ။ ပြောပြလိုက်ပါ ကိုသစ်ထွန်းရာ။ ကျွန်တော်ကတောင်းပန်ပါတယ်လို့”

(၅)

စီးပွားရေးနဲ့ လူမှုရေးတွေပါ။ ကျရှုံးလာတော့ အတွေးအခေါ်၊ အယူအဆတွေပါ အံ့သြလောက် အောင် ပြောင်းလဲလာတယ်။ အနု ပညာနဲ့ပတ်သက်ပြီး လောဘကြီးသူ၊ အယူအဆ ပြတ်သားသူဆိုပေမယ့် . . .

”နောက်ဆို ကျွန်တော်စာမရေး တော့ဘူး။ ပန်းချီပဲ ဆွဲတော့မယ်ဗျ။ ဘာဖြစ်လို့လဲသိလား ကိုသစ်ထွန်း။ အားထုတ်ရတာခြင်းအတူတူဖြစ် ပေမယ့် ငွေရေးကြေးရေးအရ စာရေးတာထက် ပန်းချီဆွဲတာကမှ တစ်ကားဆို တစ်ကား သိသိသာသာ၊ မြိုးမြိုးမြတ်မြတ်ရတာဗျ။မသကာ နာ မည်ကြီးလာရင် ကမ္ဘာကျော်ဖြစ် သွားနိုင်တယ်လေဗျာ ဟဲဟဲဟဲ”

အံ့သြလောက်တဲ့ အတွေးအ ခေါ်၊ အယူအဆပါပဲ။ ဒါဆို နှင်းဆီ ပန်းအက်ဆေးကို ကျွန်တော်တို့ ဖတ်ရဖို့ မမျှော်လင့်ရဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြီးခဲ့တဲ့လထဲမှာ ကျွန်တော် သူ့အိမ်ဘက်ကိုရောက်သွားတော့ နှင်းဆီပင်တွေ စိုက်ထားတဲ့ဘက်မှာ သွပ်ပြားတွေနဲ့ တစ်ဝက်တိတိ ဝင်း ခတ်လိုက်တာ တွေ့ရတယ်။ ပန်းပင် တွေ၊ နှင်းဆီပင်တွေဆို နောက်ဖေး ဝင်းထံရံနားမှာ တုံးလုံးပက်လက်၊ အခုလည်း လာပြန်ပြီ၊ စာမရေးတော့ ဘူး။ ပန်းချီဆွဲတော့မယ်တဲ့။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စာပေအသိုင်းအဝိုင်းထဲ မှာ အသံတွေကြားလာတယ်။

”ပန်းချီဆွဲတာ လွယ်တယ်များ မှတ်နေလား။ သူဘယ်တုန်းက ပန်းချီ ဆွဲခဲ့ဖူးလို့လဲ။ ကင်းဗတ်စပေါ် စုတ်နဲ့ ဆေး ပုံပြီးလျှောက်သုတ်လို့ ပန်းချီ ကားတစ်ကား ဖြစ်မယ်ထင်နေသ လား။ ဖြစ်တယ်ပဲထားတော့  အနု ပညာမြောက်တဲ့ကားတော့ ဖြစ်မှာ မဟုတ်တာ သေချာတယ်”

သူ့ကိုပြောလည်း ပြောပြောပဲ။ ပြောတဲ့စကားမဆုံးသေးဘူး သူက တော့ ကင်းဗတ်စနဲ့ ဆေးတွေ၊ စုတ် တံတွေဝယ်ပြီးပြီ။ နောက်ပြီး သူ့ ပန်းချီကားကို မြို့ကလေးရဲ့ နာမည် ကြီး ပန်းချီဆရာရဲ့ ဂယ်လာရီမှာ တင်ဖို့လည်း စိတ်ကူးထားပြီးပြီ။ သူ့ စိတ်ကူး အကောင်အထည်က သူထင် သလို အကွက်ဆိုက်လာတယ်။ တိုး ရစ်တစ်ယောက်က ဒေါ်လာ နှစ် ဆယ်နဲ့ ဝယ်သွားတဲ့အသံကြားရ တယ်။ သူကကျွန်တော်တို့ကို ”ကဲဘာ ပြောချင်သေးလဲ”ဆိုတဲ့ သင်္ကေတနဲ့ လက်မတောင် ထောင်ပြလိုက်သေး တယ်လေ။

သူ့ကိုဘယ်လိုနားလည်ရမှန်း မသိသလို၊ အထင်လည်းမသေးရဲ တော့ဘူး။ သူ့ပန်းချီကားကို ကျွန် တော်မကြည့်လိုက်ရပေမယ့် ခင်မင် တဲ့ ကဗျာဆရာက ကြည့်လိုက်ရတယ်။

”ရုတ်တရက်ကြည့်လိုက်ရင် ပန်းချီကားတစ်ကားလုံး ရောင်စုံ ကောက်ကြောင်းတွေနဲ့ ပြည့်ပြီး ရှုပ် ယှက်ခတ်နေတယ်။ ပြောရရင်ဗျာ ဥပမာပြောတာနော် မူကြိုကလေး တစ်ယောက်က ဗလာစာအုပ်ပေါ်မှာ စိတ်ရှိလက်ရှိ ဘောပင်န်နဲ့ ကောက် ခြစ်ထားသလိုပဲ။ အဲ အဲ ဒါပေမဲ့ ပန်းချီကားကိုသေသေချာချာကြည့် လိုက်မှ အဲဒီကောက်ကြောင်းတွေရဲ့ အောက်ဆုံးမှာ စိတ်မသက်မသာ မျက်နှာတစ်ခုကို မှုန်ဝါးဝါးတွေ့ လိုက်ရတော့မှ ကျွန်တော် တော် တော့ကို အံ့သြထိတ်လန့်သွားတယ် ကိုသစ်ထွန်းရေ”

(၆)

”လင်ဒါစွန်းစတက်ရေ အထီး ကျန်ဝေဒနာသက်သာအောင် ကောင်းကင်က ကြယ်များစွာထဲက ကြယ်တစ်လုံးကို သတ်သတ်မှတ်မှတ် ရွေးချယ်ပြီး မိတ်ဆွေဖွဲ့သွားပါလား။ ဘဝရဲ့ ကြေကွဲမှုတွေ၊ နိမ့်ကျမှုတွေ၊ အလွမ်းတွေ ခံစားရချိန်မှာ မိတ်ဆွေ ကြယ်ကလေးကို ကြည့်လိုက်ပါ။ အား ပေးနှစ်သိမ့်ပါလိမ့်မယ်”

အဲဒီအချိန်က သူဘာဖြစ်လို့ ဒီစာပိုဒ်ကိုမှ ရေးလိုက်ပါလိမ့်။

”ယောက်ျားရင့်မာကြီးလို့ ခေါ် ဆိုနိုင်လောက်အောင် လမ်းဘယ်နှစ် လမ်းကို သူဖြတ်သန်းခဲ့ရသလဲ”

”သူငယ်ချင်းရေ”

”အဲဒီအဖြေက လေထဲမှာ လွင့်နေတယ်”

ဒါက ဘာသဘောလဲ

”နေမြင့်ရင် အရူးရင့်လေ”ဟူ သော စကားရှိသည်။ လူနေမှုအဆင့် အတန်းမြင့်ရန် အလုအယက် တွန်း ထိုးရှာဖွေ ကြိုးပမ်းရသော ကမ္ဘာ့ လူသားတို့အတွက်  ”လောဘမြင့်လေ ပူလောင်မှု ရင့်လေ”ဖြစ်နေပေပြီ။ လိုချင်မှုအ တွက်၊ အပြိုင်အဆိုင် အလုအယက် ရှာဖွေလုပ်ဆောင်ရခြင်းကို အ နောက်တိုင်းသားတွေက အစာအတွက် ကြွက်အပြေးပြိုင်ပွဲ (RAT RACE) ဟု တင်စားခေါ်ဆိုကြသည်။

သူသည်လည်း ပြိုင်ပွဲနောက် တန်းတစ်နေရာက ပြေးနေရသော ကြွက်တစ်ကောင်ဟု ခံစားမိလေ သည်။ ဒါဆိုအစာအတွက် ကြွက် အပြေးပြိုင်မှတော့ ကျွန်တော်တို့အလို  ဆို ရှေ့ဆုံးကို မရောက်ရောက်အောင် ပြေးမိမှာအမှန်။

ဒါပေမဲ့ သူဘာဖြစ်လို့ နောက် တန်းတစ်နေရာအတွက် ပြေးနေရ တာလဲ။ ဒီမေးခွန်းရဲ့အဖြေကို ကျွန်တော်သိပ်သိချင်နေမိတယ်။

အစကတည်းက လျှို့ဝှက်တတ် လွန်းသူဆိုတော့ သူ့ဘဝ၊ သူ့အ ကြောင်းကို ရိပ်ဖမ်းသံဖမ်းနဲ့ပဲ အဖြေရှာနေမိတယ်။ ဒါပေမဲ့ အဲဒီ အဖြေဟာ လေထဲမှာပဲ လွင့်နေတယ်လေ။

မောင်သစ်ထွန်း (ပြင်ဦးလွင်)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*