ကျောင်းပျော်ကြီး ကျွန်တော် (၇)

ကျောင်းပျော်ကြီး ကျွန်တော် (၇)
November 8, 2017 Asian Fame
ကျောင်းပျော်ကြီး ကျွန်တော် (၇)

၁၉၅၉-၅၉ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းတက်နေသော ကျွန်တော့်အတွက် အမှတ်တရဖြစ် ရပ်များရှိပါသည်။ ၁၉၈၅ ခုနှစ် ဇွန် လ ကျောင်းဖွင့်ပြီးမကြာမီ ရက်တစ် ရက်မှာ ကျွန်တော် ‘ကျောင်းပြေး’ ပြီး ခွင့်တစ်ရက်ယူသည်။ အကြောင်းမှာ ထိုနေ့တစ်လုံး ရေဒီယိုနားမှာကပ် နေချင်သောကြောင့်ဖြစ်သည်။ သီချင်းနားထောင်ဖို့ မဟုတ်ပါ။ ဖဆပလ နှစ်ခြမ်းကွဲပြီး တည်မြဲ ဖဆပလခေါင်းဆောင် ဦးဗဆွေက  သန့်ရှင်း ဖဆပလ အစိုးရကို အယုံ အကြည်မရှိ အဆိုတင်သွင်းသည့် အစီအစဉ်ကို ရေဒီယိုကတိုက်ရိုက် လွှင့်ပေးသည်ကို သွားနားထောင်ချင် သည့်အတွက်ဖြစ်သည်။ ကိုယ့်အိမ်မှာ ရေဒီယိုမရှိတော့ သူငယ်ချင်း တစ် ယောက်အိမ်မှာ နားထောင်ရသည်။ ဦးဗဆွေက ထားဝယ်သံ ခပ်ဝဲဝဲဖြင့် အယုံအကြည်မရှိ အဆိုတင်သည်။  ‘ခုစာ လေးကျော်၊ ခုဆီထမင်း၊ အမျိုးမျိုး ဖြစ်နေတဲ့ ဦးနုခေါင်းဆောင် တဲ့ အစိုးရကို အမတ်မင်းများမှ တစ်ဆင့် အယုံအကြည်မရှိ အဆိုတင် သွင်းရခြင်းဖြစ်ပါတယ်’ဆိုသော စကားသံကို ကြားယောင်နေသည်။ ပြန်စဉ်းစားကြည့်တော့ စိတ်ဝင်စား လို့သာနားထောင်နေရသော်လည်း စိတ်မသက်သာစရာ ကောင်းလှသည် ကို သတိရသည်။ မကြာမီရက်ပိုင်းက ပင် အတူတူလက်တွဲလုပ်ခဲ့ကြသော နိုင်ငံ့ခေါင်းဆောင်များ နှစ်ခြမ်းကွဲပြီး တစ်ခြမ်းက တစ်ခြမ်းကို ‘အယုံ အကြည်မရှိ’ဟု ပြောနေကြသည့် ဖြစ်ရပ်ကို နားထောင်ရသည်မှာ ဝမ်း နည်းစရာကောင်းလှပါသည်။ တစ်နေကုန် အဆိုတင်ကြ၊ ပြန်ဖြေ ရှင်းကြနှင့် ညနေမိုးချုပ်ချိန်မှာ မဲခွဲ ကြသည်။ သန့်ရှင်း ဖဆပလ က အနိုင်ရသည်။ တည်မြဲ ဖဆပလ က လွှတ်တော်ထဲမှာ အတိုက်အခံဖြစ် သွားသည်။ လက်ဖက်ရည်ဆိုင်မှာ ရေဒီယိုနားထောင်သူများဖြင့် စည် ကားနေပါသည်။

ထိုနှစ်တွင် ကျင်းပသော ပညာ ရေးနှီးနှောဖလှယ်ပွဲသို့ ကျောင်းသား ကိုယ်စားလှယ်များ တက်ရောက်ဖို့ ရွေးချယ်ကြရာ ကျွန်တော့်တို့ ကျောင်းအတွက် ကိုယ်စားလှယ် တစ်ယောက်အဖြစ် ကျွန်တော့်ကို ကျောင်းသားများက အဆိုတင်သည့် အတွက် ကိုယ်စားလှယ်လောင်း ဖြစ် သွားပါသည်။ သူငယ်ချင်းများက ‘အမတ်လောင်း’ဟု ကျီစယ်ကြသည်။ ဝန်ကြီးချုပ်ဦးနု၏ သန့်ရှင်း ဖဆပလ အဖွဲ့၏ ပညာရေးဝန်ကြီးဖြစ်လာ သော ဦးမောင်ကျော်ဇံ (ရခိုင်အမျိုး သား)လက်ထက်မှာ ဖြစ်သည်။ စာ သင်ခန်းတွေ တစ်ခန်းဝင် တစ်ခန်း ထွက် မဲလိုက်ကောက်ကြရသည်။ မဲ ရေတွက်တော့ ဝါရင့်ကျောင်းသားကြီး တစ်ယောက် အရွေးချယ်ခံရပြီး နှီး နှောဖလှယ်ပွဲ တက်ရသည်။ ကျောင်း မှာ အတွေ့အကြုံ ပြန်ရှင်းပြသည်။

မကြာမီ ဗိုလ်ချုပ်ကြီးနေဝင်း ၏ အိမ်စာင့်အစိုးရ တက်လာသည်။ မျက်စိရှေ့မှာပင် နိုင်ငံရေး အခြေ အနေတွေ ပြောင်းလဲသွားပုံကို ကိုယ် တွေ့ကြုံရခြင်းဖြစ်သည်။ ဖဆပလ မကွဲခင်က ပညာရေးဝန်ကြီးဖြစ်သူ ဦးထွန်းတင်မှာ ဗဟန်းမြို့နယ် လွှတ် တော်အမတ် ဖြစ်သည့်အတွက် ကျွန် တော်တို့ကျောင်းမှ ပွဲများကို ကြွရောက်ချီးမြှင့်လေ့ရှိသည်။ ဆက်စပ် သတိရသော အချက်တစ်ခုမှာ ရှစ် တန်းတုန်းက ဝန်ကြီး ဦးထွန်းတင်၏ တူတစ်ယောက်က ကျွန်တော်တို့ အတန်းမှာရှိသည်။ စာမေးပွဲဖြေတော့ သူကျရှုံးသွားသည်။ သို့သော် ဝန်ကြီး တူ စာမေးပွဲကျသည့် ကိစ္စဆိုပြီး ဘာပြဿနာမှလည်းမပေါ်ပါ။ ထိုနှစ် က ကျွန်တော်တို့ ကျောင်းမှ အမှတ် ကောင်းကောင်းနှင့် ဆယ်တန်း အောင်သူ ၂ ယောက်ကို ဝန်ကြီးက ဂျပန်နိုင်ငံသို့ ပညာသင်လွှတ် ကြောင်း သတင်းထဲမှာ ဖတ်ရသည်။ စပ်မိစပ်ရာ သတိရခြင်းဖြစ်ပါသည်။

ကျွန်တော်တို့ ဆရာဦးသိုက် ထွန်းက ကျောင်းမဂ္ဂဇင်းမှာ ကိုယ့် အတန်းသားတွေအကြောင်း ကဗျာ ရေးပြီး ပို့ကြဖို့ အသိပေးကြေညာ  သည့်အတွက် ကဗျာရေးချင်စိတ် ပေါ်လာသည်။ မြန်မာစာမှာ ဝန်ကြီး ပဒေသရာဇာ၏ တျာချင်းများ သင်ရ သဖြင့် အတန်းသား သူငယ်ချင်းတွေ ၏ နာမည်အားလုံးပါအောင် တျာ ချင်းတစ်ပုဒ် ကြိုးစားပမ်းစားရေးပြီး ပို့လိုက်သည်။ ထိုနှစ်က မဂ္ဂဇင်း မထုတ်ဖြစ်၍ ကျွန်တော့်ကဗျာ ပုံ မနှိပ်ဖြစ်ပါ။ သို့သော် အကျိုးရှိပါ သည်။ ထိုကဗျာကလေးကို ပြန် ရွတ်ဆိုမိတိုင်း သူငယ်ချင်းများ၏ နာမည်များ အစီအရီပေါ်လာသော ကြောင့်ဖြစ်သည်။ ယခုအထိ မမေ့ သေးပါ။ ကျွန်တော်က တျာချင်း ပထမပိုဒ်ကို  ‘ဗဟန်းတန်းမြင့်၊ လျှမ်း တင့်ကျက်သရေ’ အစချီပြီး ‘ပညာ ထိပ်ခေါင် ဂုဏ်ရည်ဆောင်၊ များ မြောင်ဆွေဖော်သင်းတို့လေး’ ဟု အ ဆုံးသတ်ကာ ဒုတိယပိုဒ်ကစ၍ သူ ငယ်ချင်းနာမည်တွေကို ကာရန်မိ အောင် ထည့်သွင်းရေးဖွဲ့ခဲ့သည်။ နမူ နာပြရလျှင် ‘ချစ်ဝင်းတင်ညွန့်၊ စိုးညွန့်သောင်းရွှေ။ တင်နိုင်သာဝ၊ မတင်လှညွှန့်ညွန့်ဆွေ။ လှအောင် ယဉ်ယဉ်မေ၊ မင်းဆွေငယ်အေး။ ခင်အေးစံတင် ကြော့ကြော့ယဉ်၊ စိုး တင်မကြင်အေး ငယ်တို့လေး”ဟူ သော ပုံစံမျိုးဖြစ်သည်။ တျာချင်းကို စိတ်ထဲမှာ ဆိုကြည့်စဉ် သူငယ်ချင်း များ၏ မျက်နှာတွေကို မြင်ယောင် လာပါသည်။ တချို့ ကွယ်လွန်သွား ကြပါပြီ။ တချို့ကို မတွေ့ရသည်မှာ ကြာပါပြီ။  အနည်းအကျဉ်းတွေ့ရသူ တွေကတော့ ကျွန်တော်အပါအဝင် အသက် ခုနှစ်ဆယ်ကျော်  ရှစ်ဆယ် နီးပါးရှိကုန်ကြပြီ။

ကျွန်တော်တို့ကို သင်ကြားခဲ့ သော ဆရာ ဆရာမများအကြောင်း ပြန်စဉ်းစားကြည့်တော့လည်း သတိရ စရာကလေးတွေ ပေါ်လာပါသည်။ ဆရာ ဆရာမတွေထဲက ‘ဆရာတို့ သားအဖ’အကြောင်း ကျွန်တော်ရေး ဖူးပါသည်။ ကျွန်တော်တို့ ကျောင်းမှာ သားအဖ ၂ ယောက် ဆရာအဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။ ဖခင် က ဆရာကြီး ဦးတင်ဖြစ်သည်။ သား က ဆရာဦးတင်စိန်ပါ။ ဆရာကြီး ဦးတင်မှာ ကျွန်တော်တို့နှင့် တွေ့ ချိန်တွင် အငြိမ်းစားယူဖို့ နီးနေပါပြီ။ အရှေ့ဖျားမိုင်းဘာသာရပ် သင်ကြား သည်။  ဆရာကြီးဦးတင်စိန်က ဘီ အက်စီဘွဲ့ရပြီးစ အသက် ၂ဝ ကျော် သာရှိသေးသည်။ တချို့ကျောင်းသား များက ဆရာ့ထက်ပင် အသက်ကြီးပါ သေးသည်။ ဆရာက အထွေထွေ သိပ္ပံသင်သည်။ အသင်အပြကောင်း သည်။ သိပ္ပံခန်းထဲမှာ ဓာတ်ငွေ့များကို လက်တွေ့ထုတ်ပြသည်။ အသင်းအဖွဲ့ တွေ မှာလည်း ပါဝင်ဆောင်ရွက်သည်။ တစ်ခါက ဆရာ့အတန်းထဲမှာ စာ သင်နေစဉ် ရန်ကုန်တိုင်းပညာဝန် ဆရာကြီး ဦးအေးမောင်က ကျောင်း ကိုလာစစ်သည်။ ဆရာဦးတင်စိန် စာသင်နေသောအတန်းမှာ စာမေးပွဲ ကျရှုံးသော လူဟောင်းများ၏ အ တန်းဖြစ်၍ ဆရာကြီးဦးအေးမောင် က ပြောဆိုဆုံးမပြီး ”မင်းဘယ်နှနှစ် ကျပြီးပြီလဲ”ဟု တစ်ယောက်ချင်း လိုက်မေးသည်။ ထောင့်နားမှာ ထိုင်နေသော ဆရာကြီး ဦးတင်စိန် ကိုလည်း ကျောင်းသားမှတ်ပြီး ”မင်း ကော ဘယ်နှနှစ်ကျပြီးပြီလဲ”ဟု မေးသည်။ ဆရာကြီးဦးတင်စိန်က  ”ကျွန်တော်က ဆရာပါခင်ဗျာ”ဟု ပြန်ပြောသောအခါ ပညာရေးဝန် ကြီးမှာ အံ့သြသွားပြီး အကျိုးအ ကြောင်းမေး၍ ဆရာ့ကိုချီးကျူး စကားပြောသွားသည်။ ကျောင်းမှာ ထိုအကြောင်း ပြောစမတ်ဖြစ်နေပါ သည်။

ထိုစဉ်က ဆရာမှာ လူပျိုလူ လွတ်ဖြစ်သည်။ ကျောင်းသားများနှင့် ရင်းရင်းနှီးနှီးနေသည်။ မိုးထဲလေထဲ မှာ ခါးတောင်းကျိုက်ပြီးလည်း ကျောင်းသားများနှင့် ဘောလုံးကန် ချင်ကန်နေတတ်သည်။  အတန်းထဲ မှာ စာသင်ရင်း ”ဟာ..အင်္ကျီကို မင်တွေစွန်းကုန်ပြီ။ အိမ်ရောက်ရင် အမေဆူတော့မှာပဲ”ဟု ပြောနေ သဖြင့် တပည့်တွေကရယ်ကြသည်။ နောက်တစ်နှစ်မှာ ဆရာ ကုန်သွယ် ရေးဌာနသို့ ပြောင်းသွားပါသည်။

ကျွန်တော်တို့နှစ်မှာ သင်ကြား သော ဆရာဆရာမ အချို့ကို နောင် ကာလ ကြာသည်အထိ အဆက် အသွယ် မပြတ်ပါ။ အသက်ရှည်ရှည် ကျန်းကျန်းမာမာတွေ့ရ၍ ဝမ်းသာ ရသည်။ မြန်မာစာရော၊ အင်္ဂလိပ် စာပါ အလွန်အသင်ပြကောင်းသော အပြောအဟောကောင်းသော ဆရာ ကြီး ဦးထွန်းကြွယ်သည် ကျွန်တော် တို့ကို စာသင်နေစဉ်မှာပင်  ပညာတော် သင်အရွေးခံရ၍ အမေရိကန်ပြည် ထောင်စုသို့သွားရပြီး ကိုလံဘီယာ တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ယူခဲ့ သည်။ ပညာရေးဌာနမှာ အမှုထမ်း ပြီး နောက်ပိုင်းမှာ ရန်ကုန်ပညာရေး တက္ကသိုလ်မှာ ပညာရေးသဘော တရား ပါမောက္ခအဖြစ် အငြိမ်းစား ယူသွားပါသည်။ သမိုင်းအသင်ပြ ကောင်းသော ဆရာမဒေါ်စိန်အေး မှာ တိုင်းပညာရေးမှူးအဆင့်အထိ တာဝန်ထမ်းဆောင်ပြီး အသက် ၈ဝ ကျော်အထိ တပည့်များ၏ ကန်တော့ ပွဲများသို့ တက်ရောက် ကန်တော့ခံ သည်။ မြန်မာစာအသင်ကောင်း သော ဆရာဦးအောင်သန်းမှာလည်း သြစတြေးလျသို့ ပညာတော်သင်  သွားရပြီး ဆစ်ဒနီတက္ကသိုလ်မှ မဟာ ပညာရေးဘွဲ့ရခဲ့သည်။ ပညာရေးဌာန အမှုထမ်းပြီးတွင် ဆရာအတတ်သင် ကျောင်းအုပ်ကြီး အဖြစ်မှ အငြိမ်းစား ယူ၍ ယခုအခါ သက်တော် ၉ဝ ဝန်းကျင်ရှိနေပါပြီ။ သာသနာ့ ဝန် ထမ်း ရဟန်းတော်အဖြစ် သီတင်းသုံး လျက်ရှိပါသည်။

ထိုနှစ်က ကျွန်တော်တို့ကျောင်း မှာ ဆိုင်းသံဗုံသံ တခြိမ့်ခြိမ့်နှင့် ပွဲများ ဆက်နေသည့်အတွက် ‘ပန်တျာ ကျောင်းကြီး’ ဟု အချို့က ဟာသလုပ် ခေါ်ကြသည်။ ပဒေသာကပွဲ ကျင်း ပရာ အတန်းအသီးသီးက အငြိမ့်၊ ပြ ဇာတ်၊ ယိမ်းစသည့် အစီအစဉ် အမျိုး မျိုး တင်ဆက်ကြသည်။ နောင်အခါ တွင် ဂီတစာဆို ကိုလေးလွင်ဟု ထင် ရှားလာသော ကိုကျော်ရှိန်တို့၊ စန္ဒ ရားငွေဦး တူရိယာအဖွဲ့ကို တည် ထောင်သော ကိုငွေဦးတို့၊ မျက် တောင်ကလေး ပုတ်ခက်ပုတ်ခက်နှင့် မယ်ဒလင်တီးပြီး ဂီတစာဆို မောင် ကြေးမုံအဖြစ် ထင်ရှားလာသော ကို ခင်မောင်သွယ်တို့မှာ ကျွန်တော်တို့၏ သူငယ်ချင်းများ ဖြစ်ပါသည်။ နောက် ပိုင်းမှာ သိလိုက်ရသည်ကတော့ အဆိုတော်ကြီး ဦးမင်းနောင်၊ ရုပ်ရှင် ဒါရိုက်တာ ဦးအောင်မြင့်မြတ် တို့ လည်း ကျွန်တော်တို့နှင့် တစ်တန်း တည်း ထွက်ဖြစ်သည်ဆိုသော အ ကြောင်းပင်။

ထိုအချိန်မှာ ကျွန်တော်သည် ဤကလောင်နာမည်ဖြင့် မတောက် တစ်ခေါက် စာကလေးများ ရေးနေပြီ ဖြစ်ပါသည်။ ကျွန်တော်တို့ ကျောင်း က စာစောင်ထုတ်သောအခါ ကျွန် တော်က ‘လေးစားသင့်သော မြန်မာစာ’ ခေါင်းစဉ်ဖြင့် ဆောင်းပါး တစ်ပုဒ် ရေးသည်။ အသက် ၂ဝ မ ပြည့်သေးသော လူ ငယ်တစ်ယောက် ၏ လက်ရာအဖြစ် ယခု ပြန်ဖတ်ကြည့် သောအခါ မြန်မာစာအလွန်အရေး ကြီးကြောင်း၊ မြန်မာစာကို လေးစား ဖို့လိုကြောင်း စကားလုံးကြီးကြီးတွေ သုံးပြီး လေသံမြင့်မြင့်ရေးထား ကြောင်း သတိပြုမိပါသည်။ ကျွန် တော့်ဘဝတစ်လျှောက်တွင် မြန်မာ စာဖြင့် အသက်မွေးဝမ်းကျောင်း ပြုရ မည့်အဖြစ်ကို ကြိုတင်၍ နိမိတ်ပြ ခြင်းပေလောဟု တွေးမိသည်။

စာမေးပွဲနီးလာတော့ အခြား အလုပ်များကိုလျှော့ပြီး စာဘက်ကို အချိန်ပေးရသည်။ ကျောင်းပိတ်ရက် များတွင် ကျွန်တော်သည် ကျောင်းသို့ သွားပြီး ကိုယ့်စာသင်ခန်းထဲမှာ တစ် ယောက်တည်း စာကျက်ပါသည်။ စာ ကျက်သည်ဆိုရာမှာ အထူးသဖြင့် အိင်္ဂလိပ်စာ သင်ခန်းစာများကို အ ရေးလေ့ကျင့်ခြင်း၊ သချာင်္ပုစ္ဆာများ တွက်ခြင်းတို့ ဖြစ်သည်။ အချိန်ယူ၍ လေ့ကျင့်ပါသည်။ စာမေးပွဲမှာ အင်္ဂ လိပ်လိုရေးတတ်မှ ဖြစ်မည်ဟူသော အသိဖြင့် အမေးအဖြေများကို ကိုယ် တိုင်အင်္ဂလိပ်စာဖြင့် ရေးနိုင်အောင် ကြိုးစားသည်။ အရေးအသား ကောင်းသောစာများကို အတုယူပြီး သူတို့ရေးသလို ရေးကြည့်။ သူတို့ သုံးသလို သုံးကြည့်သည်။  စာမေးပွဲ မတိုင်မီမှာတော့ ကျေနပ်စရာ ကောင်းလောက်သည့် အဆင့်သို့ ရောက်ရပါသည်။

စာမေးပွဲဖြေတော့ ‘တီတီစီ’ ခေါ် လေ့ကျင့်ရေး ကျောင်းမှာ သွား ဖြေရသည်။ ကျေကျေနပ်နပ် ဖြေနိုင် ခဲ့ပါသည်။ ထိုနှစ်တွင် ကျွန်တော် သည် တက္ကသိုလ်ဝင် စာမေးပွဲကို ကျွတ်ကျွတ် လွတ်လွတ် အောင်ရုံမက မြန်မာစာနှင့် သချာင်္ ၂ဘာသာ ဂုဏ် ထူးရပါသည်။ မြန်မာစာ ဂုဏ်ထူး ရှင်မှာ ကျွန်တော်တစ်ယောက်တည်း ဖြစ်သဖြင့် မြန်မာတစ်ပြည်လုံးတွင် မြန်မာစာအမှတ်အများဆုံးရသူ အဖြစ် သတ်မှတ်ခံရပါသည်။ ကြည် နူးစရာဘဝတစ်ကွေ့ပါ။

မောင်ခင်မင်(ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*