ဇာတ်ခုံပေါ်မှာ ကနေရရင်ကို စိတ်ညစ်စရာတွေ ပျောက်သွားတယ် ဝိုင်းချစ်

ဇာတ်ခုံပေါ်မှာ ကနေရရင်ကို စိတ်ညစ်စရာတွေ ပျောက်သွားတယ် ဝိုင်းချစ်
October 3, 2017 Leanne Win
ဇာတ်ခုံပေါ်မှာ ကနေရရင်ကို စိတ်ညစ်စရာတွေ ပျောက်သွားတယ် ဝိုင်းချစ်

အနုပညာလောကမှာ လူရွှင်တော်တစ်ယောက် အနေနဲ့ကော သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ပရိသတ်တွေ အသိအမှတ်ပြုခံ ထားရသူတစ်ဦးကတော့ ဝိုင်းချစ်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာ သက်တမ်းက နှစ်ပေါင်း ၃ဝ ကျော်လာခဲ့ပြီဖြစ်ပြီး သူ့မှာ အနုပညာမျိုးရိုးရယ်လည်း မရှိခဲ့ဘဲ ကိုယ့်ဒူးကိုယ်ချွန်ကာ ကြိုးစားလာခဲ့ရတာပဲဖြစ်ပါတယ်။

“မိဘစကား နားမထောင်လို့ ဇာတ်ထဲ လိုက်တာလေ။ မိဘကပညာ သင်စေချင်တာ။ဇာတ်ထဲကိုလိုက်ချင်တာ ဘယ်လောက်အထိ ရူးသွပ်လဲဆိုရင် (၈)တန်းကို(၃)ခါကျတယ်။ ဇာတ်ထဲလိုက်ကာစက ဘယ်လောက်အထိ ပျော် နေလဲဆိုရင် အိမ်ကို၁လ၂လလောက် မေ့နေ တယ်။ ကိုယ်လုပ်ချင်တဲ့အလုပ်လုပ်ရပြီလေ။ ကျွန်တော့်မိဘတွေက ဈေးသည်တွေပါ။ ကျွန် တော်တစ်ယောက်တည်းကို ဝါသနာထူးထူးခြားခြား ပါလာတာ။ ကျွန်တော်က ဟင်္သာတသားပါ။ ကျွန်တော် ရွာမှာနေတုန်းကတော့ ဆိုင်းပဲကြည့်ကြည့် ဇာတ်ပဲကြည့် ကြည့် ကျွန်တော်က ကန့်လန့်ကာချမှပြန်တယ်။ နေ့ခင်း ဘက် ကျောင်းတက် ညပိုင်းပွဲတွေကြည့် အဲဒီလို ဝါသနာ ကြီးခဲ့တယ်။ လူရွှင်တော်ကြီးတွေကတာကြည့်ရင်းနဲ့ သူတို့လို ဖြစ်ချင်ခဲ့တယ်။ ကျွန်တော်ဇာတ်ထဲရောက်တဲ့အခါမှာတော့ ကိုယ်အရင်က ကြည့်ခဲ့ရတဲ့ လူရွှင်တော်ကြီးတွေနဲ့ အတူတူ တွဲပြီးကခဲ့ရတယ်”လို့ သူ့ဘဝဖြတ်သန်း မှုကို လူရွှင်တော် ဝိုင်းချစ်က ပြောပြပါတယ်။

သူ့ရဲ့ လက်ဦး ဆရာကတော့ ဝါရင့်လူရွှင်တော်ကြီး ဦးတိမ်ညွန့်ဖြစ်ပြီး ပြဇာတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ သွန်သင်ဆုံးမပေးခဲ့တဲ့ ဆရာကတော့ ဒါရိုက်တာ မောင်စိတ္တ (နတ်တလင်း) ပဲ ဖြစ်တယ်လို့သိရပါတယ်။ ဇာတ်သဘင် လောကထဲကို ရောက်ရှိတဲ့ အချိန်မှာလည်း အခက်အခဲ ပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီး ဇာတ်လည်းမီး လောင်ဖူး၊ ထမင်းလည်းငတ်ဖူးသလို ကားလည်းမှောက် ဖူးကြောင်း၊ ဒီလိုဒုက္ခမျိုးစုံကို ရင်ဆိုင်ခဲ့ရတယ်လို့သူကဆို ပါတယ်။ “တစ်ခါတလေကျတော့လည်း အခက်အခဲပေါင်း များစွာကြောင့်ဘဝက မွန်းကြပ်ခဲ့ရတာပေါ့။ တစ်ခါတစ် လေကျတော့လည်း ပျော်နေတာပဲ။ ဘယ်လောက်ပဲမွန်း ကြပ်မွန်းကြပ် စင်ပေါ်ရောက်သွားလို့ ပရိသတ်နဲ့ တွေ့ရင် အားလုံးပျောက်သွားတယ်။ ဇာတ်ခုံပေါ်မှာ ကနေရရင်ကို စိတ်ညစ်စရာတွေကပျောက်သွားတယ်” လို့ သူ့ရဲ့ဘဝ ဖြတ်သန်းမှုကို ပြောပြပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*