ံသံတွဲကို တူးဖော်ခြင်း (၂)

ံသံတွဲကို တူးဖော်ခြင်း (၂)
October 2, 2017 Leanne Win
ံသံတွဲကို တူးဖော်ခြင်း (၂)

ဆို ခဲ့တဲ့အတိုင်း ကျွန်တော် တို့ ရှေ့က ကြယ်ပွင့်တွေ ကိုလှမ်းကြည့်တဲ့ အစီအစဉ်၊ လွမ်းကြည့်တဲ့ အစီအစဉ်အဖြစ် သံတွဲကိုဆက် ပြီး တူးဖော်ပါ့မယ်။ အရင်က အတိုင်း ‘မူရင်းတင်ပြမှု’ကိုပဲ အလေးထားသွား မှာဖြစ်ပါတယ်။ အမှတ် ၁၊ ဆရာမောင်သင်းမွန် (သံတွဲ)နဲ့ ဆရာမောင်ကြည်လျှံ (သံတွဲ)တို့ရဲ့ ကဗျာ ဟောင်းလေး တွေကိုပဲ မူလသရုပ် ဖော်ပုံနှင့်တကွ ဖော်ပြသွားပါမယ်။ အခု ဖော်ပြမယ့် ကဗျာမှာ ဆရာ မောင်သင်းမွန် (သံတွဲ) ရဲ့ ကဗျာ

ညဥ့်မိမယ်

ဝါးထရံဝယ်ဝါးထရံဝယ် ပေကျံညိုခွေး၊ ကွမ်းတံတွေးနှင့် ဟောင်းဆွေးညစ်ထပ်၊  အနားပြတ်သည့်

တချပ်သင်ဖျာ၊ ထောင်ထားပါ၏ ရုပ်လွှာမျိုးစုံ၊

သတင်းပုံလည်း အကုန်ဆုတ်ပြတ်၊ ဒုတ်နှင့်ညှပ်၏ ပန်းချပ်လွှာညိုး၊

ညောင်ရေအိုးလည်း ပိုးမြှင်အိမ်တိုင်၊ စောင်းငိုက်ယိုင်၏ အိမ်တိုင်ရင်းတွင်၊

မှန်ကျောက်ပျဉ်လည်း ဝါကျင်မီးခွက်၊ မှိတ်တုတ်လက်၍ မျက်ဝါးထင်ထင်၊

တွေ့နိုင်မြင်၏ အိမ်ပြင်ဘက်မူ၊ နံ့သာကူ၍ မဖြူမညို၊ မိန်းမပျိုသည် မချိုမြဆုံး၊ လှလှပြုံးလျက် မက်လုံးနှင့်ဆွယ်၊

သူကျင်လယ်သည် မိမယ် မိမယ် ညဥ့်မိငယ်။  သူ့အားမေးက၊

ဤလောက၏ ဘဝတစ်ခု၊ ပုံဝတ္ထု လို အနုပညာ၊ ပြောင်မြောက်စွာနှင့် လိမ်ညာလှည့်ပတ်၊

ပြောပြတတ်လိမ့် အတော်ပြဿနာ၊ ဝမ်းတထွာကို အိမ်ရာပြန့်ခင်း၊

ခန္ဓာရင်း၍ ဖြည့်တင်းစားသောက် သူပျော်လောက်ပြီ တစ်ယောက်နှင့်တစ်ယောက် သုံးလေးယောက်

ဒီကဗျာကိုတော့ သွေးသောက် မဂ္ဂဇင်း၊ အမှတ် ၁၆၁၊ ၁၉၅၉-ခုနှစ်၊ ဇွန်လမှာ ဖော်ပြခဲ့တာဖြစ်ပြီး ကဗျာသရုပ်ဖော်ပုံကိုလည်း ရှားရှားပါးပါး ‘ဆရာ ကြီးဦးအုန်းလွင်’ ရဲ့ သရုပ်ဖော်ပုံနဲ့မို့ ဂုဏ်ယူ တင် ဆက်ခြင်း ဖြစ်ပါတယ်။  ဆက်ပြီးသံတွဲသားက ကဗျာဆရာမောင်ကြည်လျှံ (သံတွဲ)ရဲ့ ကဗျာမူရင်းကို ဆက်ပြီးဖော်ပြတူးဖော် ပါ့မယ်။

 ဧည့်ဆိုး

အိပ်မောကျစဉ်၊

ချွတ်နင်းဝင်၍ ညင်ညင်သာသာ၊

ငါ့အိပ်ရာမှာ သူလာထိုင်နေတတ်သည်ချည်း။

မနှိုးဝံ့ဝံ့၊ နှိုးဝံ့ဝံ့နှင့် အကျွန်ုပ်ကိုယ်ကို၊

နိုးလိုနိုးငြား လက်ကစား၍ လှုပ်များလှုပ်နေတတ်သည်ချည်း။

ငါနိုးလာ၍ မျက်နှာတည့်တည့်၊

သူ့ကိုကြည့်သော် ရှက်သည့်ပုံလို၊

မူရာပိုနှင့် နောက်ကိုပြန်လှည့် သွားသည်ချည်း။

မမြင်ဘူး၍ စူးစူးစိုက်စိုက်၊

ငါကြည့်လိုက်သော် မကြိုက်သည့်ဟန်၊

လုပ်နေပြန်၏ နားစွန်နားဖျား၊ သူ့စကားကို ကြားချင်လို့လွန်း၊

ငါမေးစမ်းလည်း နှုတ်ခွန်းမဆင်၊ သိုသိုပင်လျှင်၊ အသွင်မကွဲ၊ ဘယ်သူလဲဟု စိတ်ထဲကျန်ရစ် င့ါမှာချည်း။

ငါခေါင်းထူ၍၊ မည်သူမည်ဝါ ငါ့အိပ်ရာကို ရောက်လာပါဘိ ငါမေးမိလည်း  သူ၏မူယာ၊ မနာမကြား ကြောက်လန့်အားနှင့် စကားမဆို ဦးနှိမ်လျှိုလျက်၊ ဝေးရာဖက်သို့ ထွက်၍ပြေးသွား တတ်သည်ချည်း။

ဒီကဗျာကို နှစ်ကျပ်တန်ငွေတာရီ ပုဂ္ဂလိက မဂ္ဂဇင်းမှာ ဖော်ပြခဲ့တာဖြစ်ပြီး အဖွင့်ကဗျာတစ်ကို ဆရာမင်းသုဝဏ် ရဲ့

‘ ပေါက်ကံပြန်၌’ ၊ ဒုတိယကဗျာ အဖြစ် မောင်ကြည်လျှံ (သံတွဲ)ရဲ့ ‘ဧည့်ဆိုး’၊ တတိယ စာမျက်နှာမှာတော့ ဆရာဇော်ဂျီရဲ့ ‘ ဗေဒါလမ်း ၁၃’ကို ဖော်ပြထားတာ တွေ့ရပါ တယ်။ အဲဒီကာလ ငွေတာရီမဂ္ဂဇင်းမှာ ကဗျာတစ်ပုဒ်စီအတွက် သီးသန့်  သရုပ်ဖော်ပုံ မသုံးဘဲ၊ ကဗျာအား လုံးအတွက် ပုံ တစ်ပုံတည်းသာ ဖော်ပြတာကို မှတ်မိပါတယ်။  သံတွဲသား ကဗျာဆရာနှစ်ဦးရဲ့ ကဗျာတွေက သူ့ခေတ်နဲ့သူ့အခါ နေရာများစွာ ရရှိပိုင်ဆိုင်ခဲ့ကြ သူများ ဖြစ်ပါတယ်။ လွမ်းတတ်သူများအဖို့ လည်း အတော်အတန် အလွမ်းပြေ မယ်လို့ ထင်ပါတယ်။  ကျွန်တော်ကိုယ်တိုင် အခုလို ‘တူးဖော်မူတော်’ ရတာကလည်း လွမ်း လို့ဖြစ်ပါတယ်ခင်ဗျား။

ကိုငြိမ်း (မန္တလေး)

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*