ငန်းရိုင်းများနဲ့ တစ်ညနေ(Mary Oliver ၏ Wild Geese ကို ခံစားမိခြင်း)

ငန်းရိုင်းများနဲ့ တစ်ညနေ(Mary Oliver ၏ Wild Geese ကို ခံစားမိခြင်း)
September 29, 2017 Asian Fame
ငန်းရိုင်းများနဲ့ တစ်ညနေ(Mary Oliver ၏ Wild Geese ကို ခံစားမိခြင်း)

သူတစ်ပါး နှစ်သက်အောင် အများအားဖြင့် ကျွန်မတို့ နေဖြစ်ကြပါတယ်။ ကိုယ်ပိုင် အကြောင်းတရား အမျိုးမျိုးနဲ့ပေါ့ရှင်။ တစ်ခု ကတော့ သူ့ စိတ်နဲ့ ကိုယ့်ကိုယ်နေ ဖြစ်လိုက်တာမှာ အချိန်ကာလ အကန့် ရှိတတ်တာပါ။ ဟန်ဆောင်နေ ရသလို ဖြစ်တာမို့ စိတ် ပင်ပန်း ရပါတယ်။ ပိုဆိုးတာက ကိုယ်ဘယ်လို ကြိုးစား ပြီးနေနေ တခြား တဖက်က မျှော်လင့် သော တုံ့ပြန်မှုဟာ ထင်သလို ဖြစ်ချင်မှ ဖြစ်တာပါ။ ဒီလို အနေအထားတွေ ကြောင့် လူလောကအပြင် သဘာဝ လောကနဲ့သာ မိတ် ဖွဲ့နေ ထိုင်ခဲ့ကြတဲ့ အနုပညာရှင်ထဲမှာ Mary Oliver ဆိုတဲ့ စာပေပညာရှင်ဟာ ထင်ရှားစွာ ပါဝင်ခဲ့ပါတယ်။ ၂ဝရာစု အနောက်တိုင်း စာပေမှာဆိုရင် သူမ လက်ရာတွေဟာ သိပ်ကို ကျော်ကြားခဲ့တာပါ။ အဲဒီလို သူမ စာပေကို နှစ်သက်သူများ သလောက် သူမကိုယ်တိုင်လည်း အရေး အသားသွက်တဲ့ စာရေးဆရာမကြီး တစ်ယောက်လို့ ဆို ပါတယ်။ အထူးသဖြင့် သဘာဝလောကနဲ့ ရင်းနှီး ယုံကြည် စွာနေထိုင်လို့ ကိုယ်/ စိတ်ချမ်းမြေ့ ရကြောင်းတွေ ရေးလေ့ရှိ သူဖြစ်တယ်။ ပြီးတော့ ရေးလိုက်တဲ့ အခါမှာလည်း စိတ် ကူးဥာဏ် သိပ်သွက်လက်လွန်းပါတယ်လို့ မှတ်တမ်းတင် ထားကြပါတယ်။   သူမရဲ့ နာမည်ကျော် လက်ရာ Wild Geese (ငန်း ရိုင်းများ) ကဗျာလေးမှာ ဒီအာဘော်လေးကို မြင်နိုင်ပါမယ်။ မိမိနဲ့ သဘာဝလောက မိတ်ဖွဲ့လို့ စိတ်ထဲပြည့်စုံစွာ နေ ထိုင်လို့ရပုံကို သိမ်မွေစွာ ဖွဲ့ဆိုပြ ထားတာဖြစ်ပါတယ်ရှင်။ ဒီကဗျာလေးဟာ သူမရဲ့ Dream Work (၁၉၈၆) စာ အုပ်မှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ စာပိုဒ်အားဖြင့် သုံးပိုဒ် ပါဝင်ပါတယ်။ ပထမစာပိုဒ်မှာ ဒီလိုဆိုထားပါတယ်။

You do not have to be good.

You do not have to be good.

You do not have to walk 

on your knees

For a hundred miles 

through the desert, repenting.

You only have to let the soft 

animal of your body

love what it loves.

မင်းအကောင်းချည်း 

လုပ်ပြနေစရာ မလိုဘူး 

ကန္တာရထဲ ဒူးနဲ့တိုက်လျှောက်ပြလို့

ကိုယ့်ကိုယ်ကိုယ် 

ဒဏ်ခပ်နေဖို့လည်း မလိုဘူး 

ခန္ဓာထဲက ထင်ရာစိုင်းညာဉ်ငယ်ကတော့ 

သူခံစားမိတာ သူလုပ်ဖြစ်နေမှာပဲ

ဒီစာပိုဒ်လေးက ကောင်းစိတ်၊ မကောင်းစိတ်တို့ရှိပြီး သား လူသားအဖြစ်ကို လက်ခံထားပြီး ကိုယ်ပြုခဲ့သော မကောင်းတဲ့အလုပ်၊ အမှားတွေကို အချိန်အကြာကြီး စိတ် ထဲ တွေးလို့ မိမိကိုယ်မိမိ မညှာတာတဲ့ အဖြစ်ကိုမလုပ်ဖို့ တိုက်တွန်းထားတာလို့ မြင်ပါတယ်။ ဒုတိယစာပိုဒ် မှာတော့

Tell me about your despair, 

Tell me about your despair, 

yours, and I will tell you mine.

Mean while the world goes on.

Mean while the sun and 

the clear pebbles of the rain

are moving across the landscapes, 

over the prairies and the deep trees,

the mountains and the rivers.

စိတ်ညစ်ရသမျှ ငါ့ကို မင်းပြောနော်

ငါလည်း မင်းကို ပြန်ပြောပြမယ် 

အဲဒီအချိန်လေးမှာကို 

ကမ္ဘာကလည်း လည်ပတ်နေမှာပဲ

တစ်ချိန်တည်းမှာ နေမင်းကြီးက “သာ”နဲ့ 

မိုးမင်းကြီးကလည်း စင်ကြည် 

မိုးတပြိုက်ပြိုက်နဲ့  

ရှုမျှော်ခင်းတွေဖြတ် 

သီလရှင်ကျောင်းတွေ 

“သက်ရင့်အပင် ကြီးတွေ”

တောင်တွေနဲ့ မြစ်စင်းတွေပေါ်  ရွာ ကျမြဲ ရွာနေဖြစ်မှာလေ။

ဒီတစ်ခါမှာတော့ လူနဲ့ဒုက္ခ ရှိတတ်ကြတာပဲ။ ကိုယ် တွေကတော့ ကောင်းတရားကို လိုလားတမ်းတ သလောက်၊ ခံစား မပြည့်စုံဖြစ်မှုကိုတော့ မယဉ်ပါးတတ်ကြဘူး။ ကိုယ့် မျှော်လင့်ချက် ကိုယ့်ဇော အဟုန်အလိုက်ဗျာများ နေကြ ချိန်မှာ ကိုယ့်နဲ မခွဲရှိတဲ့ သဘာဝ လောကကတော့ သူ့ရာသီ သူ့ဖြစ်စဉ်အလိုက် အသင့်ရွေ့သွားနေတယ်။ ငြင်းဆန် တွန်းကန်မှု မရှိ။ ဆုပ်ကိုင် တင်းထားမှုမရှိ။ သိမ်မွေ့စွာ ပြောင်းလဲ တည်နေနိုင်တာလေးကို မိုးတို့ ကမ္ဘာမြေအနှံ့ ရွာချပုံရိပ်တွေနဲ့ ပြောထားပါတယ်။ ဆက်လာမယ့် နောက် ဆုံးစာပိုဒ်လေး ကတော့ ကဗျာတစ်ပုဒ်လုံးမှာ အလှဆုံးနဲ့ အားအပါဆုံးလို့ ကျွန်မ ထင်ပါတယ်။ အဲဒီမှာ သူမပြောလိုက် တာက …….

Mean while the wild geese,

Mean while the wild geese, 

high in the clean blue air,

are heading home again.

Whoever you are, 

no matter how lonely,

the world offers itself  to your imagination,

calls to you like the wild geese, 

harsh and exciting —

over and over announcing your place in the family of things.

အဲဒီအချိန်လေးမှာပဲ

ကြည်ပြာ ကောင်းကင်မြင့်ထက်မှာ 

ငန်းရိုင်းတွေ လည်း အိမ်ပြန်သွား ပြန် ပြီ 

မင်း ဘယ်သူပဲဖြစ်ဖြစ်ပါ …

မင်းအနား ဘယ်သူမှ ရှိမနေလဲပဲ 

မင်းတွေးရင် တွေးမိသလောက်တော့  

လောကက မင်းအနား ရှိပြီးသားရယ် 

သဘာဝ လောကကြီးနဲ့သာ 

မင်းထိ-သိပျော်ဝင်လိုက်ကွယ်

ငန်းရိုင်းတွေကို ကြည့် 

အသံစူး ကြီးပြုလိုက် တဝဲဝဲ ပျံပျံမြူးလို့  

မင်းကို ပြောပြောပြ နေရှာတာများ…

ဒီလောကရှိသမျှအရာတွေဟာ 

မင်း အဖော်ပဲဟေ့တဲ့လေ။ 

တစ်ပုဒ်လုံးကို ပြန်ချုံ့လိုက်ရင်တော့ စစချင်းမိမိကိုယ် ကို မညှာမတာ စိတ်ဒုက္ခ မပေးဖို့ပြောတယ်။ နောက် ဒုတိယ စာပိုဒ်နဲ့ ကိုယ်မေ့မေ့နေတတ်တော့ ဝန်းကျင်လောကကို သတိပေးပါတယ်။ အဲဒီနောက်တော့ ဘယ်လောက်ပဲ စိတ် ညစ်နေပါစေ။ ဝမ်းနည်းနေပါစေ၊ အထီးတည်း ခံစား ချက်ရှိနေပါစေ၊ ရှုပ်ပွေလှသော လူ့လောကအပြင် သူ့ ဖြစ်စဉ်နဲ့ သူ အလိုက်အထိုက် သဘာဝလောကကြီး တစ်ခု လုံး မင်းဘေးမှာရှိနေပါရဲ့။ စီးမျောလို့ ခံစားအဖော် ပြုလိုက်စမ်း ပါလို့ ချစ်စဖွယ် တိုက်တွန်းထားပါလေရဲ့ရှင်။

ယဉ်ဝါဖြူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*