ငါ့အသက်နဲ့ မင်းရင်ခွင်ကို ထွန်းညှိထားတဲ့မြို့

ငါ့အသက်နဲ့ မင်းရင်ခွင်ကို ထွန်းညှိထားတဲ့မြို့
September 28, 2017 Leanne Win
ငါ့အသက်နဲ့ မင်းရင်ခွင်ကို ထွန်းညှိထားတဲ့မြို့

 

အမှောင်ကို ထွန်းညှိထားတဲ့
ပိုးစုန်းကြူးအလင်းနဲ့
သန်းခေါင်ယံ ညဥ့်နက်နက်ကို
ဝင်းလက်ဖို့
မင်းနှုတ်ခမ်း ပွင့်ချပ်လွှာ
ချိုမြလေမလားမြို့
အထီးကျန်မှုက ငါ့ရင်ခွင်ကို
နာနာကျင်ကျင်စူးဝင်
ပုံပြင်တွေနဲ့ ကြီးပြင်းရမယ့်
ကလေးငယ်လို

အချစ်က သားချော့တေးလို
နှစ်သိမ့် စေသလား မြို့
ဘဝကို စက္ကူရုပ်လို ချိုး
လောကဓံ မိုးသည်းသည်းထဲ
ရင်ဝေဒနာနဲ့
လှမ်းမိတဲ့လမ်းက သင်ခန်းစာတွေနဲ့
စုလို့ပုံလို့

လှောင်ပြောင်နေရုံနဲ့
မပြီးဆုံးနိုင်တဲ့ ခရီး
မင်းဆောင်းချင်တဲ့ သရဖူက
င့ါအသက်ကိုလား မြို့
ဆည်းဆာမရှိဘဲ
အလင်းစစ်စစ်ရဖို့ မလွယ်ဘူး
တိုင်းပြည်တစ်ပြည်ကို
လက်နက်နိုင်ငံတော်ကစလို့
မင်းဧကရာဇ်မရှိတဲ့ နန်းတော်ဟာ
အဆံမရှိတဲ့ အမြောက်
ဖုန်မှုန့်တွေ လွှမ်းမောက်စေတဲ့
အိမ်အိုလို

ရွှမ်းစိုမှုမရှိတဲ့ဥယျာဉ်မှာ ပန်းက
အင်္ဂါမစုံဘဲ ပွင့်ရတဲ့မြို့
နွေဥတုက ပူလောင်မှုကို သရဖူဆောင်း
မိုးဥတုက ရွာသွန်းမှုကို ဂီတသံပြောင်း
ဆောင်းဥတုဟာ နှင်းငွေ့ကို
မဟောင်းစေတဲ့မြို့
စောင့်မျှော်ဖူးတဲ့ လမ်းကလေးက ခြောက်သွေ့
ဘယ်တော့မှ မေ့မရနိုင်တဲ့
မြစ်ကမ်းနံဘေးက မြို့လေးရေ
နှင်းငွေ့တွေနဲ့ အေးခဲနေမလား
မိုးစက်တွေနဲ့ ချမ်းစိမ့်နေမလား
နွေဥသြတေးနဲ့ လွမ်းဖွဲ့နေမလား
အိမ်ပြန်ချိန် နောက်ကျခဲ့တဲ့ လမ်းက
မဖြောင့်တန်းတဲ့မြို့

တန်ခူးလေပြေလို မင်းအသံကညင်းသွဲ့
ပြေးထွက်မရ ထောင်ချောက်မှာ
ငါဟာသားကောင်
လှောင်အိမ်က မင်းအနမ်း
ငါ့ဇာတ်လမ်းနဲ့ငါ ကမ်းကခွာမရတဲ့မြို့။

နေဘုဏ်းဝေ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*