September 8, 2017 Leanne Win

article

လူတစ်ယောက်၏ ပညာသင် ကာလကို တွက်ကြည့်လျှင် အသက် ၁၆နှစ်မှာ ဆယ်တန်းအောင်မြင်ပြီး နောက် တက္ကသိုလ်မှာ သင်ယူသည့် ပညာရပ်ကိုလိုက်၍ အသက် ၂ဝ နှင့် အစိတ်အတွင်း ဘွဲ့ရပြီး လုပ်ငန်း ခွင်သို့ ဝင်သည့်အတွက် ကျောင်း စနေသည့် ၅နှစ်၊၆နှစ် အရွယ်က စတွက်လျှင် ကျောင်းသက်အနှစ် ၂ဝ ဝန်းကျင်ရှိပါလိမ့်မည်။ လူ့ဘဝ သက်တမ်းမှာ နှစ်၂ဝလောက် ကျောင်းတက်ပြီး လုပ်ငန်းခွင်ဝင်ရ သည်ဟု ယေဘုယျအားဖြင့် ဆိုနိုင် ပါသည်။

ကျွန်တော့်ဘဝဖြစ်စဉ်ကို ပြန်စဉ်းစားကြည့်တော့ ယခုဖော်ပြ သည့် ယေဘုယျဖြစ်စဉ်နှင့် တော် တော်ကွဲပြားနေသည်ကို တွေ့ရ သည်။ ကျွန်တော်က အသက်၂၃နှစ် မှာ ဘွဲ့ရပြီး တစ်ဆက်တည်းပင် တက္ကသိုလ်မှာ ဆရာဖြစ်သည့်အတွက် သက်ပြည့်၊ သက်လွန်အငြိမ်းစား ယူသည်အထိ ဆက်တိုက်ကျောင်း တက်ရသည့်အပြင် အငြိမ်းစားယူ သည့်အချိန်မှ ယခုအထိ တက္ကသိုလ် မှာ စာသင်ပေးနေဆဲဖြစ်သည်။ စာသင်နေရင်းပင် ကျွန်တော့်အသက် ၇၈ နှစ်ရောက်လာပါပြီ။ သည်တော့ ကျွန်တော့်သက်တမ်းမှာ ကျောင်း မနေမီ ကလေးဘဝနှင့် ကြားမှာ အဆင်မပြေ၍ ပညာသင်ရပ်ဆိုင်းခဲ့ရ သော နှစ်များကို ဖယ်လိုက်လျှင်ပင် ကျွန်တော့်ကျောင်းသက်မှာ နှစ် ၇ဝ ပြည့်ခါနီးနေပါပြီ။

‘ရွှေကျောင်းကြီးပေါ် မပျော် ရင် ထွက်ခဲ့ပါမောင်ရယ်’ဆိုသော ရှေးသီချင်းကလေးနှင့် ဆက်စပ် ကြည့်တော့ ကျွန်တော့်ဘဝမှာ မပျော်၍ ကျောင်းထွက်ရသော အခြေအနေမျိုးမဟုတ်ဘဲ ဘဝသက် တမ်းတစ်ခုလုံးနီးပါး ‘ကျောင်းပျော် ကြီး’ အဖြစ် နေရသည်ကို သတိမူမိ ပါသည်။’ ကျောင်းပျော်ကြီးကျွန် တော်’၏ ကျောင်းပျော်ဘဝကို ‘ခုနှစ်စဉ်အမျှင်တန်း’ ကြည့်မိသော အခါ ဘဘ၏အိမ်ကျောင်း

ဆရာက တပည့်ကိုစာသင်ပေး သည့် နေရာကို ကျောင်းဟုခေါ်နိုင် သည်ဆိုလျှင် ကျွန်တော့်ဘဝမှာ ပထမဆုံး တက်ရသောကျောင်းသည် ‘အိမ်ကျောင်း’ ဖြစ်သည်ဟု ဆိုရပါ မည်။ ကျွန်တော့်ကိုသင်ပေးသော ဆရာမှာ ကျွန်တော့်မိခင်၏ဖခင်၊ ကျွန်တော့်အဘိုး၊ အဘ ဦးသီဟ ဖြစ်ပြီး၊ ဘဘ၏တစ်ဦးတည်းသော တပည့်မှာ ကျွန်တော်ကိုယ်တိုင်ဖြစ် ပါသည်။

ကျွန်တော် ၄နှစ်သားအရွယ်မှာ ဘဘကစာသင်ပေးသည်။ ဘဘ သည် ကျွန်တော်တို့ရွာမှာ နှစ်ပေါင်း များစွာ ကျောင်းဆရာလုပ်ခဲ့သည့် ပုဂ္ဂိုလ်ဖြစ်သည်။ ဘဘကို ကျွန်တော့် မိခင်ကသာ အဖေဟုခေါ်ပြီး တစ် ရွာလုံးက ‘ဆရာလေး’ ဟု ခေါ်ကြ သည်။ တစ်ရွာလုံးလိုလို ဘဘ၏ တပည့်များဖြစ်သည်။ ဘဘမှာ အသက်ရှစ်ဆယ်ကျော်မှ နောက် ဆုံးတပည့်ဖြစ်သော မြေးဖြစ်သူ ကျွန်တော့်ကို စာသင်ပေးရသည်။ ဘဘသင်ပေးသောသင်ရိုးမှာ ရွှေနှင်းဆီစာပုံနှိပ်တိုက်က ရိုက်နှိပ် သော ‘ဆယ်စောင်တွဲ’ ဖြစ်သည်။ ဆယ်စောင်တွဲသည် ကျွန်တော်တို့ မမွေးမီကပင် လောကုတ္တရာစာပေ သင်ရိုးအဖြစ် ဘုန်းတော်ကြီးကျောင်း များတွင် သင်ကြားသောစာအုပ် ဖြစ်သည်။ အပြင်အောင်ခြင်း၊ အတွင်းအောင်ခြင်း၊ ရတနာရွှေချိုင့်၊ နမက္ကာရ၊ လောကနီတိ၊ ပရိတ်ကြီး ဟူသော ‘လောကုတ္တရာစာ’ ခြောက်မျိုးနှင့် ‘ပုတ္တောဝါရ ဆုံးမ စာ’၊ ‘လောကသာရဆုံးမစာ’၊ ‘အနု သာသနဆုံးမစာ’၊ ‘ဘိုးသူတော်ဦးနု စကားပုံ’ ဟူသော ‘မြန်မာစာ’လေးမျိုး ပါဝင်ပါသည်။ နောက်စာလေးမျိုးမှာ ဆယ်စောင်တွဲမူတစ်ခုနှင့်တစ်ခု ကွဲ ပြားမှုရှိတတ်ပါသည်။ ကျွန်တော့်ကို ဘဘသင်ပေးသော ဆယ်စောင်တွဲမှာ ထိုမူအတိုင်းဖြစ်ပါသည်။ ဘဘ၏ကျေးဇူးကြောင့် မြန်မာစာကိုသာမက ပါဠိ ကိုလည်း ဌာန်ကရိုဏ်းကျကျ ဖတ် တတ်ပါသည်။ ဘုရားရှိခိုးရာတွင် ရွတ်ဆိုပူဇော်ရသော ဂါထာများ၊ ပရိတ်တော်များကိုလည်း ငယ်စဉ်က ပင် ကျက်မှတ်ပြီးသား ဖြစ်သွားပါ သည်။ ပရိတ်ကြီး ၁၁သုတ်မှာ အသက်ကြီးသည်အထိ ရွတ်ဆိုရ သော ပရိတ်တော်ဖြစ်၍ တန်ဖိုးရှိ ပါသည်။ လောကနီတိမှ အဆုံးအမ များကိုလည်း မှတ်သားရပါသည်။ ဆုံးမစာများမှာ ပျို့များဖြစ်ကြောင်း အသက်ကြီးသောအခါ သိလာပါ သည်။ မြန်မာစာပေလေ့လာရာ တွင် စာကောင်းပေမွန်များအဖြစ် အလေး ထားရသော စာများဖြစ်ပါသည်။ လေးလုံးစပ်ကဗျာအဖွဲ့များကိုလည်း အဖြတ်အတောက်မှန်မှန် အသံထွက် ပြီး ရွတ်ဆိုတတ်သွားပါသည်။ ‘ဆယ်စောင်တွဲ’ကို ကျေကျေညက် ညက် သင်လိုက်ရသည့်အတွက် မြန်မာစာ အဖတ်အရွတ် အခြေခံ ကောင်းကောင်း ရပါသည်။

ဘဘက စာရေးတတ်အောင် လည်း သင်ပေးသည်။ စာစသင်က တည်းက သတ်ပုံမှန်မှန်၊ ဝါကျ မှန် မှန်ရေးတတ်အောင် လေ့ကျင့်ရပါ သည်။ အပေါင်းအနုတ်၊ အမြှောက် အစားဆိုသည့်အခြေခံ ဂဏန်း သင်္ချာ၊အတွက်အချက်ကိုလည်း သင်ပေးပါသည်။

စာဖတ်တတ်တော့ အိမ်မှာရှိ သော ကျိုက်ထီးရိုးဘုရားသမိုင်းတို့၊ ဘဘ၏စားပွဲပေါ်က ‘ဒီးဒုတ်ဂျာနယ် တို့၊ သူရိယသတင်းစာ’ တို့ကို ယူပြီး ဖတ်တတ်နေပါပြီ။ အဓိပ္ပာယ်တော့ အကုန်မသိပါ။ စာတော့ သွက်သွက် လက်လက် ဖတ်တတ်နေပါပြီ။

ဘဘကို အများက ‘ဆရာလေး’ ဟု လေးလေးစားစားခေါ်၍ ပြောဆို ဆက်ဆံကြသည်ကိုကြည့်ပြီး ဘဘလို ကျောင်းဆရာဖြစ်ချင်သည့် စိတ် သည်လည်း ထိုအရွယ်ကတည်းက ရင်ထဲမှာ ကိန်းအောင်းခဲ့ပါသည်။

ကျွန်တော် မူလတန်းကျောင်း တက်ရမည့်အရွယ်ရောက်တော့ စာ ကောင်းကောင်းဖတ်တတ်၊ ရေးတတ် နေပါပြီ။ဆရာလေး ဦးသန်းမောင် ၏မူလတန်းကျောင်း ကျွန်တော်ကျောင်းစတက် တော့ သူငယ်တန်းမနေရပါ။ ပထမ တန်းမှာ စတက်ရသည်။ စာတတ်နေ ပြီဖြစ်သည့်အတွက် ဆရာလေး ဦးသန်းမောင်က ပထမတန်းမှာ စပြီး တက်ခွင့်ပြုပါသည်။

 ကျောင်းအကြောင်းပြောရမည် ဆိုတော့ ကျွန်တော့်ဇာတိရွာ အကြောင်းက စရပါလိမ့်မည်။ ကျွန် တော်တို့ရွာက ဓနုဖြူမြို့အပိုင် (မြို့ နယ်)၊ ကျုံတနီးရွာအရှေ့ဘက်ကမ်း ဖြစ်ပါသည်။ ( ရွာ၏ အရှေ့ဘက်ကမ်း နှင့် အနောက်ဘက်ကမ်းကို ချောင်း ခြားနေပါသည်။ အနောက်ဘက် ကမ်းက ကျုံပျော်မြို့ အပိုင်ဖြစ်ပါ သည်။) ဆရာလေးဦးသန်းမောင်၏ မူလတန်းကျောင်းက ရွာဦးရှိ ‘ပိ တောက်ကျောင်း’ခေါ်ဘုန်းကြီး ကျောင်းဝင်းထဲက ဇရပ်ကလေးတစ် ခုမှာ ဖွင့်ထားသော ကျောင်းဖြစ် သည်။

 ကျောင်းမှာ စတုတ္တတန်းအထိ ရှိပါသည်။ အစောပိုင်းမှာ ဆရာလေး ဦးသန်းမောင်က တစ်ဦးတည်းသော ကျောင်းဆရာဖြစ်သည်။ ကျောင်း အုပ်လည်းဖြစ်သည်။ ဘာသာစုံ သင် ရသည့်ဆရာလည်း ဖြစ်သည်။ (နောက်ပိုင်းကျမှ ဦးဘသိန်းဆိုသော ဆရာတစ်ယောက်ရောက်လာပါ သည်။) ဆရာလေးက ကျွန်တော်တို့ ကို မြန်မာစာ၊ သင်္ချာ၊ ပထဝီဝင်၊ လောကဇာတ် (အထွေထွေသိပ္ပံ)၊ ပြည်သူ့နီတိနှင့် ကျန်းမာခြင်း စသည့် ဘာသာရပ်များ သင်ပေးသည်။ တစ် တန်းကို လေ့ကျင့်ခန်း ပေးထားတုန်း တစ်တန်းကို စာရှင်းပြသည်။ ပြီးတော့ သင်္ချာတွက်ခိုင်းထားပြီး နောက်တစ်တန်းကူးသည်။ အတန်း စုံကို ဆရာတစ်ယောက်တည်း လှည့်ပတ်ပြီး ဘာသာစုံသင်ကြား ပေးနေသည့်ဆရာလေး၏ စွမ်းရည် ကို အသက်ကြီးလာမှ သဘော ပေါက်လာပါသည်။ စာသင်ရင်း လိမ္မာရေးခြားရှိအောင်လည်း ဆုံးမ ပြောဆိုသည်။ စည်းကမ်းတကျ ပြုမူ၊ ပြောဆိုတတ်အောင် သင်ကြားသည်။ ကျောင်းပြေးသူရှိလျှင် အိမ်အရောက် လိုက်ခေါ်ခိုင်းပြီး’ နောက်..ကျောင်းပြေးဦးမလား’ဟု မေးရင်း ခပ်စပ်စပ်ကလေး ရိုက်တတ်သည်။ ကျောင်းချိန်မစမီ ကျောင်းသား၊ ကျောင်းသူများကို ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်းများ လုပ်ပေးသည်။ ယောက်ျားလေးတွေ က ပုဆိုးခါးတောင်းကျိုက်၊ မိန်း ကလေးတွေက ထဘီတိုတိုဝတ်ပြီး ဆရာလေး အမိန့်ပေးသည့်အတိုင်း ‘တစ်၊ နှစ်၊ သုံး၊ လေး’ သံပြိုင်ဆိုကာ ကိုယ်လက်လှုပ်ရှားရသည်မျာ ပျော် စရာကောင်းသည်။ နေ့လယ်ကျောင်း ဆင်းချိန်မှာလည်း ကျောင်းရှေ့က ကွက်လပ်မှာ ထုပ်ဆီးတိုးကြ၊ စိန် ပြေးကြ၊ ဖန်ခုန်ကြ၊ ဇယ်တောက်ကြ နှင့် ပျော်ပျော်ရွှင်ရွှင်ကစားကြသည်။ အတန်းထဲသို့ ဆရာလေးဝင်လာ လျှင် မတ်တတ်ရပ်ပြီး ‘ပဉ္စဂုဏံ အဟံဝန္ဒာမိ’ဟု သံပြိုင်ဆို၍ လက် အုပ်ချီ နှုတ်ဆက်ရသည်။ (ထိုစဉ်က ‘မင်္ဂလာပါ’ အသုံးမပေါ်သေးပါ။) ညနေကျောင်းဆင်း၍ ညနေအိမ်ပြန် လျှင် စည်းကမ်းတကျ တန်းစီလက် ပိုက်ပြီး ‘ဗုဒ္ဓေါမေနာထော၊ ဗုဒ္ဓံသတ္တ ပါကာရံ၊ ဇီဝိတံဟာ ဝနိဗ္ဗာနံ၊ သရဏ ဂစ္ဆာမိ’စသည့် ဂါထာကို တစ်ညီ တည်းရွတ်ဆို၍ ဣနြေ္ဒရရ ပြန်ကြရ သည်။

ဆရာလေးသည် ရပ်ရေး၊ ရွာ ရေး၊ သာရေးနာရေးများကိုလည်း ဦးဆောင်ဦးရွက်လုပ်ပေးသည်။ ပွဲ လမ်းသဘင်ရှိလျှင် ဆရာလေးက ‘တက်ခုတ်ယိမ်း’တိုက်ပေးသည်။ ရွာမှ မိန်းမပျိုကလေးများကို တက်ခုတ်ယိမ်းမှာဆိုဖို့ ‘လှေတော်သံ’ သီချင်းများ တိုက်ပေးပြီး ယိမ်းဆရာ လုပ်သည်။ ချောင်းထဲမှာ လှေများ ဖြင့် တက်ခုတ်ယိမ်းထွက်ရသည်။ သီဆိုသရုပ်ဆောင်ရသည်။ ရွာသူ ရွာသားများ၏ အခြားအစီအစဉ်များ လည်း ပါဝင်ပါသည်။ ရပ်ရွာအရေး ကို စိတ်ဝင်တစား ဆောင်ရွက်ပေး သည့်အတွက် ဆရာလေး ဦးသန်း မောင်ကို တစ်ရွာလုံးက ခင်မင်လေး စားကြသည်။ ဆရာလေးရွာထဲသို့ လျှောက်လာလျှင် ‘ဆရာလေး၊ ရေ နွေးသောက်ပါဦး’၊ ‘အိမ်ခဏဝင်ပါ ဦး’စသည်ဖြင့် ဝမ်းသာအားရ ဖိတ် ခေါ်တတ်ကြသည်။

 ကျောင်းကလေးက ချောင်း ကမ်းနားမှာရှိသည်။ ကျောင်းမှာစား ပွဲကုလားထိုင်မရှိပါ။ ကျောင်းသား များ ကြမ်းပြင်ပေါ်မှာ ထိုင်ကြရ ပါသည်။ စာရေးလျှင် ကြမ်းပေါ်မှာ စာအုပ်တို့ ကျောက်သင်ပုန်းတို့ချပြီး ဝပ်၍ရေးရသည်။ မတ်တတ်ရပ်၍ သံပြိုင်စာဆိုရသည်။ ဆရာလေးက စာတော်သော စတုတ္ထ တန်းကျောင်း သားကြီးများကို အတန်းငယ်များမှာ စာသင်ရန် တစ်ခါတစ်ရံ တာဝန်ပေး တတ်သည်။ ချောင်းထဲသို့ မော်တော် ဝင်လာသည့် စက်သံကြားလျှင် ထိုင် နေရာမှ ကမန်းကတန်းမတ်တတ်ထ ရပ်ရသည်။ ရေတက်နေချိန်ဆိုလျှင် မော် တော်၏စက်ရှိန်ကြောင့်၊ လှိုင်းပုတ်ပြီး ချောင်းရေများ ကြမ်း ကြားမှ ဝင်လာတတ်သောကြောင့် ဖြစ်သည်။ အချိန်မီ မတ်တတ်မရပ် လျှင် အဝတ်များ ရေစိုကုန်တော့ သည်။ မော်တော်စက်သံကြားလျှင် မတ်တတ်ထရပ်ရသည်မှာ ပျော်စ ရာကောင်းပါသည်။

ကျွန်တော်ဆရာလေး ဦးသန်း မောင်၏ မူလတန်းကျောင်းမှာ စတုတ္ထတန်းအထိ ပညာသင်ခဲ့ရပါ သည်။ တစ်ခါက ကျွန်တ်ာရန်ကုန်ကို အမေနှင့်ခဏသွားသောအခါ ဆရာ လေးက ကျွန်တော့်အတွက် စာအုပ် လေးအုပ်ရှာပြီး ဝယ်ခဲ့ဖို့ မှာလိုက် သည်။ ‘ကျန်းမာခြင်း၊ လောကဇာတ်၊ ဝတ္ထုပစ္စည်း၊ စာစီစာကုံး’ တို့ဖြစ်သည်။ ထိုစဉ်ကသင်ရသည့် စာများကို သတိရစရာဖြစ်ပါသည်။

မောင်ခင်မင်(ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*