မောင့်သူငယ်ချင်းတွေ

မောင့်သူငယ်ချင်းတွေ
September 8, 2017 Leanne Win
မောင့်သူငယ်ချင်းတွေ

mg

မောင့် သူငယ်ချင်းတွေ အိမ်ကို လာကြသလား။ မောင့်သူငယ်ချင်းတွေနဲ့အတူ ညည ကဖေးဆိုင်မှာ ထိုင်ကြသလား။ မောင့်သူငယ်ချင်း တွေနဲ့အတူ လမ်းတကာလျှောက်လို့ သွားသေးသလား။ မောင်သူငယ်ချင်း တစ်ယောက်ကို စာရေးပြီး ကျွန်မဆီ လွှတ်လိုက်တာ  မှတ်မိသေးသလား။ အစ်မ၊ အခုလာတဲ့ ငါ့သူငယ်ချင်းကို ပိုက်ဆံ ၅ဝဝဝ လောက်ပေးလိုက်ပါ ဆိုတဲ့ စာနဲ့လေ။ မောင့်သူငယ်ချင်း တွေနဲ့ စကားဝိုင်းမှာ ကျွန်မအကြောင်းကို ကြွားနေသေးသလား။ မောင့်မှာ ပြောမဆုံးပေါင် တောသုံးထောင်အကြောင်းတွေနဲ့ မောင့် သူငယ်ချင်းတွေကို ကျွန်မစိတ်ပျက်တယ်။ မောင့်သူငယ်ချင်းတွေနဲ့ အတူမောင့်ကိုလည်း စိတ်ပျက်တယ်။မောင့်သူငယ်ချင်း ကိုတိုးကြီးကို သိပ်မျက်နှာသာ ပေးတာပဲ။

သူကအိမ်ကို ရောက်လာရင်ဆရာ ကတော် ဘာဟင်းချက်သလဲမေးပြီး မီးဖိုချောင်ထဲဝင် ကြောင်အိမ်ကိုဖွင့်တယ်။ မောင်က ကိုတိုးကြီး၊ ကိုယ့် ဘာသာခူးစားဆိုပြီး သူထမင်းစားပြီးရင် လက်ဖက် ရည်ဆိုင်ထိုင်ဖို့စိတ်ကူးနေတာလေ။ မောင့်သူငယ် ချင်းတွေ။ မောင့်သူငယ်ချင်းတွေနဲ့တွေ့နေရင် မိသားစု ကိုမေ့နေတယ်လားထင်ရတော့တယ်။ မောင့်သူငယ်ချင်း တွေက ကျွန်မကိုစတယ်။ ဆရာကတော်၊ နေမျိုးကို ခေါ် သွားချင်လို့ရမလားတဲ့။ မောင့်သူငယ်ချင်းတွေနဲ့ တစ်နေ ကုန်။ မောင့်သူငယ်ချင်း ကဗျာဆရာတစ်ယောက် ညကြီး မင်းကြီး အိမ်ရောက်လာပြီး ဒီမှာငါတစ်ည အိပ်ပါရစေ ဆိုတော့ မောင်က စောင်တွေခေါင်းအုံးတွေ ထုတ်ပေး တယ်။  မောင်သူငယ်ချင်းတွေ မှတ်မိသေးတယ်။ သူတို့ မိန်းမခိုးလာကြတော့မောင်ကဧည့်စာရင်းတောင်တိုင်ပေး တယ်လေ။ မောင့်သူငယ်ချင်း တစ်ယောက်က ကျွန်မကို ကြည့်ပြီး နေမျိုးဒါမင်းအစ်မလားဆိုတော့ မောင်က ရယ်နေတယ်။ ကျွန်မမောင်နဲ့မောင့်သူငယ်ချင်းတွေ  ကြောင့် စိတ်ဓာတ်တွေကျပြီးအိမ်ကိုပြန်ချင်ခဲ့တာ ခဏ ခဏပဲ။ မောင့်သူငယ်ချင်းတွေနဲ့ ပြောစရာစကား တွေက ကုန်ပဲမကုန်နိုင်ဘူးလား။ မောင့်ကိုကျွန်မ အကြိမ်ကြိမ် ပြောပြခဲ့တယ်။

မောင်နားမလည်ဘူး။ မောင်နားလည် တာက မောင့်သူငယ်ချင်းတွေ။ ညအခါ ကျွန်မအနားမှာ မောင်အိပ်ပျော်သွားမှ စိတ်နှလုံး ဒုံးဒုံးချနိုင်တယ်။ တစ်ခါက ညကြီးမိုးစုပ်စုပ်ချုပ်မှ မောင့်သူငယ်ချင်းတွေ အိမ်ကိုလာကြတယ်။ မောင့်နာမည် ခေါ်ရင် တံခါးဖွင့် မပေးမှာ စိုးလို့ ကျွန်မနာမည်ကိုခေါ်တယ်။ ဝင်းမေ… ဝင်းမေ…တဲ့။ မိုးကစုပ် စုပ်ချုပ်လှပြီ။ သူတို့အသံ က အခုမှ တောင်ပေါ်ကားဆိုက်လို့ ရောက်လာတဲ့ အသံနဲ့လေ။တံခါးဖွင့်ပေးတော့ မောင့် သူငယ်ချင်းတွေ။ မောင်တို့မှာ ဘာကိစ္စတွေနဲ့ ဒီလို ညဉ့်နက်သန်းခေါင် အလုပ်ရှုပ်နေ ကြတာလဲ။ မောင့် သူငယ်ချင်းတွေဟာဒီလိုပဲ။ ကိုတိုးကြီး အိမ်ပြန်ရင် မောင်ကအိတ်ထဲကနေဆွဲထုတ်ပြီး နည်းနည်း ပါးပါး ပေးလိုက်တာပဲ မဟုတ်လား။ မောင့်သူငယ်ချင်း တွေ။

ဟင်းလင်းပြင် မိုးကောင်းကင်ကြီးအောက် ကဖေး ဆိုင်စားပွဲမှာ ညဥ့်နက်သည်အထိ ကျွန်တော်ရှိ နေတတ် ပါသည်။ သတိရခြင်းသည် အမြဲတစေပင်။ တိတ်ဆိတ်ခြင်း သည် သတိရခြင်းပင်ဖြစ်သည်။ သတိရခြင်းသည် ကုန်ဆုံး ခဲ့သော နှစ်များ ဖြစ်သည်။ နား ထောင်မည်ဆိုလျှင် မောင့် သူငယ်ချင်းတွေ အကြောင်းကို ပြောချင်ပါသေးသည်။

(ဥက္ကာကျော်၊ ကိုစိုး၊ ဝေမှူးသွင်၊ ကိုထက်(ရေဦး)၊ ရွှေကမ္ဘာမောင် မောင်ကြီး၊ ကိုတိုးကြီး (နေမော်ဟိန်း)၊ အောင်မိုးစံ၊ ချစ်ထူး၊ မောင်ယဉ်နိုင် (မုံရွာ)၊ ကိုသင်းဝေနဲ့ သူငယ်ချင်းများသို့) ဝန်ခံချက် ၊ ယခုစာမူ၏ ခေါင်းစဉ်ကို ရွာစား စိန်တင်ဟန်၏ ‘ထန်းရွက်ပုတီး’ သီချင်းစာသားမှ ကောက်နုတ်ယူ၍ အသုံးပြုထားပါသည်။

နေမျိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*