အဘုဖတ်ဖို့ ကဗျာ -၂

အဘုဖတ်ဖို့ ကဗျာ -၂
August 31, 2017 Leanne Win
အဘုဖတ်ဖို့ ကဗျာ -၂

abu

၁၂၅၃ ခုနှစ်ခန့်က ထူးခြားတဲ့ ပြဇာတ်ရေးဆရာ တစ် ဦး ထွက်ပေါ်ကျော်ကြား ခဲ့ဖူးပါတယ်။ သူက ‘ပုစွန်တောင်ဆရာခ’  ဖြစ် ပါတယ်။သူ့ရဲ့ အတိုကောက်  နာမည်ကိုလည်း သူကိုယ် တိုင် ‘ဇွန်ခ’လို့ ရေးလေ့ရှိပါတယ်။

 စောဘရန်ငြိမ်းတို့လို ‘ဂန္တဝင် မှာ ပျော်ရှာလိုသူ’ အဖို့တော့ ဆရာ ဇွန်ခဟာ မရှိမဖြစ် ပညာရှင်ဖြစ်ပါ တယ်။ ဆရာ့အနုပညာကို ကြိုက်ရတဲ့ အကြောင်းအရင်းဟာ  ဆရာပုစွန် တောင် ဆရာခ သို့မဟုတ် ဇွန်ခ ဖန်တီးတဲ့ အနုပညာတွေဟာ (၁) ပါဠိ ယွန်း ပဏ္ဏာသကျမ်းမှ ဘာသာပြန်၍ ပြဇာတ်ရေးလေ့ရှိတဲ့ ‘ဝန်ကြီးပဒေသ ရာဇာ’ နဲ့လည်းမတူ၊ (၂) နိပါတ် တွေလို ထိုးဇာတ်သဖွယ် ဆီလျော်အောင် ပြင်ဆင်ပြီး ပြဇာတ် တွေ ရေးလေ့ရှိတဲ့ ‘ဦးကြင်ဥ’နဲ့လည်း မတူ၊ (၃) ယိုးဒယားဘာသာစတဲ့ နိုင်ငံခြား ဘာသာတွေမှ မြန်မာပြန် ပြီး ပြဇာတ်များရေးလေ့ရှိတဲ့ ‘မြဝတီမင်းကြီး ဦးစ’ နဲ့လည်း မတူ၊ (၄) ဘုရားဟော ဇာတ်နိပါတ်လာ သောအတိုင်း ပုံမပျက်စေဘဲ ပြဇာတ် ရေးလေ့ရှိတဲ့ ‘စလေဆရာကြီး ဦး ပုည’နဲ့လည်း မတူဘဲ၊ တစ်မူထူးကဲစွာ ခွဲထွက်ပြီး ပြဇာတ်ရေးပြ၊ ဖန်တီး ပြခဲ့တာတွေကို ကြိုက်ရတဲ့အကြောင်း ရင်းအဖြစ် ဖော်ပြလိုပါတယ်။

 ပြီးခဲ့တဲ့ အပတ်ကဖော်ပြခဲ့တဲ့  ‘အဘုဖတ်ဖို့ကဗျာ-၁’ ဟာ တကယ် တော့ အဘုဖတ်ဖို့မဟုတ်ဘဲ၊ အဘု အကြောင်း ဖော်ပြခြင်းသာဖြစ်ပါ တယ်။ အဘုဖတ်ဖို့ကဗျာဆိုတာထက် ‘အဘုတွေ’ ဖတ်ဖို့အဖြစ် စောဘရန်  ငြိမ်းမြင်ပါတယ်။

အဘုဖတ်ဖို့ကဗျာ-၁တွင် အဘု ကို ဆတ်ကော့လတ်ကော့ ကြော့ ကြော့ကလေးနဲ့ ကြွ နေတဲ့ အဘုဆိုတဲ့ အပျိုပေါက်ကလေးလို စာဖတ်သူ တွေ့ပြီးဖြစ်ပါတယ်။ အဘုကား ခေ သူမဟုတ်၊ အတော်လေး ‘နောကျေ’ ခဲ့ပြီဖြစ်ကြောင်း ‘ရင်းမာပင်’မှာ ပြသခဲ့ပြီဖြစ်ပါတယ်။

ရင်းမာ ပိတောက် တောတစ် လျှောက်မှာ မောထောက်စရာတွေ အပြည့်တွေ ရှိခဲ့သလို၊ ဆရာပုစွန် တောင်ဆရာခရဲ့ ‘တွင်းရေချို’မှာ လည်း အဘုကို သူ့အမူ သူ့အချွဲ၊ သူ့အလန်းတွေနဲ့ ခုလို …ခုလို

တွင်းရေချို
‘ အထူးကြောက်ခဲ့ ခင်းပွေပို၊
အဖူး ပေါက်တဲ့ တွင်းရေချို။
သက်သက်လွဲခဲ့ ယွင်းသွေလို၊
ဟက်တက်ကွဲတဲ့ တွင်းရေချို။
ကြင်သူခင်သူ
ရောက်ကြောင်းတ၊
ကျောက်စောင်းရှတဲ့
တွင်းရေချို။
နေဝင်လုခါအချိန်နည်းမှ၊
အိုးမပင့် နိုင်တစ်ကြိမ်ကွဲ
ထမိန်ရွှဲတဲ့ တွင်းရေချို။
ရည်းစားဖြစ်သူ
အလာနှောင်းလို့၊
နေမင်းရီရီ ညနေစောင်းကို
နွားကျောင်းသားတွေ
ရင်ဆိုင်တွေ့တော့
အမေ့ထံကို ဝင်ကာပြော
အဆောခဏ၊ အမေလာ၍၊
အချက်ထဲမှာ ထလို့သွားရ
စကားလက်စ တစ်ပိုင်းဖြစ်နှင့်
မောင်မယ်နှစ်ကိုယ်
လွန်စိတ်ညစ်
အဆစ်ခွပ်တဲ့ တွင်းရေချို။

အင်း ..အဘုတို့ ကိုခွေးတို့ ကလည်း၊ အဘုတို့ ကိုခွေးတို့ပါပဲ။ ဆရာခစာထဲကလို ‘အချက်ထဲမှ ထလို့သွားရ’ တာတောင် အဆစ်ကပါ လိုက်လာသေးတာတဲ့။ ဆက်ပြီး ..

အပွေလိုက်စိ ခင်းမြေမို၊
 အမေရိုက် သည့် တွင်းရေချို။
 ဖိနပ်ထိခဲ့ ဆင်းရွှေကိုယ်၊
 အရပ်သိ တဲ့ တွင်းရေချို။
 မြေကုန်းကွလို့ ခင်းပွေပို၊
 ရေပုံးကျတဲ့ တွင်းရေချို။
 ပေါင်းနနောက်သကွဲ
 နှင်းစေလို၊
 ခေါင်းခုပျောက်တဲ့
 တွင်းရေချို …

ဟုတ်ကဲ့။ အဘုဖတ်ဖို့ကဗျာ-၁ နဲ့ ၂ ပြီးတဲ့အခါ အဘု ဘာလဲ။ ပုစွန် တောင် ဆရာခ ဘာလဲ။ဂန္ထဝင် ဘာလဲ။
မိတ်ဆွေခင်ဗျား၊ ကျွန်တော် စောဘရန်ငြိမ်းတို့ချစ်တဲ့ ဂန္ထဝင် စာပေ ပျင်းစရာကောင်းတယ်ဆိုတာ ဟုတ်ပါသလား။

စောဘရန်ငြိမ်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*