နတ်မျက်စိ၏မှတ်စုများ -၁၄

နတ်မျက်စိ၏မှတ်စုများ -၁၄
August 16, 2017 Leanne Win
နတ်မျက်စိ၏မှတ်စုများ -၁၄

 

s

ကျွန်ုပ် တို့၏ နတ်မျက်စိ (ခေါ်) ဒိဗ္ဗစက္ခု တန်ခိုးရှင်လေးသည်… မိမိရရှိ ပိုင်ဆိုင်အပ်သော စွမ်းပကား နှင့် မိမိ၏ အလုပ် တာဝန်တို့ ၌ ရံဖန်ရန်ခါ ငြီးငွေ့ပျင်း မုန်း လေ့ရှိတတ်လေသည်။ အလုပ် တာဝန်များ ငြီးငွေ့ပျင်းမုန်းလာ သောကြောင့် နုတ်ထွက်ရန် ကြံစည် ခဲ့သော်လည်း ဒေဝတာဘုံနန်း၏ အကြီးအမှူး ဒေဝတာနတ်မှူးကြီးက No Resign  ” မထွက်နဲ့၊ မထွက်ရ” ဟု မနောအာရုံလှိုင်းမှတစ်ဆင့် လှမ်းဟောက်တတ်သဖြင့် နတ် မျက်စိခမျာ ဇက်ကလေး ပုလိုက်ရ ရှာလေသည်။

“ဟဲ့… အချင်းနတ် မျက်စိ။ ငရို့နတ်ဘုံမှာ မပြောနဲ့။ လူ့ဘုံက လွှတ်တော်အမတ် တွေတောင် သက်တမ်းမစေ့ ခင်နုတ်ထွက်စာ တင်ပြီး နုတ် ထွက်လို့မှ မရတာ။ လူတွေ ထက် နတ်ဒေဝတာတွေက ပိုအရေးကြီးသဟဲ့။ ကလေး တွေ ဂျင်ပေါက်သလို ထွက်စို့၊ ဝင်စို့ လုပ်လို့မရဘူးမှတ်” ဟု နတ် ချုပ်မှူးကြီးက သတိပေးဆုံးမသည်။

” လူတွေက ကျန်းမာရေး မကောင်းရင် အလုပ်ကထွက်လို့ ရပါတယ် နတ်ချုပ်မှူးကြီး။ အကျွန်ုပ် တို့ နတ်ဒေဝါတွေကျတော့ နှာဆေး ချောင်းဆိုး၊ ဖင်နာခေါင်းကိုက်တယ် ဆိုတာ ရှိမှမရှိတာ” ဟု နတ်မျက်စိက စော ဒကတက်သည်။

“လူ့ပြည်လူ့ရွာကို စောင့်ရှောက် ကြည့်ရှုရမယ့် နတ်ဒေဝါတွေ နေ မကောင်းလို့ ဘယ်ဖြစ်မတုန်းဟဲ့။ ငရို့ဆီမယ်…နတ်ဆရာဝန်တို့ ၊ နတ်ဆေးရုံတို့မှ မရှိတာ…”

နတ်မျက်စိသည် ရိုသေကြောက် ရွံ့ရသည့်ကြားထဲမှ စိတ်အား တင်းပြီး…

“လူ့ပြည်ကို သွားရတာကတော့ ဟုတ်ပါရဲ့။ အကျွန့်အနေနဲ့ အိန္ဒိယ နဲ့ မြန်မာနိုင်ငံကလွဲရင် ဘယ်နေ ရာမဆို အဆင်သင့်ပါပဲ ဖရာ့++ဟု လျှောက်တင်လိုက်ရာ နတ်ချုပ်ကြီး အူကြောင်ကြောင် ဖြစ်သွား၏။

” နင် အရိုင်းအစိုင်းကောင်ပဲ။ အိန္ဒိယဆိုတာ ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူခဲ့တဲ့ ဒေသ။ မြန်မာနိုင်ငံ ဆို သဟာက မြတ်စွာဘုရားရဲ့ ထေရဝါဒ အထွန်းကားဆုံးနေရာ။ နင်က ဘယ်နိုင်ငံသွားချင်တာတုန်း။ ဆီးရီးယားလား၊ အီရတ်လား.. အာဖဂန်လား”

“ဒီလိုပါ အရှင်မင်းကြီး။ အခုလောလောဆယ် မြန်မာနိုင်ငံမှာ ချောက်ချားထိတ်လန့်နေကြတဲ့ H1N1 ဆိုတဲ့ ကူးစက်တုပ်ကွေး ရောဂါရဲ့ မူလအစက အိန္ဒိယနိုင်ငံမှာ ပါ။ ၂ဝဝ၉ ခုနှစ်က အိန္ဒိယမှာ ဖြစ်ပွားခဲ့ပြီး လူ ၆ဝဝ လောက်သေခဲ့ တာတဲ့။ မြန်မာနိုင်မှာတော့ သြဂုတ် လဆန်း ၁ ရက်နေ့အထိ လူနာ တစ်ဒါဇင်လောက် မာလကီးယား ဖြစ်သွားခဲ့ပါပြီ ဖရာ့။ H တွေက ကောင်းကိုမကောင်းပါဘူး။ ဟိုက် ဒရိုဂျင်ဗုံးဆိုတာလဲ  H ပဲ။ အတို ကောက်  H ကို ဗုံးလို့ခေါ်ကြတယ် မှုတ်လား။ လူသတ်တဲ့ မူးယစ်ဆေး ဝါး ဟဲရိုးဝင်း Heroin  ဆိုသဟာ လည်း H ပဲဖရာ့။ ကုရာနတ္တိဆေး မရှိတဲ့ မျိုးတုံးရောဂါ ဆိုးကြီးကို ဖြစ်စေတဲ့ ဗိုင်းရပ်ပိုးကိုလည်း HIV လို့ ခေါ်ကြတာ ဖရာ့။ အခုလည်း ဝက်တုပ်ကွေးဘဝကနေ လူတုပ် ကွေးဘဝကို ပြောင်းသွားတဲ့ ဗိုင်းရပ် အကောင်ကို H1N1 လို့ ခေါ်နေ ကြပြန်ပြီ။ ကြက်ငှက်တုပ်ကွေး တုန်းကလည်း H5N1 ဆိုပြီး..ံ နာမည်တပ်ခဲ့တယ်ဖရာ့။ မြန်မာ နိုင်ငံကို အကျွန်ုပ်သွားရင် H1N1 ဗိုင်းရပ်နဲ့ ဖူးစာဆုံကိန်း ရှိနေပါတယ်။ အရှင်မင်းကြီး ဖရား..”

နတ်မျက်စိက အသနားခံပါ သော်လည်း ဒေဝတာနတ်ချုပ်မှူး ကြီးက သက်ညှာထောက်ထားခြင်း မရှိပါ။

“ဟေ့ … အမိန့်ဟာ အမိန့် ပဲကွ။ စစ်တပ်ရဲ့ ဥပဒေ မကြားဖူးဘူး လား။ (ရေဗူးပေါက်တာ မလိုချင်ဘူး။ ရေပါတာပဲ လိုချင်သတဲ့။) ငါ့ရှင် မောင်စက္ခု။ မြန်မာနိုင်ငံကို အမြန် သွားပေရော့။ ကူးစက်တုပ်ကွေးကို ငါပေးလိုက်မယ့် ဝရဇိန် လက်နက်နဲ့ ဖြိုခွင်းလေရော့။ လူမွဲများတဲ့ ဆင်း ရဲသားနိုင်ငံက နှာခေါင်းစည်း Mask  ကလေးတောင် မဝယ်နိုင်ရှာကြတဲ့ လူနာတွေ အသက်မဆုံးရှုံးရအောင် ကယ်တင်ပေတာ့။ လူကောင်းတွေ ရောဂါမကူးစက်ရအောင် နတ်တို့ရဲ့ ဣဒ္ဓိပါဒ်တန်ခိုးနဲ့ ကာကွယ်ပေ ရော့…”

“အမိန့်” ဟုဆိုသောအခါ နတ် မျက်စိ မငြင်းသာတော့ပေ။ ဒေဝတာ နတ်ချုပ်မှူးကြီး ပေးလိုက်သော ဝရဇိန် လျှို့ဝှက်လက်နက်ပုန်းကို ကိုင်ဆောင်လျက် လူ့ပြည်လူ့ရွာ ရွှေဗမာတို့၏ ရွှေပြည်တော်ကြီးဆီသို့ ဆင်းလာခဲ့သည်။ ရွှေပြည်တော် တစ်ဝှမ်းလုံးကို ဒိဗ္ဗစက္ခုဖြင့် ထောက် လှမ်းလိုက်ရာ ထူးထူးခြားခြား မတွေ့ ရ၍ ကူးစက် ဖျားနာရောဂါကို အဓိကလက်ခံ ကုသပေးနေသည့် မြို့တော်ရန်ကုန် ထဲမှာစေ့စေ့စပ်စပ် လိုက်ကြည့်သည်။

“အင်း… ဟောသည့် ၈ လပိုင်း ကတော့ ထူးကိုထူးခြားသကွယ် …” ကြည့်စမ်းပါဦး..။ နှာခေါင်းစည်း ကြီးတွေနဲ့ ဖက်ရှင်စတိုင်ထုတ်လို့”
နတ်မျက်စိက စည်ပင်သာယာ က အမှိုက်လှဲသမားတွေ တပ်ဆင် လေ့ရှိကြသည့် အစိမ်းနုရောင် နှာခေါင်းစည်းကလေးတွ တပ်ဆင် ထားကြသည့် ကလေးလူကြီး တချို့ ကို ငေးကြည့်နေသည်။ ငေးကြည့် နေရာမှ နတ်ဣ နြေ္ဒ မဆောင်နိုင်ဘဲ နှာခေါင်းစည်း အစိမ်းရောင်နှင့် ချာတိတ်ကလေး တစ်ယောက်အနီးသို့ ကပ်သွားလေ၏။

“ဟေ့…ကလေး”
“ဘာလဲဂျ…”

ချာတိတ်ကလေးမှာ တစ်ခုခု မကျေနပ်သလို မျက်မှောင်ကြုတ် ထားသည်။ အသွင်ယူထားသော နတ်မျက်စိကို ဘုကြည့်ကြည့်၏။ ” မင်းတပ်ထားတဲ့ နှာခေါင်းစည်းက ရောဂါကို မကာကွယ်နိုင်ဘူး။ စိတ်မ ချရဘူး။ အကောင်းစား နှာခေါင်း စည်းရှိတယ်။ ခွဲစိတ်ခန်းက ဆရာဝန် တွေသုံးတာ Surgical Mask လို့ ခေါ်တယ်။ အဲဒါမျိုးကို ရှာဝယ်ပြီး သုံးရတယ်ကွ။  H1N1 အတွက် စိတ်ချရတယ်”

” သွားစမ်းပါဂျာ။ ဘာတွေ လာပြောနေမှန်းမသိဘူး။ အဖေရိုက် မှာ ကြောက်လို့သာ ဒါကြီးတပ်ထား ရတာ။ ခဏလေးတောင် တပ်မထား ချင်ဘူး။ အသက်ရှုလို့လည်း မဝဘူး။ လမ်းသွားရင်း မုန့်စားလို့မရဘူး။ ခင်ညားကြီးကျတော့ ဘာလို့ မက်စ် မရှိတာလဲ”

“ငါ…ငါက နတ် အဲလေ ငါ့ မက်စ်က ပျောက်သွားလို့ကွ။ ဆေး ..ဆေးဆိုင်မှာ သွားဝယ်ရဦးမယ်”မက်စ်ဝယ်ရင် ပိုက်ဆံများများ ယူ သွားဂျ။ မက်စ်တွေ ဈေးတက်နေ တယ်” ဟု ကလေးက အကြံပြုနေ ပါသေး၏။

အရင်တုန်းက လမ်းဘေးမှာပုံ ထားပြီး ကြိုက်တဲ့သူက အလကား ယူဆိုရင်တောင် လှည့်မကြည့်ကြတဲ့ နှာခေါင်းစည်းတွေ အခုတော့ ဝယ် လို့တောင် မရတော့ဘူး။ ဒီကြားထဲ ခါတော်မီ ဝိသမလောဘ သားတွေက မတရား ဈေးတင်ရောင်းနေကြသေး ရဲ့..ထွီ”

သူ့ဘေးက ဖြတ်သွားသော မိန်းမကြီးတစ်ယောက် ဗျစ်တီးဗျစ် တောက် ပြောသွားသံကို နတ်မျက်စိ ကြားလိုက်ရ၏။သူက သေချာလေ့လာ စူးစမ်း လိုက်ရာ ရန်ကုန်မြို့တော်သူ မြို့ တော်သားတို့သည် H1N1 တုပ် ကွေးပိုးကို စိန်ခေါ်နေကြဘိ သကဲ့သို့ လူ ၁ဝဝ မှာ ၁ ယောက် လောက်သာ နှာခေါင်းစည်းတပ်ထား သည်ကိုတွေ့ ရပေသည်။

“အော်… ရန်ကုန်သူ၊ ရန်ကုန်သား နေ့စဉ်နေ့တိုင်း ကာဗွန် ဒိုင်အောက်ဆိုဒ် ကားမီးခိုး အိပ်ငွေ့ တွေ ရှုရလွန်းလို့ …အဆိပ်ပြီး ကုန်ကြပြီ မှတ်ပါရဲ့” ဟုနတ်မျက်စိ တွေးမိပြန်သည်။

အပန်းဖြေပန်းခြံ တစ်ခုထဲသို့ ဝင်ခဲ့ရာ လူငယ်မောင်မယ် စုံတွဲ တစ်တွဲ၏ ပြဿနာကို မကြည့်ချင် မြင်ချင်လျက်သား တွေ့ရပြန်သည်။
“တို့နှစ်ယောက်စလုံး မက်စ်တွေ ဝတ်ထားကြတော့ မွှေးမွှေးမပေးနိုင် ကြတော့ဘဲ နီးလျက်နဲ့ ဝေးနေကြပြီ အချစ်ရေ…”

‘ကိုယ့်အသက်ထက်တော့ ဘယ် သူမှပိုပြီး ဦးစားမပေးနိုင်ပေါင် နောက်ဆိုရင်လည်း ဆရာဝန်ထောက်ခံ စာနဲ့မှ မွှေးနမ်းခွင့်ကို ခွင့်ပြုမယ်။ မှတ်ထားနော်”

နတ်မျက်စိသည် အုံ့ပုန်း ကျေ နပ်မိကာ ” ဒါမှ မြန်မာမိန်းက လေး အစစ်ကွ” ဆိုပြီးအသံတိတ် ဟစ် ကြွေးလိုက်မိပါတော့သတည်း။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*