၉၆ နှစ် ဆရာကြီး မှတ်တမ်း

၉၆ နှစ် ဆရာကြီး မှတ်တမ်း
August 10, 2017 Leanne Win
၉၆ နှစ် ဆရာကြီး မှတ်တမ်း

thu

သက်ကြီးစကား သက်ငယ်ကြား ဟူသောစကား ပုံလေး သည် ဘယ် ခေတ်ဘယ်ကာလကစ၍ ပေါ်ပေါက်ခဲ့မှန်းမသိ။

ကျွန်တော့်အသက် (၈၂) နှစ်ရှိပြီ။
သက်ကြီးရွယ်အိုပိုင်း ရောက်နေ ပြီ။ သို့သော်လည်း မကြာမကြာ လူငယ်လို ခံစားခဲ့ရသည်။

အသက် ၉၆ နှစ် ရှိပြီဖြစ်သော အစ်ကိုလေး ဗိုလ်ကလေး တင့်အောင် နှင့် တွေ့လေတိုင်း ကျွန်တော်က လူငယ်ဖြစ်ရသည်။ အသက် ၁၄ နှစ်ကြီးသည်ဟု ဆိုသော်လည်း သူ့အတွေ့အကြုံတွေက ၂၈ နှစ်စာ မက များလှပေသည်။

ယနေ့လည်း သူ့ဆီရောက် သည်။
– အစ်ကိုလေး နေကောင်းလား။ အိပ်လို့စားလို့ ကောင်းရဲ့လား။
+ နေလို့တော့ ကောင်းပါတယ်။ စားရတာလည်းအိမ်ကခင်ဗျား အစ်မနဲ့ သမီး မစိုးတို့က ဖွယ်ဖွယ်ရာ ရာတွေ လုပ်ပေးကြပါ တယ်။ ဒါပေမဲ့ ည ည တစ်ရေးနိုးရင် အိပ်မပျော်ဘူး ဗျ။

တစ်ရေးနိုး ဟိုစဉ်းစား၊ ဒီစဉ်းစားနဲ့ဆိုရင် မျက်လုံးက ကြောင်သွားရော။ ညကလည်း ၂ နာရီလောက် နိုးပြီး အိပ်မရတော့ ဘူးဗျ။

– ဘာအကြောင်း စဉ်းစားလို့လဲ။
+ အစည်းအရုံး။
– ဗျာ။
+ ဒီလိုဗျ ၊ အခုအခါမှာ ရုပ်ရှင်အစည်းအရုံး ၊ ဂီတအစည်း အရုံး၊ သဘင်အစည်းအရုံး ဘာညာနဲ့ ရှိကြတာပေါ့ဗျာ။အဲဒါတွေကို စဉ်းစားမိတော့ စိတ်မကောင်း ဖြစ်ရတယ်ဗျာ။ဟူ၍ တွေးတွေးဆဆလေး ပြောရှာသည်။

– အဲဒီအစည်းအရုံးတွေက အစ်ကိုကြီးတို့ လူကြီးတွေကို နာယက ကြီးတွေအဖြစ် တင်မြှောက်ထားကြ တာဟုတ်တာလား။
+ အဲဒါကြောင့် စိတ်မ ကောင်း ဖြစ်ရတာပေါ့ဗျ။

– အဓိပ္ပာယ် ရှင်းစမ်းပါဦး အစ်ကိုလေးရာ
+ ဟိုအရင် တစ်ချိန်တုန်းက ရုပ်ရှင်ကောင်စီ၊ ဂီတကောင်စီတွေဖွဲ့ ခဲ့တာ၊ တော်လှန်ရေး ကောင်စီ တက်လာပြီး ၁၉၆၃ ခုနှစ်မှာ ဖွဲ့ပေးတာ၊ ဂီတကောင်စီမှာ ကျွန်တော်၊ ရုပ်ရှင်ကောင်စီမှာ ရွှေညာမောင်တို့ ဥက္ကဋ္ဌ လုပ်ရတယ်။ ၆၄ ခုနှစ်ကျတော့ ရုပ်ရှင်ကောင်စီမှာ နဃ ဖြစ်ခဲ့သေးတယ်။

+ တော်လှန်ရေးကောင်စီ မတက်ခင် ဟိုးရှေ့ရှေ့က ရုပ်ရှင် လောကမှာ ကုမ္ပဏီကြီးတွေ အလိုက် စုစုစည်းစည်း လုပ်ခဲ့ကြတယ်။
အေဝမ်း ကုမ္ပဏီဆိုရင် မြန်မာ အဆွေဦးဘညွှန့်၊ ဦးညီပု၊ ဦးတင်မောင်တို့၊ ဗြိတိသျှဘားမား လည်း ဦးညွှန့်၊ ပဲရော့ ကုမ္ပဏီဆိုရင် ဦးဆန်နီ စသည်ဖြင့် လုပ်ခဲ့ကြတယ်။

စီးပွားရေးလည်းလုပ်ရင်း ကုမ္ပဏီမှာပါသမျှ မင်းသား၊ မင်းသမီး ဇာတ်ရံ ၊ ဓာတ်ပုံဆရာ ပညာရှင်တွေအားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ် လုပ်ခဲ့ကြတယ်။ အသင်းရယ်လို့ မရှိသေးဘူး။

တဖြည်းဖြည်း ကုမ္ပဏီတွေ များလာတယ်။ ၁၉၆၂ / ၆၃ ခုနှစ် ကာလကျတော့ လမ်းစဉ်ပါတီ ခေတ်မှာရုပ်ရှင်၊ ဂီတ၊ သဘင် ဆိုင်ရာ ပါဝင်ကြသူတွေ စည်းစည်း လုံးလုံးရှိဖို့ ကောင်စီတွေ ဖွဲ့ပေးခဲ့ တယ်။

သက်ဆိုင်ရာ ကောင်စီတွေမှာ ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေ အရည်အချင်းရှိသူတွေကို ဥက္ကဋ္ဌ အမှုဆောင်ရယ်လို့ ရွေးကြ၊ တာ ဝန်ပေးကြတယ်။ အနုပညာ သြဇာရှိ သူတွေပေါ့ဗျာ။

– ဟုတ်တယ်နော်၊ အစ်ကိုလေး၊ သူ့အဖွဲ့လိုက် ဝါရင့်သူတွေ သဘာရင့် သူတွေ၊ အများက လေးစားရသူ တွေကို ရွေးပြီး တာဝန်ခွဲခဲ့တယ်ဆို တာ သိလိုက်ရတယ်။

+ အဲဒီခေတ်က ညီညီညွတ်ညွတ် နဲ့ လုပ်ခဲ့ကြတာ ပျော်စရာလည်း ကောင်းတယ်။ အခုတော့ ဒီလို မဟုတ်တော့ဘူး။
– ဘယ်လိုလဲ

+ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ဝမ်းကွဲလာတယ်ဗျာ။ ရုပ်ရှင်၊ ဂီတ၊ သဘင် အားလုံးမှာ အလွှာဆို တာ ပေါ်လာတယ်။ ဟိုအလွှာ၊ ဒီ အလွှာ၊ သူ့အဖွဲ့ ကိုယ့်အဖွဲ့ဆိုပြီး စိတ်ဝမ်းတွေ ကွဲလာကြတယ်။ အလွှာလိုက် ကိုယ်စားလှယ် တွေစုပြီး မှ ပြန်ရွေးကြတော့ သူ့လူကိုယ့်လူ စိတ်ဝမ်းတွေ ကွဲလာကြတယ်။

ဟိုအလွှာက ဟိုလူနဲ့ ဒီအလွှာ က ဒီလူနဲ့ အင်အားစု၊ လူတွေစု ဖွဲ့ကြတော့ စိတ်ဝမ်းတွေ ကွဲကြတယ်။ မကောင်းဘူးဗျာ။ ကျွန်တော့်ဆီ လာပြောတဲ့သူတွေကို မကွဲကြပါနဲ့၊ ညီညွတ်အောင်ညှိကြပါလို့ မနည်း ပြောလွှတ်နေရတယ်ဗျာ။ ရှေ့မှာ တော့ ခေါင်းညိတ်ခဲ့ကြပြီး နောက်မှာ တော့ မညီမညွတ်ကြပြန်ရော။

– တစ်စုတစ်စည်းတည်း လုပ်ရ မယ့်လူချင်း အလွှာစိတ်နဲ့ ကွဲကြတာ ပေါ့။
+ ဟုတ်တယ်။ ဒါဟာ အင်္ဂလိပ် က စခဲ့တာဗျ။ ခင်ဗျားကြား ဖူးသား ပဲ။ Devide and Rule ဆိုတာ။ ဗမာနဲ့ ကရင်နဲ့၊ ကချင်နဲ့၊ ရှမ်းနဲ့ လက်တွဲမရအောင် အင်္ဂလိပ်က သွေးခွဲခဲ့တာဗျ။ ဗိုလ်ချုပ်အောင်ဆန်း က ” ကျုပ်တို့ ညီညွတ်ပါတယ်ဗျာ” လို့ ပင်လုံညီလာခံ ကျင်းပပြီး ပြခဲ့လို့ လွတ်လပ်ရေးရခဲ့တာ။

+ လွတ်လပ်ရေးလည်း ရပြီး ရော စိတ်ဝမ်းတွေ ကွဲကြပြန်ရော။ မိသားစုအလိုက်၊ ကုမ္ပဏီအလိုက် လုပ်ကြတုန်းက လူလည်း မများဘူး လေ။

+ အနုပညာသမားတွေ များလာလို့ ကောင်စီဆိုပြီး ဖွဲ့ခဲ့ချိန်က ကျွန်တော်တို့ လုပ်ခဲ့တာပဲ။ လုပ်လို့ ကောင်းသေးတယ်။ အခု တော့ အစည်းအရုံး တွေဖွဲ့ကြ ရာမှာ အလွှာတွေခွဲကြ၊ အလွှာလိုက် ကိုယ်စားလှယ်တွေ ရွေးကြ၊ အလွှာ တွေက တင်တဲ့ ဗဟိုအဖွဲ့တွေ ပဲ။ လေးစားမှုမခံရ၊ အဲဒါတွေတွေးပြီး အိပ်မပျော်တာဗျ။

+ နာယကရယ်လို့ လူကြီးအရာ ထားပြီး လာလာတင်ပြကြတယ်။ ကျွန်တော်ကတော့ ညီညွတ်ကြ ဖို့ပဲ အမြဲပြောရတယ်။ ကျွန်တော် ဆီလာတဲ့ အသင်းအဖွဲ့ ခေါင်းဆောင် တွေကတော့ ခေါင်းညိတ်သွားကြတာ ဘဲ။ သူတို့လည်း အဖွဲ့သားတွေ အပေါ် သြဇာမညောင်းကြပါဘူးဗျာ။

+ အသင်းခွဲ ဂိုဏ်းခွဲတွေ ဖြစ်မှာပဲ စိုးရိမ်တာပါ။
ရုပ်ရှင်လောက မိသားစု၊ ဂီတ လောက မိသားစု၊ သဘင်လောကက မိသားစုရယ်လို့ စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်ကြပါလို့ ၉၆ နှစ် အရွယ် အဘိုးကြီးကမှာကြားကြောင်း ကြုံတဲ့အခါမှာ ရေးပေးစမ်းပါ ဗျာ…. ဟူသော အသံက အိမ်ပြန်လမ်းတစ်လျှောက်လုံး နားထဲ က မထွက်ဘဲကြားယောင်နေခဲ့ ရပါတော့သည်။၉၆ နှစ်အရွယ် အဖိုးကြီးရဲ့ မှာတမ်း။

မောင်ဆွေသက်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*