နတ်မျက်စိ၏ မှတ်စုများ -၁၃

နတ်မျက်စိ၏ မှတ်စုများ -၁၃
August 9, 2017 Leanne Win
နတ်မျက်စိ၏ မှတ်စုများ -၁၃

df

တစ်နေ့သောအခါ လောက ပါလ နတ်မင်းကြီးတစ်ပါး သည် ဒိဗ္ဗစက္ခု ပိုင်ရှင် နတ်မျက်စိအား ခေါ်ယူ၍ တာဝန် သစ်တစ်ရပ် ပေးအပ်လေသည်။ နတ်မင်းကြီးက စတင်၍…

” ဘော ဒေဝပုတ္တ…အို..အချင်းနတ်သား” ဟု အာလုတ်သံ ပြုလိုက်သည်။ “နာခံ မှတ်သားလျက်ပါ ဒေဝ ရာဇာ”

” ငါ့အထံကို ရောက်ရှိလာကြတဲ့ E-mail အမျိုးမျိုးအဖုံဖုံ အစုံစုံတွေ ထဲမယ် ထေရဝါဒ ဗုဒ္ဓဘာသာဝင် သူတော်စင် သူတော်ကောင်း အများ ဆုံး နေထိုင်ကြတဲ့ မြန်မာနိုင်ငံရဲ့ ရွှေမြို့တော် ငွေမြို့တော် ပလက် တီနမ် မြို့တော်ရန်ကုန်က..”

” ညွှန်းလှ မွှမ်းလှချေလား ကြည်ညိုရိုသေ အပ်ပါသော ဒေဝ ရာဇာ။ အကျွန်ုပ် နတ်မျက်စိက ရန်ကုန်အကြောင်း ချေးခါးအူမ မကျန်အောင် နောကျေအောင် သိ သူပါ။ တကယ်တော့ ရန်ကုန်ဟာ (မျက်နှာသနပ်ခါး၊ ပေါင်သေးစီး ကြောင်းနဲ့ အပျိုမ) လို အပေါ်ယံ ရွှေ မှုန့်ကြဲ၊ အတွင်းနောက်ချေးခံ ဆို တာလို” ဟု နတ်မျက်စိက စကားဖြတ် ပြောခြင်းကို ဒေဝရာဇာသည် လွန် စွာ ကျွဲမြီးတိုတော်မူလေ၏။

” ဟဲ့ နတ်မျက်စိ။ ဘယ်လိုမဆို ရန်ကုန်ဆိုတာ လေးဆူးဓာတ်ပုံ မြတ် ရွှေတိဂုံ စေတီတော်မြတ်ကြီး စံပယ် တော်မူရာ ဘူမိနက်သန် အောင်မြေ အရပ်လကွ။ ရန်ကုန်ကို ဂုဏ်တင်ချီး မြှောက်ပြီး ပြောပါ။ နှိမ့်ချဝေဖန်ခြင်း မပြုရဘူးလကွ”

နတ်မျက်စိကလည်း အာဏာဖီ ဆန်လိုခြင်း မရှိသည့်တိုင် အမှန် တရားမြတ်နိုးသူပီပီ သူခံယူရာကို စွတ်တင်တော့၏။

“No pleasure is comparable to the standing upon the vantage ground of truth” ဟု တံတွေးတဖွားဖွား ထွက် အောင် ဘိုလိုမှုတ်သည်။ ဒေဝရာဇာ သည် တံတွေးမစင်အောင် နောက်သို့ ခုန်၍ ဆုတ်လိုက်ပြီးမှ..

“ဟဲ့ အရူး။ ငါ့ကို ဘာမှတ်လို့ တုံး။ ငါ့ကို ပြည်ပအားကိုး ပုဆိန်ရိုး အောက်မေ့လို့လား။ မျိုးချစ် စိတ် ဓာတ် ရှင်သန်ထက်မြက်တဲ့ ငါ့ရှေ့မှာ ဘိုလိုမမှုတ်နဲ့။ မြန်မာလို ပြောစမ်း။ မြန်မာစကားတွေထဲမှာ ဘိုအလုံး တွေလည်း ညှပ်မပြောနဲ့” ဟု ဟောက် လေသည်။

” မြန်မာ ဘာသာစကားအားဖြင့် တင်လျှောက်ရမယ်ဆိုရင်တော့ (သစ္စာတရား၏ အောင်မြေပေါ်တွင် ရပ်တည်ခြင်းမှ ရရှိသော ပျော်ရွှင် ကြည်နူးမှုသည် အနှိုင်းမဲ့ ပါဘိ တကား) လို့ ဆိုရမှာဖြစ်ကြောင်းပါ”

” တယ်ရှုပ်တဲ့စကားပဲ။ သမ္မာ ဒိဋ္ဌိအယူမှန်တာဟာ အကောင်းဆုံး ပီတိ..ပဲလို့ ပြောလိုက်ရင် ပြီးရဲ့ သားနဲ့။ ပြာလဲ့မှာ ဇာချဲ့နေသေး။ အဲဒီစကားကို ဘယ်စာအုပ်ထဲက မှတ်ထားတာလဲ”

ဖရန်စစ်ဘေကန် Francis Bacom ဆိုတဲ့ အင်္ဂလိပ် ပညာရှင် တစ်ယောက်ရေးခဲ့တဲ့ အက်ဆေး ထဲကတစ်ပုဒ်ပါ”

“ဟဲ့အရူး။ နင်လည်း ပြည်ပအားကိုး ပုဆိန်ရိုးပဲ။ ကိုင်း..ကိုင်း… ရန်ကုန်ဘာဖြစ်နေသလဲ။ အမြန်လျှောက်တင်စမ်း”

နတ်မျက်စိသည် သူကြည့်ထား သမျှ မြင်ထားသမျှတွေထဲမှ လျှောက် တင်သင့်သောအကြောင်း အရာ တစ်ခုကို ဦးစွာပထမ လျှောက် တင် လိုက်သည်။

” ရန်ကုန် ဘက်စ်ကား လောက မှာ Reform လုပ်နေပါပြီ အရှင် ဒေဝရာဇာ။ ရန်ကုန်က YBS ဘတ်စ် ကားတွေမှာ ငွေကောက်တဲ့ စပယ် ယာတွေ မရှိတော့ပါဘူး။ ကားခ ပိုက်ဆံထည့်တဲ့ သံပုံးတွေပဲ ထားရှိ ပါတော့တယ်။ ဒရိုင်ဘာက ကား မောင်းတဲ့ အလုပ်အပြင် ခရီးသည် တွေကို ကားခပိုက်ဆံ ပုံးထဲကို သေ ချာထည့်ဖို့ ကားမောင်း ရင်းနှိုး ဆော်နေရပါတယ်။ တချို့ အချောင် သမား စိတ်ဓာတ်ရှိတဲ့ ခရီးသည်တွေ ကလည်း ပုံးထဲကို ကားခမထည့်ဘဲ ရောရောယောင်ယောင် မောင်ဘ မောင် စတိုင်နဲ့ ကားခိုးစီးနေကြပါ တယ်..”

ဒေဝရာဇာသည် နတ်မျက်စိ တင်လျှောက်သမျှကို နားထောင်ရင်း ခေါင်းပူခေါင်းယား ဖြစ်လာသည်။ သို့တိုင်အောင်.. မကိုဋ်ကြီး ဆောင်း ထားသဖြင့် သူ့ခမျာ ခေါင်းကုတ်၍ မရနိုင်ဘဲ ကျိတ်မှိတ် သည်းခံနေရ လေသည်။ သူသည် ဘက်စ်ကားခ မပေးဘဲ ကားခိုးစီးသူများ ပေါ်ပေါက် လာခြင်းကို ဘဝင်မကျလှပေ။

“ကိုင်း.. ဒီကိစ္စက လျစ်လျူ ရှုလို့ မဖြစ်ပေဘူး။ ကားခမပေးဘဲ စီးတဲ့လူများလာရင် ကားပိုင်ရှင် တွေကော၊ ဝင်ငွေနည်းသွားတဲ့ ဒရိုင်ဘာ ၊ စပယ်ယာတွေ ကော ပူညံပူညံ လုပ်လာကြလိမ့်မယ်။ ပူပူ ဆူဆူမဖြစ်တာ အကောင်းဆုံးပဲ။ သည်တော့.. အချင်းနတ်မျက်စိ..ကားခမပေးဘဲ ခိုးစီးတဲ့ အခွင့်အရေး သမားတွေကို နတ်ပရိယာယ်သုံးပြီး စာရင်းသွားကောက်ချေစမ်း”

သို့တပြီးကား… ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော် ဒိဗ္ဗစက္ခု(ဝါ) နတ် မျက်စိသည် ဂဒ္ဓဗ္ဗတို့၏ တန်ခိုးဖြင့် အသွင်ယူကာ Yangon Bus Service  သို့မဟုတ် YBS လောက ရှိရာ မဟာရန်ကုန် မြို့တော်ထဲသို့ ဘွားခနဲ ရောက်သွားလေသည်။

နတ်မျက်စိသည် ရုံးဝန်ထမ်း တစ်ဦး၏ အသွင်ဖြင့် ဝိုင်ဘီအက်စ် မှတ်တိုင်တစ်ခုမှာ ရပ်နေလိုက်သည်။ ပေါက်ဖော်တို့၏ နိုင်ငံမှ ဝယ်ယူ တင် သွင်းလာသော ဝိုင်ဘီအက်စ် အမှတ် တံဆိပ်ပါ ကားဝါဝါကြီး တစ်စင်း ဆိုက်ရောက်လာသည်။ ခရီးသည် တွေက ယခင်ခေတ်များ ကာလများ ကအတိုင်း သူ့ထက်ငါ အလုအယက် တိုးဝှေ့တတ်ကြသည်။ ယောက်ျားက လည်း အမျိုးသမီးကို မညှာ။ အမျိုး သမီးကလည်း သံဃာတော်ကို ဦးစား မပေး။ ရှေးနှစ်ပေါင်း ၅ဝ လောက် ကလို ဝရုန်းသုန်းကား ကိုယ်အမူ အရာ ကြမ်းတမ်းနေကြဆဲ..။ ” ငါ ရှေ့ကရောက်ဖို့ အဓိက” စိတ်ထားမျိုး စွဲကပ်ဆဲ။

“ပြောင်းလဲချိန်တန်ပြီဗျ။ ခေတ် ကပြောင်းနေပြီ နိုင်ငံကြီးသားပီသ မှပေါ့ဗျာ။ သိပ်မတိုးပါနဲ့” ဟု လူပိန် ကလေးတစ်ယောက်က အော်သည်။

” ငါက နိုင်ငံကြီးသား မဟုတ် ဘူး။ နိုင်ငံလေးသားကွ။ ဗမာနည်း ဗမာ့ဟန် မြန်မြန်ဆန်ဆန် သွက် သွက်လက်လက်ပဲ” ဟုဆိုကာ လူကြီး တစ်ယောက်က အတင်း တိုးတက် ရင်း အသွင်ယူထားသော နတ်မျက်စိ ရင်ဝကို တံတောင်ဖြင့် တွတ်သည်။ နတ်မျက်စိမှာ သည်းခံနေရ၏။ ငါ့နေရာမှာ.. စိတ်တိုတတ်တဲ့ လူ ဆိုရင် လူဝကြီးနဲ့ တစ်ချီ တစ်မောင်း နွှဲရမှာ အသေအချာပဲ။

နတ်မျက်စိလည်း သူ၏ဘေး ဘယ်ညာမှ ကျား/မ ခရီးသည်များ၏ တိုးတိုက်တွန်းဖိမှုဖြင့် ဘက်စ်ကား ပေါ် ရောက်သွားသည်။ နောက်က နေ မတရားတွန်းနေသဖြင့် ပိုက်ဆံပုံး ထဲသို့ ကားခမထည့်အားတော့။ အိမ်း …ဒေဝစက္ခု နတ်သားစင်စစ် ဧကန်ဖြစ်ပါလျက်နဲ့ အခုတော့ငါ့မှာ ဘက်စ်ကားခိုးစီးတဲ့ အချောင် သမား လူ့ဗာလ အမိုက်ကောင် ဖြစ် ပါပေါ့လား။ ကားပေါ်ရောက်ပြန်တော့ လည်း ကုလားမ ဝဝကြီးတစ်ယောက် က ရင်ဘတ်ကြီးဖြင့် တွန်းဖိလိုက်ရာ နတ်မျက်စိခမျာ ဘက်စ်ကားနောက် ပိုင်းသို့ လျှောခနဲ ရွေ့သွားရပြန် လေ ၏။ ခုံလွတ်တစ်ခုမှာ ဝင်ထိုင်ဖို့ ဟန်အပြင် ကိုယ်ဝန်ဆောင် အမျိုး သမီးကို ဦးစားပေးရန် မထိုင်ဘဲ နေလိုက်စဉ် စောစောက လူဝကြီးက ထိုထိုင်ခုံလွတ်မှာ အတင်းဝင်ထိုင် သည်။

” ဟေ့လူ… ကိုယ်ဝန်ဆောင် သည်ကို ဦးစားပေးပါဗျ။ ဝိုင်ဘီ အက်စ်လို ကားကောင်းကားသန့် စီးပြီး အရိုင်းအစိုင်းလို တစ်ကိုယ် ကောင်း မဆန်ချင်စမ်းပါနဲ့။ အောက် တန်းမကျစမ်းပါနဲ့”

လူဝကြီးသည် ” ဘာပြော တယ်ကွ”ဟုအော်ရင်း သူ့ကိုလူကြား ထဲ အမြီးလှန်ချိုးသူအား စူစွာစွာ မိုက်ကန်းကန်း မော့ကြည့်သည်။ အသံရှင်ကို မတွေ့ရ။ သူ့ဘေးမှာ အမျိုးသမီးတွေချည်း။

နတ်မျက်စိကား…ဣဒ္ဓိပါဒ်တန်ခိုးဖြင့် ကားခေါင်မိုးမှ ဖောက် ထွက်ကာ နတ်ပြည်သို့ ပျံတက်သွား လေပြီ။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*