လမ်းစဉ်ပါတီ အစိုးရခေတ်မှာ -၇

လမ်းစဉ်ပါတီ အစိုးရခေတ်မှာ -၇
August 8, 2017 Leanne Win
လမ်းစဉ်ပါတီ အစိုးရခေတ်မှာ -၇

Untitled-1

လမ်းစဉ်ပါတီအစိုးရ ခေတ်က မြန်မာ စာပြဋ္ဌာန်းစာများ တွင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာများနှင့် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေးသောစာများ ပြဋ္ဌာန်း ခဲ့ကြောင်း ကျွန်တော်ရေးခဲ့ပါသည်။ ထိုကာလ မှာ ကျောင်းသားဖြစ်ခဲ့သော မိတ်ဆွေအချို့က “သူတို့တော့ ထိုစာ များ မသင်ခဲ့ရကြောင်းပြောပြီး နောက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ပတ်သက်တဲ့ စာတွေကို ပြဋ္ဌာန်း စာတွေထဲက ဖြုတ်လိုက်တာလား”ဟု မေးကြပါသည်။ သူတို့မေးတော့ ပြောစရာကလေးတွေ ထပ်ပေါ်လာ ပါသည်။

ကျွန်တော်ရေးတော့ရေးဖူးပါ သည်။ ယခုအကြောင်း တိုက်ဆိုင်လာ သည့်အတွက် ထပ်ရေးရခြင်းပါ။ မှန်ပါသည်။ ဗိုလ်ချုပ်နှင့်ပတ်သက် သော စာများအပါအဝင် ‘ခေတ် သစ်စာ’ တော်တော်များများကို ၁၉၈ဝကျော်ကာလ နောက် ပိုင်းနှစ်များမှာ ကျောင်းသင်ခန်းစာ ထဲက ပြန်ဖြုတ်ခဲ့ရသော ဖြစ်ရပ်ရှိပါ သည်။ အဓိကအကြောင်းမှာ ‘စာရေး ဆရာတစ်ယောက်ရေးသည့် စာများ ကို ထိုစာရေးဆရာ ကွယ်လွန်ပြီး အနှစ်နှစ်ဆယ်ကြာမှ ပြဋ္ဌာန်းရမည်’ ဟူသော ညွှန်ကြားချက်ပေါ်လာ သည့်အတွက်ဖြစ်သည်။ ထိုကာလက ကျွန်တော်သည်မြန်စာသင်ရိုးကိစ္စ များကို ထဲထဲဝင်ဝင် ဆောင်ရွက်နေ ရသည့်အတွက် ထိုကိစ္စများကို အနီး ကပ်ကြားနေ၊ သိနေပါသည်။ ထိုညွှန် ကြားချက်ကို ပါတီဥက္ကဋ္ဌကြီးက ပေးသည် ဟုဆိုသော်လည်း စာနှင့်ပေနှင့် ထုတ်သည့်ညွှန်ကြား ချက်ကိုတော့ မတွေ့၊ မမြင်ရပါ။ သို့သော် ညွှန်ချုပ် အဆင့်ပုဂ္ဂိုလ်များ က ထိုညွှန်ကြား ချက်အရဟုဆိုပြီး အခြေခံနှင့် တက္ကသိုလ်မြန်မာစာသင် ရိုးများမှ ထိုညွှန်ကြားချက်နှင့်ငြိသော သင်ခန်းစာများကို ချက်ချင်းဖြုတ်ပါ ဟု ဌာနသို့ လာပြောသဖြင့် အစည်း အဝေး ခေါ်ပြီး ဒရောသောပါးဖြုတ် ကြရသည်ကို မှတ်မိနေပါသည်။ သို့ဖြင့် ထိုစဉ်က မကွယ်လွန်သေး သော ဇော်ဂျီ၊ မင်းသုဝဏ်၊ မောင် ထင်စသည့် စာရေးဆရာကြီး များ၏ စာများ၊ ကွယ်လွန်ပြီး အနှစ် နှစ်ဆယ်မပြည့်သေးသော ဇေယျ၊ သိန်းဖေမြင့်၊ ရွှေဥဒေါင်းစသည့် စာရေးဆရာကြီးများ၏စာများကို ပြဋ္ဌာန်းချက်များထဲမှ ပြန်ဖြုတ်ရပါ တော့သည်။ ဗိုလ် ချုပ်အကြောင်းရေး သောစာများလည်း ပါသွားပါသည်။ ဗိုလ်ချုပ် အောင်ဆန်းကျဆုံးသွား သည်မှာ ထိုစဉ်က နှစ်နှစ်ဆယ်ကျော် နေပြီ ဖြစ်သော်လည်း ထိုစာများကို ချန်ထားရန် လူကြီးများက လိုလိုလား လားမရှိကြသည့်အတွက် ဖြုတ်လိုက် ရပါသည်။

ထိုစဉ်က ‘ကွယ်လွန်ပြီး အနှစ် နှစ်ဆယ်မူ’ ဆိုသော စကားကို တွင်တွင်ကျယ်ကျယ် ပြောကြသည်။ ဘာကြောင့် ထိုညွှန်ကြားချက် ပေါ်လာရပါသလဲ။ ကြားမိသလောက် က မြန်မာစာပေပညာရှင်အချို့ကို အာဏာရှိပုဂ္ဂိုလ်ကြီးက အမြင် မကြည်ဖြစ်နေစဉ် ထိုပညာရှင်များ ရေးသည့် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု တိုတို့ ပြဋ္ဌာန်းစာထဲမှာ ပါနေသည် ကို စာမရေးသောသူများ၊ စာရေး သော်လည်း ပြဋ္ဌာန်းမခံရသောသူ များက မနာလိုမရှုစိမ့်ဖြစ်ပြီး အာဏာရှိ ပုဂ္ဂိုလ်ကြီးကို တိုင်ကြ တောကြသည်တဲ့။ ကိုယ့်စာကိုယ် ပြဋ္ဌာန်းပြီး တိုက်ဆောက်၊ကား စီးနေကြတယ်ဟု ပြောကြသည် .. တဲ့။ ထိုအခါ ထိုပုဂ္ဂိုလ်ကြီးက စာရေး ဆရာကွယ်လွန်ပြီး အနှစ်နှစ်ဆယ် ကြာမှ ပြဋ္ဌာန်းစာလုပ်ရန် ညွှန်ကြား သည် …တဲ့။ ဘယ်လောက်မှန် သလဲတော့ မသိပါ။ လက်တွေ့မှာ တော့ မြန်မာစာပြဋ္ဌာန်းစာတွေ ကွင်း ဆက်ပြတ်ပြီး ကသောင်းကနင်းဖြစ် သွားသည်။ ကဗျာဆိုလျှင် ဆရာမ ငွေတာရီ၏ ကဗျာများအထိသာ ပြဋ္ဌာန်း၍ရသည်။ ငွေတာရီထက် နောက်ကျမှ ကွယ်လွန်သော ကဗျာ ဆရာများ အနှစ်နှစ်ဆယ် မပြည့် သေးသည့်အတွက် မူနှင့်ငြိနေသည်။ ပြဋ္ဌာန်း၍မရပါ။ စကားပြေဆိုလျှင် လည်း သိပ္ပံမောင်ဝကို နောက်ဆုံး ထားရသည်။ သူ့ထက်နောက်ကျ ကွယ်လွန်သူများကို ပြဋ္ဌာန်း၍ မရ ပါ။ အနှစ်နှစ်ဆယ်မပြည့်သေး၍ ဖြစ်သည်။

မြန်မာစာသင်ရိုးများတွင် ရှေး စာပေရော၊ ခေတ်သစ်စာပေပါသင် မှ စာပေသမိုင်းကွင်းဆက်မိပါသည်။ ယခုကဲ့သို့ သတ်မှတ်လိုက်သောအခါ ကွင်းဆက်တွေ ပြတ်ပြီး ကျောင်း သားများ ခေတ်စာပေတွေနှင့် အလှမ်းဝေးသွားပါသည်။ ထိုမူပေါ် လာသောအခါ တက္ကသိုလ်မြန်မာစာ၊ ဆရာ၊ ဆရာမများ စိတ်ထဲမှာ ကသိကအောက် ဖြစ်ကြရသည်။ ထိုစဉ်က တာဝန်ရှိသော မြန်မာစာ ပါမောက္ခ ဆရာမကြီး ဒေါ်စီစီဝင်းက ထိုမူပယ်ဖျက်ပေးရန် အထက်သို့ တင်ပြဖို့ ကြိုးစားသေးသည်။ ဆရာမကြီးနှင့် ခင်မင်ရင်းနှီးသော နိုင်ငံတော်ကောင်စီဝင်ဖြစ်နေသော မြန်မာစာပေပညာရှင် ဆရာကြီးက ဆရာမကြီးအဖို့ အကျိုးထူးစရာ မမြင်သည့်အတွက် ဖျောင်းဖျဟန့် တားသောကြောင့် လက်လျှော့ လိုက်ရကြောင်း ဆရာမကြီးကိုယ် တိုင်ပြောပြ၍ သိလိုက်ရပါသည်။

‘အပေါ်ကလူကြီးက တော်တော် ပါ၊ အောက်ကလူကြီးတွေက ချဲ့ကြ တာပါ‘ဆိုသော အသံမျိုးလည်း ကြား ရသည်။ လူကြီးက ဒီလိုလုပ်ရင် ကောင်းမလားဟု သာမန်ပြောသည် ကို အမိန့်အဖြစ် အဓိပ္ပာယ်ကောက် ပြီး အကောင်အထည်ဖော်ခြင်းဖြစ် နိုင်သည်ဟု ဆိုကြသည်။ ဆရာဇော်ဂျီ ၏ ‘ဝိဇရဒုက္ခ’ကဗျာမှ ‘သိပြီချက် ချင်း၊ သိမရှင်း’ဆိုသော စကားကဲ့သို့ လူကြီးပြောသောစကားကို ချက်ချင်း သိသယောင်လုပ်ပြီး တကယ်မသိဘဲ ထင်ရာမြင်ရာလုပ်ကြသဖြင့် အကျိုး ယုတ်ရသည့်ဖြစ်ရပ်များကို သာဓက ဆောင်ကြသည်။ တော်လှန်ရေးကာ လအကြောင်းမှတ်တမ်းတစ်အုပ်တွင် စစ်တပ်တစ်တပ်မှာ ကော်ဖီကို သကြားမထည့်ဘဲ ဖျော်သည့်အတွက် ရဲဘော်များက စုံစမ်းသောအခါ ဗိုလ် မှူးက သကြားထုတ်မပေးနဲ့ဟု အမိန့် ပေးထား၍ မထည့်ခြင်းဖြစ်ကြောင်း ကော်ဖီဖျော်သူက ပြောသည်… တဲ့။ သေသေချာချာ စုံစမ်းကြည့် တော့မှ ဗိုလ်မှူးက ‘ပစ္စည်းတစ်ခုကို သိကြားမင်းလာထုတ်ရင်တောင် ထုတ်မပေးနဲ့’ဟု လေးနက်အောင် တင်စား၍ပြောသည်ကို ‘သကြား ထုတ်မပေးနဲ့’ဟု ပြောသည်ထင်ပြီး တလွဲတချော်ဖြစ်ရခြင်းဖြစ်ကြောင်း ဖတ်ဖူးပါသည်။ ‘သိပြီ ချက်ချင်း၊ သိ မရှင်း‘ကြောင့် ဟုတ်၊ မဟုတ်တော့ မသိပါ။ ‘ကွယ်လွန်ပြီး အနှစ်နှစ်ဆယ် မူ’၏ ဒဏ်ကို နှစ်တော်တော်ကြာကြာ ခံလိုက်ရပါသည်။

သခင်ကိုယ်တော်မှိုင်းရေးဖွဲ့ သော ဗိုလ်ချုပ်အောင်ဆန်း၏ အဘိုး ရွှေလရောင် ခေါ် ဗိုလ်မင်းရောင် ဘွဲ့ လေးချိုးကြီး၊ ဘိလပ်သွား ဒယ် လီကိတ်ကိုယ်စားလှယ်သုံးဦးဖြစ် သည့် ‘ဦးဘဘေ၊ ဦးပု၊ ဦးထွန်းရှိန် (ဘေပုရှိန်)ဘွဲ့ လေးချိုးကြီး၊ ဘွိုင်း ကောက်ဋီကာကြီးမှ ပထမကျောင်း သားသပိတ် ဘွဲ့လေးချိုးကြီးစသော ကဗျာများလည်း သင်ရိုးထဲက အလျှို အလျှို ပျောက်သွားပါသည်။ ဗိုလ် ချုပ်အောင်ဆန်းကိုယ်တိုင်ရေးသော ‘ပညာဆိုသည်မှာ’ဆိုသည့် စကားပြေ ကိုလည်း မသင်ရတော့ပါ။ ဆရာ မောင်ထင်၏ ‘ဗိုလ်ချုပ်၏ ခေါင်း ဆောင်အင်္ဂါ’ ဆောင်းပါးလည်း မပြဋ္ဌာန်းတော့ပါ။ ခေါင်းဆောင် ဟူသည် နောက်လိုက်ငယ်သားထက် ပို၍ သတ္တိရှိခြင်း၊ ပို၍စွန့်လွှတ်ခြင်း၊ ပို၍ သန့်ရှင်းခြင်း၊ ပို၍အလုပ်လုပ် ခြင်း၊လျှော့၍အခွင့် အရေးယူခြင်းဟူ သော အင်္ဂါငါးရပ်နှင့် မှတ်ကျောက် တင်ခံ နိုင်ရမည်ဖြစ်ကြောင်း ရှင်းပြ ပြီးနောက် ဗိုလ်ချုပ်ကို ထိုခေါင်း ဆောင်အင်္ဂါများနှင့် တစ်ခုချင်း မှတ်ကျောက်တင်ပြပြီး ခေါင်းဆောင် ပီသပုံကို သက်သေထူသည့် ဆောင်း ပါးကောင်း တစ်ပုဒ်ဖြစ်သည်။ (အံ့သြစရာကောင်းသည်မှာ ထိုဆောင်းပါးပါဝင်သော ဆရာ မောင်ထင်၏ ‘ဗမာ့နိုင်ငံရေး သုခမိန်’စာအုပ်ကို နှစ်အတော် ကြာ ကြာပင် ပြန်ထုတ်ခွင့်မပြုဘဲ ပိတ်ထားခြင်းဖြစ်သည်။ ပို၍အံ့သြ စရာကောင်းသည်မှာ ၂ဝ၁ဝ ဝန်းကျင်လောက်တွင် ထိုစာအုပ်ကို ပြန်ထုတ်ခွင့်ပြုသောအခါ ‘မြန်မာ့ နိုင်ငံရေး သုခမိန်’ဟု နာမည်ပြင် လိုက်သည့်အပြင် ‘ဗိုလ်ချုပ်၏ ခေါင်း ဆောင်အင်္ဂါ’ဆောင်းပါး မပါတော့ဘဲ ဖြုတ်ထားသည်ကို တွေ့ရသော ကြောင့်ဖြစ်ပါသည်။ ‘ဘာငြိစရာ ပါလို့လဲ၊ ခေါင်းဆောင်တွေကို ဒီအင်္ဂါရပ်တွေနဲ့ တိုင်းကြည့်မှာ ကြောက်လို့လားမသိဘူး’ဟု ဝေဖန် သံများ ကြားရပါသည်။)

‘အထိမခံ အကဲဆတ်သည့်’ ဖြစ် ရပ်တစ်ခုကို သတိရမိပါသေးသည်။ ကျွန်တော်တို့နှင့် ခင်မင်သော အမျိုး သမီးမိတ်ဆွေတစ်ယောက်ရှိသည်။ သူက လမ်းစဉ်ပါတီဌာနချုပ်မှာ အလုပ်ရသည်။ စာတော်ပြီး လုပ် ရည်ကိုင်ရည်ရှိသည်။ သွက်လက်ချက် ချာသည်။ စာအဖတ်အရှု အလေ့ အလာ အားကောင်းသည်။ လူကြီး များက တာဝန်ပေးလျှင် စနစ်တကျ လုပ်တတ်ကိုင်တတ်သည်။ ရာထူး အဆင့် တိုး၍တာဝန် ထမ်းဆောင်ရဖို့ အလားအလာရှိနေသည်။ ထိုစဉ်မှာ ပင် တစ်နေ့တွင် အထက်ပုဂ္ဂိုလ်များက သူကို ခေါ်တွေ့ပြီး အလုပ်မှ နုတ် ထွက်ခိုင်းပါတော့သည်။ မမျှော်လင့် သည်ကို ရုတ်တရက်ကြုံလိုက်ရသည့် အတွက် သူအံ့သြသွားသည်။ သူသိ လိုက်ရသည်က အစိုးရနှင့် တစ်ဖက် စီဖြစ်ပြီး ယခုပြည်ပသို့ ရောက်နေ သော ခပ်ကြီးကြီးပုဂ္ဂိုလ်တစ်ယောက် ၏သားနှင့် သူ့ညီမဝမ်းကွဲတစ် ယောက်က ဇနီးမောင်နှံဖြစ်နေသည့် အတွက်ကြောင့် သူ့ကိုပါ ‘တစ်နွယ် ငင်တစ်စင်ပါ’အရေးယူခြင်းဖြစ်သည့် အကြောင်းပါ။ သူ့ခမျာ သူအလွန် စိတ်ဝင်စားသောအလုပ်ကို နှမြော စွာ စွန့်လွှတ်လိုက်ရပါတော့သည်။ သူ့အကြောင်းကြားရတော့ အီစွပ်ပုံ ပြင်ထဲက ‘ဝံပုလွေနှင့် သိုးငယ်လို’ ‘နင်မဟုတ်ရင် နင့်အမေဖြစ်မယ်’ဟု အပြစ်ရှာပုံကို သတိရမိပါသည်။

ရှစ်လေးလုံးအရေးအခင်းအပြီး လမ်းစဉ်ပါတီဖျက်သိမ်းပြီးနောက် ပါတီဝန်ထမ်းများ ပင်စင်ယူရသည်။ အခြားဌာနများမှာ အလုပ်ပြန်ရသူ များလည်းရှိသည်။ အလုပ် ပြန်မရဘဲ ပင်စင်ယူလိုက်ရသော တပည့်တစ် ယောက်နှင့်တွေ့ရာ ‘အရေးအခင်း တုန်းက ဆန္ဒပြတဲ့သူတွေကျတော့ အလုပ်မဖြုတ်ဘူး။ ဆန္ဒမပြဘဲ ငြိမ် ငြိမ်နေတဲ့ ကျွန်မတို့ပါတီဝန်ထမ်း တွေကျတော့ အလုပ်ဖြုတ်တယ်‘ဟု မကျေမနပ်ပြောသည်။ သူ့စကားကို နားထောင်ရင်း အလုပ်မထွက်ချင်ဘဲ ထွက်လိုက်ရသော ကျွန်တော်တို့ မိတ်ဆွေ၏မျက်နှာကို ကွက်ခနဲ မြင်ယောင်မိပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*