နတ်မျက်စိ၏မှတ်စုများ -၁၂

နတ်မျက်စိ၏မှတ်စုများ -၁၂
August 2, 2017 Leanne Win
နတ်မျက်စိ၏မှတ်စုများ -၁၂

jjjjjj

နတ်တို့၏ နတ်မျက်စိက ဤ ကမ္ဘာလောကကို စောင့်ကြည့်နေခဲ့ ရသောသက်တမ်းကား..မနည်း တော့ပေ။ ကမ္ဘာမြေပေါ်၌ ပခုံး နှစ်ဖက်ကြားမှာ ခေါင်းပေါက်၊ လက် နှစ်ဘက်ဖြင့် ကိုင်တွယ်ဆောင်ရွက်၊ အခြေနှစ်ဖက်ဖြင့် လှုပ်ရှားသွားလာ ကြသည့် မနုဿလူသားများ စတင် ပေါ်ပေါက်လာခဲ့သော ခရစ်တော် မပေါ်ထွန်းမီ (ဘီစီ)နှစ် တစ်သန်း လောက်ကတည်းက ဖြစ်သည်။

“လူ့ဘုံလောကကို အကျွန်ုပ် စောင့်ကြည့်လေ့လာနေခဲ့ရသည်မှာ ကြာတောင့်ကြာမော ရှိလှပါပြီ။ နှစ်ကာလ သိန်းသန်းချီ၍ ကြာမြင့် ခဲ့သည့်တိုင် လူသားတွေ၏ လောဘ၊ ဒေါသ၊ မောဟတွေမှာ ပြုပြင်ပြောင်း လဲခြင်းမရှိဘဲ ခေါက်ရိုးကျိုးသည် ထက်ကျိုးနေခဲ့ပါပြီ။

ဘာသာတရား အသီးသီးမှ ဘုရားအဆူဆူ ပွင့်တော် မူခဲ့ကြသည့်တိုင်၊ တရားဒေသနာ အမျိုးမျိုးဖြင့် ဟောပြောဆုံးမခဲ့ကြ သည့်တိုင် လူတို့သည် အသိအလိမ္မာ တရား ခေါင်းပါးနေမြဲသာဖြစ်ကြပါ သည်။ ကမ္ဘာတစ်ခွင်လုံးမှာ CEC ဟူသော (အားကြီးသူ အနိုင်ယူ) နိုင်ရာစား အဓမ္မဝါ ဒသာ ထွန်းကား မင်းမူနေပါသည်။ လက်ရှိ တာဝန်ကို အကျွန်ုပ်ငြီးငွေ့ စိတ်ပျက် လှပါပြီ။ အကျွန်ုပ်ကို တာဝန်မှ ရပ်စဲ၍ အငြိမ်းစားပေးတော်မူကြ ပါရန် အသနားခံ လျှောက်ထားအပ် ပါ၏”ဟူ၍နတ်မျက်စိက အထက် ဃနဃ ဒေဝတာများထံ လျှောက်လွှာ အကြိမ်ကြိမ်တင်ခဲ့ရာ အကြိမ်ကြိမ် ပယ်ချခြင်းကိုသာ ကြုံတွေ့ရင်ဆိုင် နေရရှာပါသည်။

စတုလောကပါလ (ခေါ်) လော ကကို စောင့်ရှောက်ကြကုန်သော နတ်မင်းကြီးလေးပါးသည် စုံညီစည်း ဝေးကြပြီးနောက် နတ်သက်ြေ<ွကလု လုဖြစ်နေသော နတ်မျက်စိကို ဆင့် ခေါ်လေ၏။

“ဆန္ဒတွေ မစောပါလင့် ဒိဗ္ဗ စက္ခု။ အငြိမ်းစား မယူပါနှင့်ဦး။ ယခု အခါ… ထေရဝါဒ ဗုဒ္ဓဘာသာဝင် သူတော်စင်အများ နေထိုင်ရှင်သန် ကြရာ ပြည်တောင်စုမြန်မာနိုင်ငံ သည် ဆင်းရဲနွမ်းပါးလျက်ရှိသည်။ သို့ ဖြစ်ရခြင်းမှာ ပြည်သူလူထုအတွင်း (ငို့ဘဝါဒ)၊ (သားဝမယားဝဝါဒ)၊ (သားတူညီများ ကောင်းစားရေးဝါဒ)၊ Nepotism ခေါ် ငါ့ဆွေငါ့မျိုး ငါဘော်ဒါများ ကောင်းစားရေး ဝါဒ များ ထွန်းကား နေကြသောကြောင့်ဟု ငါတို့သုံးသပ် အဖြေထုတ် သဘော ပေါက်ထားကြတယ်။ ထိုသို့သော အဓမ္မဝါဒများ ချုပ်ငြိမ်း ပျောက်ကွယ် ၍ လောကပါလတရားများ ထွန်း ကားပြီးသကာလ ပြည်ထောင်စု မြန် မာနိုင်ငံတော် တစ်ခုလုံးငြိမ်းအေး ချမ်းသာသည့် အချိန်ကာလသို့ ရောက်မှ ဒိဗ္ဗစက္ခု အနားယူပါလေ လော့”

နတ်မင်းကြီးတို့က အထက်ပါ အတိုင်း အမိန့်ထုတ်ကြသည်။ ထိုအမိန့်သည်ကား ဥပဒေကဲ့သို့ပင် အာဏာတည်လေ၏။ ထို့ကြောင့် နတ်မျက်စိသည် သက်ပြင်း ဟည်း ခနဲချကာ…

“အကျွန်ုပ်၏ တာဝန်ကို ကျေ ပွန်စေပါအံ့။ မြင်သမျှ၊ တွေ့သမျှကို မချွင်းမချန် ရီပို့  Report တင်ပါအံ့” ဟု ကတိပြုကာ၊ သူ အလွန်မတန် သံယောဇဉ်ကြီးလှသော ပြည်မြန်မာ ရွှေနိုင်ငံဆီသို့ ဒိဗ္ဗစွမ်းပကားဖြင့် မြင်ကွင်းရှုကွက်တို့ကို ဖြန့်ကြက်လိုက် တော့သတည်း။

“အလို… မြန်မာနိုင်ငံ အထက်ပိုင်းမှာ ချင်းတွင်းမြစ်ရေတွေ ဗောင်းလန်လို့ နေပါရော့လား” ဟု နတ်မျက်စိက စိုးရိမ်မကင်းစိတ်ဖြင့် ရေရွတ်လိုက်သည်။

” အိမ်း… ချင်းတွင်းမြစ်မှာ ရေတွေများရင် သူစီးဝင်တဲ့ မြစ်မင်း ဧရာမှာလည်း ရေကြီးရေလျှံ မှာ ဓမ္မ တာပဲ။ မြစ်မင်းဧရာရေလျှံတဲ့အခါ အောက်မြန်မာပြည်တစ်ဝှမ်းက မြစ် လက်တက် ချောင်းလက်တက်တွေ မယ် မိုးရေတက်ရေ တဖွေးဖွေး ဖြစ် တော့မှာ အသေအချာပဲ။ အဲသည့် အခါ (မိုးရွာမှ ပျိုးသာ) မယ်ဆိုတာ မဖြစ်နိုင်တော့ဘူး။ (မိုးသည်းလို့ ပျိုး လဲ)တဲ့အဖြစ်ကို ရောက်မှာ။ ပျိုးလဲ ရင် လယ်သမားတွေ အိုးကွဲကြရုံပ။ လယ်သမားတွေ ပျိုးလဲလို့ အိုးကွဲကြ တဲ့အခါ လယ်သမားတွေ ဘာလုပ်ကြ မတုံး”

နတ်မျက်စိသည် အဝေးက ကြည့်ရုံဖြင့် အားမရတော့သဖြင့် ရဲများကဲ့သို့ အသွင်ယူ  Under- Cover  လုပ်ကာ အောက်မြန်မာနိုင်ငံ တစ်နေရာသို့ ကွင်းဆင်းလေ့လာ တော့သည်။ သစ်ပင်တစ်ပင်၏ ခပ်မြင့်မြင့် ကိုင်းခွကြားမှာ ထိုင်ကာ ဆေးလိပ်ဖွာရင်း ရေမြုပ်ကွင်းတွေကို ငေးနေသည့် လယ်သမား အဘိုးအို တစ်ဦးအနီးသို့ နတ်မျက်စိသည် လှေကလေးဖြင့် ရောက်သွား၏။

” ဟဲလို… ဦးကြီး ရေကြီးလို့ စိတ်ပျက်နေသလား ခင်ဗျ”

“ပျက်ပေါင်ကွာ… ရေကျ ချိန်မှာ စပါးပြန်စိုက်မပေါ့”

အဘိုးအိုက ခပ်အေးအေးသာ ပြန်ပြောရာ နတ်မျက်စိ နားအလည်ရ ခက်သွားသည်။ ဟင်း… ရွှေမြန် မာလယ်သမားတွေများ လောကဓံ တရားဆိုးတွေကိုတယ်ပြီး ကြံ့ကြံ့ ခံနိုင်ပေသကိုး။

“ဒီနယ်ဘက်မှာ ရေက နှစ်ခါပြန်၊သုံးခါပြန်ကြီး တက်တဲ့ သဘာဝရှိတတ် တော့ ဦးကြီးတို့ တော် တော်ရုန်းကန်ရမှာပဲနော်”
နတ်မျက်စိက စာနာသံပါ အောင် ပြောလိုက်သော်လည်း အဘိုးကြီးမှာ နှုတ်ခမ်းမဲ့ပြီး ဘုကြည့် ကြည့်သည်။

” ဟေ့သူငယ်။ ရုန်းကန်တာတွေ၊ ကန်ရုန်းတာတွေ ပြောမနေနဲ့။ အားလုံးထက်မိုက်လို့ မြန်မာပြည်မှာ လယ်သမားလုပ်စားနေတာကွ။ နား လည်လား… တစ်ကမ္ဘာလုံးမှာ တုံးပေကတ်သတ်နဲ့ အစွန်းရောက် အမိုက်ဆုံးဟာ မြန်မာလယ်သမားပဲ။ လယ်သမားသတ္တိကို ဂဠုန်ဆရာစံက ကမ္ဘာကျော်အောင် သက်သေပြပြီးပြီ ကွ..”

အဘိုးကြီးက အံကြိတ်၊ လက် သီးဆုပ်ပြီး ပြောနေရာ နတ်မျက်စိ သည် (အကယ်၍) အဘိုးကြီးက သူ့ကိုပါ ရန်လုပ်လာလျှင် ချက်ချင်း ကိုယ်ရောင်ဖျောက်ထွက်ပြေးဖို့ စဉ်းစားထားသည်။

” တိုင်းပြည်အတွက် မိုက်တာ ဂုဏ်ယူစရာကြီးပါ ခင်ဗျ။ ဦးကြီးတို့ လယ်သမားတွေကို ကျွန်တော် ချီးကျူးပါတယ် ခင်ဗျ”နတ်မျက်စိက မျက်နှာချိုသွေး၍ လေပြေထိုးနေသော်လည်း အဘိုးကြီး မှာ စိတ်မာန်တက်ကြွရင်း လက်သီး လက်မောင်း တန်းနေဆဲ။

“မင်းတို့ချီးကျူးရုံနဲ့ ငရို့ထမင်း မဝဘူးကွ။ ငရို့က ရာသီဥတု မိုးလေ ဝသ ဖောက်ပြန်တာ ကိုလည်း စိန် ခေါ်တယ်။ စပါးဈေး၊ ဆန်ဈေးကိုင် ကစားနေကြတဲ့ လူလည်ဓနရှင်တွေ ကိုလည်း စိန်ခေါ်တယ်။ ငရို့ဘိုးဘွား ပိုင်လယ်မြေတွေကို ငွေနဲ့လာပေါက် မယ့် ခလိုနီ၊ခလိုဝါတွေကိုလည်း စိန်ခေါ်တယ်။ အေး မှတ်ထားလိုက်။ အားလုံးကို စိန်ခေါ်တယ်။ သေမင်း ကိုလည်း စိန်ခေါ်တယ်…”

“ဖြည်းဖြည်းချင်း မျက်နှာကြီး နီလာ၊ တစ်ကိုယ်လုံး နတ်ပူးသလို ဆတ်ဆတ်တုန်လာနေသော လယ် သမား အဘိုးကြီးကို ကြည့်ကာ။ နတ် မျက်စိအတွင်းကျိတ် လန့်ဖြန့် တုန် လှုပ်လာမိ၏။ အံမလေး.. သေ မင်းကိုတောင် စိန်ခေါ်တယ်ဆို ပါလား…”

နတ်မျက်စိက နောက်ဆုတ်ရန် ဟန်ပြင်စဉ် အဘိုးကြီးက ဖုထစ် ရွတ်တွ လက်ကြမ်းကြီးဖြင့် လှမ်းဆွဲ သည်။

“ဟေ့သူငယ်… နေ့တိုင်းမင်း ဘာစားသလဲ။ ပြောစမ်း…”

“ကျွန်တော်က နတ်သဒ္ဓါ.. အယ်…ဟုတ်ပေါင်၊ ကျွန်တော်က နေ့တိုင်းထမင်းစားပါတယ် ဦးကြီး”
အဘိုးကြီးက မျက်နှာကို ရှေ့သို့ တိုးလာကာ…

“မင်းမှတ်ထား။ မင်းရဲ့ ထမင်းရှင်အစစ်ဟာ ငါပဲ။ မင်းတို့က ငွေရှင်ကြေးရှင်ကိုမှ ကိုးကွယ်ချင် တယ်။ အာဏာရှင်ရှေ့မှာ ဒူးထောက် ချင်တယ်။ တကယ့်ထမင်း ရှင်အစစ် ကို ကျတော့ လူရာမသွင်းချင်ဘူး။ ရွှံ့စော်နံတယ်လို့ ထင်ကြတယ်။ လယ်သမားမရှိရင် မင်းတို့ ဘာဖြစ် ကုန်မလဲ.. စဉ်းစားစမ်း.. စဉ်းစားစမ်း…”

နတ်မျက်စိသည်”စဉ်းစား ပေးပါ့မယ်ခင်ဗျာ”ဟု ညှောင်နာနာ ဖြင့် ပြောရင်းရှိန်းဆာယာဖို မောက် ၍ ကိုယ်ဖျောက်လိုက်လေသတတ်။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*