မုန့် အကျန်လေးတစ်ခု

မုန့် အကျန်လေးတစ်ခု
July 27, 2017 Leanne Win
မုန့် အကျန်လေးတစ်ခု

Untitled-1

 

ညကတည်းက သူတရေးနိုးလာသည်။ ဗိုက်ထဲမှာ ဆာလောင်နေသည်။ သူ့ အခန်းကျဉ်းကလေးအထက် မျက်နှာ ကြက်မှ တွဲလောင်းကျနေသော မီးပွင့်ကလေး လင်းနေသည်။ သူကညဆိုလျှင် မီးဖွင့်ပြီးမှ အိပ်စက်လေ့ရှိသည်။ ခုသူနိုးလာတော့ မီးပွင့် ကလေးက လင်းနေလျက်ပင်။ အချိန်က သန်း ခေါင်ကျော်သွားပြီ။ အပြင်ဘက်မှာ အရုဏ် မိုးမသောက် မှောင်မိုက်နေဆဲ။ အိပ်ရာထဲ မှသူထကာ အခန်းထောင့် ရေဘူးရှိရာသို့ သွား၍ ရေတစ်ခွက် ထည့်သောက်လိုက်သည်။

ဝမ်းဗိုက်ဆာလောင်နေဆဲ။ သူစားစရာ တစ်ခုခုကို ရှာသည်။ ပလတ်စတစ်ဘူးထဲမှာ ကုလားပဲဆန်တွေ။ ပန်းကန် စင်အောက်မှာ ကြက်သွန်။ ပန်းကန်စင်အထက်မှာ အာလူးတချို့။ အာလူး ကိုပြုတ်၍စားလျှင် ရနိုင်သည်။ ကြက်သွန်က သူ့ချည့်စားဖို့ရာ အဆင်မပြေ။ ကုလားပဲဆန်က အချိန်ပေးပြီးချက်မှ ပြုတ်မှသာ အဆင်ပြေနိုင်သည်။ အာလူး၃လုံးလောက် ပြုတ် စားရလျှင် မဆိုး။ သို့ရာတွင် ညထဲ၌ သူဘာမှ မလုပ်ချင်။ အဆင်သင့် စားစရာတစ်ခုခုကို ရှာ သည်။ ဤတွင် စာရေးစားပွဲခုံအောက်၌ မုန့် အကျန်ကလေး တစ်ခုကို သူတွေ့သွားသည်။ မုန့်က မနေ့တုန်းက အကျန်ကလေးဖြစ်သည်။ ပလတ်စတစ်အိတ်ထဲမှာ ရှိနေသည်။ မုန့် အကျန်ကလေးမှာ ဂျုံဖြင့်ပြုလုပ်ထားပြီး အတွင်းထဲ ပဲနှစ်အချိုပါဝင်သည်။ အရောင်မှာ အညိုရောင်ဖြစ်ပြီး ပုံသဏ္ဌာန်မှာ အဝိုင်းဖြစ်သည်။ ထိုမုန့်အကျန်ကလေး၏ နှုတ်ခမ်းသားမှာ အတွန့်အလိမ်ကလေးတွေနှင့်ဖြစ်သည်။ မုန့် အကျန်ကလေးမှာ ခြောက်သွေ့စပြုနေပြီ။ သူ သည် မုန့်အကျန်ကလေးကို ပလတ်စတစ် အိတ်ထဲမှ ဆွဲထုတ်ယူလိုက်သည်။ ပြီးလျှင် မုန့်အကျန်ကလေးကို နှာဝနားကပ်၍ နမ်းကြည့် သည်။ ဂျုံနံ့သင်းသင်းကိုရသည်။ မှန်ပါသည်။ မုန့်အကျန် ကလေးတစ်ခုမှာ ပဲလမုန့်ဖြစ်ပါသည်။ သူသည်ခြောက်သွေ့စပြုနေသော မုန့်အကျန် ကလေး အထက်မှာ ပုရွက်ဆိတ်တစ်ကောင် တလေရှိ နေမလားဟုကြည့်သည်။ ပုရွက်ဆိတ် မရှိ။ မုန့်အကျန်ကလေးမှာ ကပ်နေသော ဆီ ဝနေသည့် စက္ကူသေးသေးရှိသည်။ မုန့်၏အမှတ်တံဆိပ်ကို ရိုက်နှိပ်ထားခြင်းဖြစ်သည်။ သူသည် နောက်ထပ်ဘာမှမစဉ်းစားတော့ပဲ မုန့်အကျန်ကလေးကို ကိုက်ဖဲ့စားလိုက်သည်။ အစားအစာတစ်ခုကို စားသောက်ဖို့အကောင်းဆုံး အချိန်ဟာ ဆာလောင်နေတဲ့အချိန်ပါပဲဟူသော စာသားကို သူတစ်နေရာမှာ ဖတ်ဖူးသည်။

သန်းခေါင်ကျော်လွန်ခဲ့သော်လည်း အပြင် ဘက်တွင် အမှောင်ထုရှိနေဆဲ။ သူသည် အခန်း ကျဉ်းကလေးထဲမှာ ငြိမ်သက်စွာ ထိုင်နေရင်း မုန့်အကျန်ကလေး တစ်ခုကို စားနေသည်။ မုန့်က ခြောက်သွေ့စပြုပြီး နည်းနည်းမာနေပေမယ့် အတွင်းထဲက ပဲနှစ်မှာ စား၍ အဆင်ပြေပါသည်။ ညဥ့်ယံသည် တိတ်ဆိတ်နေသည်။ သူသည် မုန့် အကျန်ကလေးတစ်ခုကို တဖြည်းဖြည်းစား သောက်၍ ပြီးသွားသည်။ အခန်း ထောင့်ရှိ ရေဘူးထဲမှ ရေတစ်ဖန် ခွက်ထည့်ပြီး သူကျိုက်ချသည်။ ဤမျှဆိုလျှင် သင့်လျော်ပေပြီ။ သူသည် အခန်းကျဉ်းကလေး၏ တံခါးပေါက်ကိုဖွင့်ကာ အပြင် ဘက်ကို ကြည့်လိုက်သည်။ အရုဏ်မိုးမသောက်သေး။ အမှောင်ထုက အပြင်ဘက်မှာ။ ခါ တိုင်း နေ့လယ်ခင်း မြင်တွေ့နေကျ ကုက္ကိုပင်က ကုက္ကိုရွက်တွေ အမှောင်ထဲမှာ ငြိမ်သက်လို့။ ဝင်းထရံစည်းရိုးဘေးက သစ်ပင် ပုကလေးလည်း အမှောင်ထဲမှာ တိတ်ဆိတ်လို့။ သူအခန်းကျဉ်းက လေး၏ တံခါးကို ပြန်ပိတ်လိုက် သည်။

ထို့နောက်မူ နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်။ အခန်းကျဉ်း ကလေးထဲက ပန်းကန်စင်ပေါ်မှာ အာလူးတွေ။ ရက်အတန်ကြာ ကတည်းက ဈေးထဲက သူဝယ် လာတဲ့အာလူးတွေ။ ရှမ်းပြည်နယ် ဘက်က မြေသားနီနီတွေ ပေကျံ နေတဲ့ အာလူး တွေ။

နေမျိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*