လမ်းစဉ် ပါတီ အစိုးရခေတ်မှာ -၅

လမ်းစဉ် ပါတီ အစိုးရခေတ်မှာ -၅
July 26, 2017 Leanne Win
လမ်းစဉ် ပါတီ အစိုးရခေတ်မှာ -၅

dfdsf

 

ထိုကာလတွင် သြဇာအရှိန် အဝါလွှမ်းမိုးနေသော အဖွဲ့ အစည်း ကြီးများအဖြစ် ပြည်သူအများ နားလည်နေသော အဖွဲ့အစည်းနှစ်ခုရှိသည်။’ ပြည် သူ့လွှတ်တော်နှင့် ‘မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ’ တို့ဖြစ်သည်။ ထိုအဖွဲ့ အစည်းနှစ်ခု၏ လှုပ်ရှားမှုများကို နေ့စဉ်သတင်းစာ၊ ရေဒီယို၊ ရုပ်မြင် သံကြားတွေမှာ အမြဲမြင်နေ၊ ကြား နေရသည်။ သတင်းစာ ထဲမှာပါသော ‘တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယအစည်းအဝေး’ တို့၊ ‘စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် ပထမ အစည်းအဝေး’တို့ဆိုသော ဝေါဟာရ အသုံးတွေကို ပြည်သူလူထုက မျက်စိ လည်ကြသည်။ ‘ဘာတွေပါလိမ့်’ဟု ပြောကြသည်။ နိုင်ငံကြီးတစ်နိုင်ငံ ရှိ ပါတီအဖွဲ့အစည်းမှ ‘ပထမ၊ ဒုတိယ ဥက္ကဋ္ဌ’ ဆိုသော အသုံးအနှုန်းကို ဟာသလုပ်ကြသည်။ ‘လမ်းစဉ်ပါတီ ညီလာခံ’တို့၊ ‘ဗဟိုကော်မတီ အစည်း အဝေး’တို့ကို အရေးကြီးသော ဆုံး ဖြတ်ချက်ချမှတ်သည့်အစည်းအဝေး များအဖြစ် မှတ်ယူကြသည်။

ပုသိမ်မှာကြုံခဲ့ရသော ‘အထိ မခံ ကြွေပန်းကန်’ဇာတ်လမ်းမျိုးတွေ လည်း မကြာခဏ ကြားရသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ‘မဆလ’ဟု အတိုကောက်ခေါ်သည်။ ဟာသလုပ်ပြီး ‘မဆလာပါတီ’ဟု ခေါ်သည့်အသံ ကြားရ၍ ထိုသို့ မခေါ်ရန် =ဆလပ+ဟုခေါ်ရန် ပြင်း ပြင်းထန်ထန် သတိပေးသည်ဆို သော အသံများလည်း ကြားရသည်။ ရပ်ကွက်ပြည်သူတရားသူကြီး အဖွဲ့ ဝင်တွေထဲမှာ ဆိုက်ကားနင်း သူ လည်း ပါဝင်နေပုံကို အငြိမ့် လူရွှင် တော်က ပြက်လုံးထုတ်ရာတွင် ရပ်ကွက်တရားသူကြီးသည် တရား စီရင်ဖို့ အဖွဲ့နှင့်ရုံးထိုင်နေစဉ် ငြိမ်ငြိမ်မထိုင်နိုင်ဘဲ နောက်ဘက်သို့ ထထကြည့်နေသည့်အတွက် အကျိုး အကြောင်း မေးကြည့်တော့ တရား သူကြီးက ‘င့ါဆိုက်ကား ရပ်ထားတာ ပျောက်သွားမှာစိုးလို့ စိတ်မချလို့ ထကြည့်တာ ‘ဟု ပြန်ဖြေသည့်ဟာသ ကို ပရိသတ်သဘောကျကြသည်။ ထိုလူရွှင်တော်မှာ အရေးယူခံရသည် ဟု ကြားရသည်။ ‘သူတို့၏ ကုန်လုပ် ဆက်ဆံရေး’စာအုပ်မှာပါ သော’အပေါ်ထပ်အဆောက် အအုံ’ဆိုသော ဝေါဟာရကို ကြားရ တိုင်းနှစ်ထပ် အိမ်ကိုပဲ မျက်စိထဲမှာ မြင်နေတယ်ဟုဆရာမတစ်ယောက် က ပြောမိသဖြင့် အထက်ပုဂ္ဂိုလ်က ထိုသို့မပြောရန် မျက်နှာထားကြီးနှင့် တင်းတင်းမာမာ သတိပေးသည့် အတွက် ထိုဆရာမမှာ အံ့အားသင့် သွားပြီး ‘ဒါလောက် ကဲကဲဆတ် ဖြစ် ရသလား’ ဟု စိတ်ထဲမှာ မခံချင် စိတ်ဖြစ်မိကြောင်း ရေးသည်ကို ဖတ်ရဖူးပါသည်။

နောက်ဆုံးအကြိမ် ငွေစက္ကူများ ကို တရားမဝင် ကြေညာပြီးနောက် အပ်လိုက်ရသော ငွေများကို ယခင် ကကဲ့သို့ အစားပြန်လဲမပေးတော့ သည့်အတွက် ငွေအပ်သူများ အား လုံး ဆုံးရှုံးသွားရသည်။ မကျေ မနပ် ဖြစ်ကြရသည်။

၁၉၈၈ခုနှစ်၊ မတ်လကစပြီး မကျေနပ်မှုကို အရင်းခံသော လှုပ် ရှားမှုတွေ တစ်ခုပြီးတစ်ခုပေါ်လာ သည်။ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများနှင့် ရပ်ကွက် လူငယ်များ ရန်ဖြစ်သည့်ကိစ္စက စတင်သော လှုပ်ရှားမှုကို ပစ်ခတ် လူစုခွဲရာမှ မောင်ဖုန်းမော်နှင့် မောင်စိုးနိုင်တို့ သေဆုံးသည့် ဖြစ်ရပ် က စတင်ပြီး ဆန္ဒပြမှုများ ကူးစက် ပျံ့နှံ့သွားသည်။ ဆန္ဒပြသူများကို တံတားဖြူတွင် ပစ်ခတ်လူစုခွဲရာမှ ကျောင်းသားများ ဒဏ် ရာရကြ၊ သေဆုံးကြ ပြီး ‘တံတားနီ’ဟု တွင် သည်အထိ အခြေအနေ ဆိုးဝါးသွား သည်။ ဆန္ဒပြသူများပို၍ အင်အား များလာသည်။

ထိုကာလတွင် ရုံးများ၊ ကျောင်း များ၌ တိုးတိုးတိုးတိုးနှင့် ဟိုတစ်စု၊ သည်တစ်စု လူစုပြီးဖတ်ကြ၊ ပြော ကြဆိုကြသော စာတမ်းတစ်စောင် ပေါ်ထွက်လာသည်။ ဗိုလ်မှူးချုပ် ဟောင်းအောင်ကြီးက ဗိုလ်ချုပ်ကြီး နေဝင်းထံ ပေးပို့သော စာတမ်းဖြစ် သည်။ ‘ဗိုလ်ချုပ်ခင်ဗျား’ဟု အာလုပ် ပြု၍ နိုင်ငံအတွင်း ယိုယွင်းလာမှု များကို ထောက်ပြသော စာတမ်း ရှည်ကြီးဖြစ်သည်။ ထိုစာတမ်းမှာ ‘ဇူလိုင် ၇ရက်’ အရေးအခင်းပေါ် ပေါက်လာပုံကိုလည်း အသေးစိတ် ရေးထားသည်။ မှတ်မိနေသည်မှာ ထိုအရေးအခင်းကြီးဖြစ်သည့် နောက်ပိုင်း တစ်နေ့တွင် ဗိုလ်ချုပ် ကြီးနေဝင်းက ဂါးဒီယန်းဦးစိန်ဝင်း ကို’ ကျောင်းသားတွေကို ပစ်သတ် ခိုင်းတာကျုပ်၊ တကသ အဆောက် အအုံကို ဗုံးခွဲခိုင်းတာ ဗိုလ်အောင် ကြီး’ဟု ပြောသည်ဆိုသော အကြောင်းနှင့်ပတ်သက်၍ တကသ ဗုံးခွဲသည့်ကိစ္စတွင် မိမိလုံးဝ မပါဝင် ခဲ့ကြောင်း ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး၏ ရှင်းပြချက်များဖြစ် သည်။ ဗုံးခွဲရာတွင် ကိုယ်ထိလက် ရောက် ပါဝင်ခဲ့သည့် တာဝန်ရှိ ခေါင်းဆောင်များက ကွယ်လွန် သွားချိန်အထိ ထိုကိစ္စကို ထုတ်ဖော် ဝန်ခံခြင်းမပြုဘဲ မြုံနေကြသည်ကို အံ့သြမိကြောင်း၊ နားမလည်နိုင် အောင်ဖြစ်ရကြောင်းလည်း ပါဝင် သည်။ ထိုစာတမ်းကို အဆင့်ဆင့် ကူးယူဖြန့်ဝေပြီး ဖတ်ကြ၊ ဆွေးနွေး ကြသည့်အတွက် အချို့ကိစ္စများကို လူအများသဲသဲကွဲကွဲသိလာရပါသည်။
ဇူလိုင်လတွင်ကျင်းပသော လမ်းစဉ်ပါတီ အရေးပေါ် ပါတီညီ လာခံသတင်းကို ရုပ်မြင်သံကြားမှာ ကြည့်လိုက်ရသည်။ ပါတီဥက္ကဋ္ဌ ကြီး ဦးနေဝင်းသည် ရှေ့ဆုံးကဆက်တီမှာ ထိုင်နေရင်း စာရွက်တစ်ရွက်မှာ စာတွေရေးနေသည့်ပုံဖြစ်သည်။ ဒေါသထွက်နေဟန်တူသည့် မျက်နှာ ထားကို တွေ့ရသည်။ မူလပြင်ဆင် ထားသော မိန့်ခွန်းကိုမပြောတော့ဘဲ ချက်ချင်းကောက်ရေးသည့် အချက် များကို မိန့်ခွန်းအဖြစ် ပြောခြင်းဖြစ် သည်ဟု နောက်တော့ကြားရသည်။ ပြောပုံဆိုပုံများမှာ တုန်တုန်ရီရီနှင့် ဒေါသသံပါနေသည်။ မိန့်ခွန်းတွင် ပြည်သူလူထုက လမ်းစဉ်ပါတီကို မယုံကြည်တော့သည့်သဘောကို ပြနေကြောင်း ပြောပါသည်။ မိမိကို ပါတီဥက္ကဋ္ဌနှင့် ပါတီဝင်အဖြစ်မှ နုတ် ထွက်ခွင့်ပြုရန်လည်း ပြောသည်။ မိမိနှင့်အတူ ဦးစန်းယု၊ ဦးအေးကို စသည့် ထိပ်တန်းခေါင်းဆောင် အချို့လည်း နုတ်ထွက်ရန် မိမိကို နုတ်ထွက်စာများ ပေးထားပြီဟု လည်း ပြောသည်။ တစ်ပါတီစနစ်နှင့် ပါတီစုံစနစ် ဘယ်စနစ်ကို ကြိုက် သည်ကိုသိဖို့ လူထုဆန္ဒခံယူပွဲ လုပ်ရန်လည်း ပြောပါသည်။

ဖြစ်ပေါ်နေသော ဆန္ဒပြပွဲများ နှင့် ပတ်သက်၍လည်း မကျေမနပ် ပြောသည်။ ‘သတိသာထားကြ ပေတော့’ ဟူသော စကားမျိုးလည်း ပါသည်။ အဆိုးဆုံးမှာ ‘စစ်တပ်ဆိုတာ ပစ်ရင် ထောင်မပစ်ဘူး။ တည့်တည့် ပစ်တယ်’ဟူ၍ ပြောခြင်းဖြစ်သည်။ ပြောသည့်မိန့်ခွန်းက ဘာမှမကြာ လိုက်၊ ခဏကလေးဖြစ်သည်။ သို့ သော် ထိုမိန့်ခွန်းကြောင့် ဂယက်တွေ ရိုက်ကျန်ခဲ့သည်။ ‘ဘာတွေဖြစ်မှာ ပါလိမ့်’ဟုတွေးပြီး ထိတ်လန့်တုန် လှုပ်ကြသည်။ မကျေမနပ်ဖြစ်ကြ သည်။ ဒေါသထွက်ကြသည်။

ပါတီဥက္ကဋ္ဌအဖြစ် ဦးစိန်လွင်ကို တင်မြှောက်သည့်အတွက် ဦးစိန်လွင် သည် နိုင်ငံတော်သမ္မတဖြစ်လာ သည်။ သမ္မတကြီးဦးစိန်လွင်က သူ့လုပ်ငန်းစဉ်ကို တက်တက်ကြွ ကြွ ပြောသည်။ တင်ပြစရာရှိလျှင် အချိန်မရွေးလာဖို့ ဖိတ်ခေါ်သည်။

ထိုကာလအတွင်း အခြား အပြောင်းအလဲများလည်း ဖြစ်သွား သည်။ ပြည်ထဲရေးဝန်ကြီး ဦးမင်း ဂေါင် ရာထူးမှ နုတ်ထွက်သည်။ ဝန်ကြီးချုပ် ဦးမောင်မောင်နှင့် ပြည် သူ့ဥပဒေအကျိုးဆောင် အဖွဲ့ဥက္ကဋ္ဌ သူရဦးမြင့်မောင်တို့ကို နိုင်ငံတော် ကောင်စီအမိန့်ဖြင့် ရာထူးမှ နုတ် ပယ်လိုက်သည်။ ဒုတိယ ဝန်ကြီးချုပ် သူရဦးထွန်းတင်က ဝန်ကြီးချုပ်ဖြစ် လာသည်။

ဦးစိန်လွင်သမ္မတဖြစ်သည် ကို မကျေနပ်သူအများအပြားရှိ သည်။ စစ်အုပ်ချုပ်ရေးအမိန့်များ ထုတ်ပြန် နေစဉ်မှာပင် ဆန္ဒပြမှုများ ပျံ့နှံ့ သွားသည်။ ၁၉၈၈ခုနှစ်၊ သြဂုတ်လ ၈ရက်နေ့တွင် ရန်ကုန်တိုင်းအတွင်း ကျောင်းသားများ ဦးဆောင်၍ လှည့် လည်ဆန္ဒပြသည်။ မြို့ကြီးများတွင် လည်း လူထုဆန္ဒပြမှုများ ပေါ် ပေါက်လာသည်။ ၈-၈-၈၈ (ရှစ် လေးလုံးအရေးအခင်း)ဟူသော လူထုအရေးအခင်းကြီး နိုင်ငံတစ်ဝန်း လုံး ပေါ်ပေါက်ကြီးထွားလာသည်။

ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို အမှတ်ထင်ထင်ဖြစ်နေပါသည်။ ထို ကာလတွင် ကျွန်တော်ရော၊ ဇနီးပါ ကျောင်းမှာမကြာခဏ တာဝန်ကျနေ သည်။ ကျောင်းသားအရေးအခင်း များဖြစ်နေသည့်ကာလဖြစ်၍ ဆရာ၊ ဆရာမဖြစ်သော ကျွန်တော်တို့လည်း =သတိ+အနေအထားဖြင့် ကျရာတာ ဝန် ထမ်းဆောင်နေရသည်။ အိမ်ကို အချိန်မီ မပြန်နိုင်သည့်နေ့များတွင် ကျွန်တော်တို့သမီးကလေးကို အိမ်အောက်ထပ်က အိမ်ရှင်များက ကြည့်ရှုထားရသည်။ တစ်နေ့တွင် ကျွန်တော်ရော၊ ဇနီးရော ညနေခင်း အိမ်ပြန်ရောက်ချိန်မှာ သမီး၏ကျောင်းကား ရောက်မလာသည့် အတွက် ထိတ်လန့်သွားသည်။ ပစ်သံ ခတ်သံတွေလည်း ကြားနေရသည်။ ကျွန်တော်တို့ နှစ်ယောက် သမီး၏ ကျောင်းသို့ ခြေကျင်သုတ်ကြသည်။ သမီးမှာ ရှစ်နှစ်အရွယ်မျှသာ ရှိသေး သည်။ တီတီစီ (ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း)မှာ တက်နေ သည်။ ကျွန်တော်နှင့်ဇနီးတို့ မြန်မြန် ရောက်အောင် ကျောင်းလမ်း (သထုံ လမ်း)တစ်လျှောက် အပြေးသွားကြ သည်။ ဘေးမှာဘယ်သူမှ မမြင် တော့။ (ကျွန်တော်တို့ကို မြင်သူများ က သားသမီးအတွက် စိုးရိမ် သောက ရောက်နေသော ‘မိခင်သောက’၊ ‘ဖခင်သောက’ မျက်နှာများနှင့် အပြေးအလွှားသွားနေပုံကို သတိပြုမိ ကြသည်။) ကျောင်းရောက်တော့ သမီးက ကျောင်းကားပေါ် ရောက် နေပြီ။ ဆရာ၊ ဆရာမများက စောင့် ရှောက်ထားကြသည်။ ကားထွက် ဖို့အခြေအနေ ကြည့်နေကြသည်။ ကျွန်တော်တို့က သမီးကို ကျောင်း ကားပေါ်က ပြန်ခေါ်ပြီး နှစ်ယောက် လက်တွဲ၍ လာလမ်းအတိုင်း သုတ် သုတ်ပြန်လာကြသည်။ လှည်းတန်း မီးပွိုင့်မှာ ထိုစဉ်ကရှိသော ကမာ ရွတ်ရဲစခန်းရှေ့က ဖြတ်ပြီး သုတ် သုတ်သွားရသည်။ လမ်းမှာ လူရှင်း နေသည်။ ရဲစခန်းထဲက သေနတ် သံကြားလိုက်ရသေးသည်။ အိမ်ပေါ် ကို ဘယ်လိုရောက်လာ မှန်းတောင် သတိမရတော့ပါ။ အိမ်ရောက်မှ အမောဖြေကြရပါသည်။

မောင်ခင်မင်(ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*