စွဲလမ်းခြင်းပြသာနာ

စွဲလမ်းခြင်းပြသာနာ
July 25, 2017 Leanne Win
စွဲလမ်းခြင်းပြသာနာ

000

‘ဘီ ယာဆိုတာ အရက် မဟုတ်ပါ’ဆိုပြီးတော့ ကိုယ့်ဘက်ကိုယ်ယက်တဲ့ သီချင်းမျိုး လေးတွေ ဟာသအနေနဲ့ဆိုတာ ကြားခဲ့ဖူးပါတယ်စာဖတ်သူ။ ဘီယာ သောက်သုံးသူများက သူတို့ သောက် တာဟာအရက်မဟုတ်ပါဘူး၊ ဘီယာ လေးပဲသောက်တာပါဆိုပြီး ဆင်ခြေ ပေးတဲ့သဘော သီချင်းလေးလုပ်သီဆို တာကို ကြားဖူးခဲ့တာပါ။ အမလေး၊ တကယ်ကျတော့ အရက်ပါပဲဆိုပြီး ကျွန်မတို့က ရယ်သွမ်းသွေးခဲ့မိဖူးပါ သေးတယ်။

ဒါပေမဲ့အခုချိန်မှာ တွေးကြည့် မိတော့ ဘီယာက အရက်လောက် မဆိုးရွားဘူးလို့ ထင်မြင်လာမိပါ တယ်။ ဘယ်ဟာကို မဆိုးရွားလဲ ဆိုတော့ ဘီယာသောက်သုံးသူတွေ အတွက် အရက်လောက်သေနှုန်း မမြင့်ဘူးထင်မိလို့ပါရှင်။ ဘီယာကို ချက်တာ ကျွန်မကြားဖူးသလောက် ဗျစ်ပွင့်တွေကနေ ဘီယာအဖြစ် ချက်လုပ်ရတာပါတဲ့ စာဖတ်သူ။ နိုင်ငံခြားတိုင်းပြည်တွေမှာ ဗျစ်ပင် တွေကို ဘီယာချက်လုပ်ဖို့အတွက် တမျှော်တခေါ် စိုက်ထားကြတယ် လို့ ကြားဖူးခဲ့ပါတယ်။ အဲဒီစိုက်ခင်းတွေ က ဗျစ်ပင်တွေကပွင့်တဲ့ ဗျစ်ပွင့်တွေ ကိုမှ အမျိုးမျိုး စီမံဖော်စပ်ပြီး ဘီယာ အဖြစ်ထုတ်လုပ်ပါသတဲ့။ စာထဲကရ တဲ့ အသိပေါ့ရှင်။ အခုချိန်ထိတော့ ဗျစ်ပင်တို့၊ ဗျစ်ပွင့်တို့မမြင်ဘူးသေးပါ ဘူး။ ကျွန်မခမျာစာတွေသာ ရေးနေ ရတယ်။ ဒေသန္တရ ခရီးသွားတဲ့အား တော့ အတော်လေးနည်းပါးပါတယ်။ ကျွန်မက ကားတစ်စီးနဲ့ ပြည်တွင်း ဒေသတွေအနှံ့ခရီးထွက်ချင်သလို ပြည်ပကိုလည်း အလည်ခရီးလေး ရံဖန်ရံခါ ထွက်ချင်လှပါတယ်။ ဒါမှ သာ ကိုယ်မြင်တဲ့အမြင်တွေ၊ ဗဟုသု တတွေကိုချစ်တဲ့ စာဖတ်ပရိသတ် ကြီးအတွက် မျှဝေပေးချင်ခဲ့တာပါ ရှင်။ ဒါပေမဲ့ အခြေအနေက ဘယ်ကို မှ မသွားရသလောက် ဖြစ်လာတဲ့ အခါမှာ ဘောင်နည်းနည်းကျဉ်းလာ တာ အမှန်ပါ စာဖတ်သူ။ ဒါကလည်း ကျွန်မအိမ်သားတွေအားလုံးရဲ့ ကျွန်မကို သူတို့ထက်ငယ်တယ်လို့ သတ်မှတ်ထားတဲ့ တွေးခေါ်ချက်တွေ လည်း ပါမှာပေါ့ရှင်။ ကျွန်မကိုယ် တိုင်ကလည်း ခုချိန်ထိ ရန်ကုန်မြို့ထဲ တောင် တစ်ယောက်တည်းမသွား တတ်၊လမ်းတွေမသိ၊ယောင်လည် လည်သမား ခပ်ညံ့ညံ့ဆိုတာလည်း ဝန်ခံပါတယ်။ သွားမယ့်နေရာကို အကြိမ်ရေဘယ်လောက်ရောက် ရောက် မမှတ်မိတတ်ပါဘူး။ လမ်းကြို လမ်းကြားသွားရရင် ပိုဆိုးပါတယ်။ ရန်ကုန်တောင် မကျင်လည်တော့ နယ်တွေမှာ ပိုဆိုးပါတယ်။ ဒီတော့ ပြည်ပခရီးကို တစ်ယောက်တည်း သွားဖို့ကတော့ ဘယ်နည်းနဲ့မှ မဖြစ် နိုင်ဘူးဆိုတာ သူတို့အပိုင်တွက်ကြ သလို၊ ကျွန်မလည်း ညံ့လှပါတယ်။ ကျွန်မသာ ခရီးသွားဝတÄုတွေ၊ ဆောင်းပါးတွေ ရေးတဲ့စာရေးဆရာ၊ ဆရာမတွေလို ခရီးသွားခွင့်ရရင် စာတွေအဆက်မပြတ် ရေးမိမလား မသိပါဘူးရှင်။ အခုတော့ သွားရသမျှ နိုင်ငံနည်းနည်းနဲ့ ပြည်တွင်းဒေသ နည်းနည်းဆီကပဲ ရသမျှ အတွေ့ အကြုံတွေ ညှစ်ထုတ်ယူရပါတယ်။ အားမရပေမယ့် ကျန်းမာရေးကောင်း နေသေးရင်၊ မြေးတွေစိတ်ချရတဲ့ တစ်နေ့ ဦးစီးမှူးနဲ့ နှစ်ယောက်ခရီး သွားကြမယ်လို့ တေးထားပါသေး တယ်စာဖတ်သူ။ တစ်ယောက်တည်း တော့ မဖြစ်သေးဘူး။

ဘီယာစကား ပြန်ဆက်ရရင် ဗျစ်ပွင့်ကိုအဓိကထား ဖော်စပ်တဲ့ ဘီယာကို တစ်ခါမှမသောက်ဖူးပေ မယ့် တော်တော်ကို လှတဲ့အရောင်ပါ ရှင်။ အိမ်မှာမိတ်ဆွေတွေ (ဟိုတုန်း ကပေါ့ရှင်) လာရင်ဘီယာကြိုက်သူ တွေက ဘီယာပုလင်းတွေ ဝယ်လာ ပြီး ဖန်ခွက်တွေထဲထည့်တယ်။ ကျွန်မတို့က ရေခဲနဲ့မြည်းစရာတွေ လုပ်ပေးရပါတယ်။ ထားဝယ်မှာဆို တော့ ကော့သောင်းက အကောင်း စား ဒိန်ခဲဘူးတွေလည်း သူတို့က ယူ လာသေးတယ်။ အဲဒီဒိန်ခဲဘူးတွေကို ဖောက်ပြီး အတုံးသေးသေးလေး တွေ တုံးပြီး ပန်းကန်ပြားလေးထဲမှာ စီထည့်ပါတယ်။ ဘေးတစ်ဝက် လောက်မှာ ကြက်သွန်ဖြူသေးသေး လေးတွေ အခွံနွှာပြီး ပုံပေးထားရပါ တယ်။ ပြီးမှဒိန်ခဲတုံးလေးတွေပေါ် သွားကြားထိုးတံသုံးလေးချောင်း ထိုး စိုက်ပေးပြီး ဧည့်ခံရပါတယ်။ ကျန်တာက အိမ်ကကြက်ဥကြော်၊ ဝက်အူချောင်း၊ ဒီလိုမျိုးပေါ့ရှင် ဧည့်ခံရတာပါ။

ဘီယာခွက်တွေထဲမှာ ရေခဲ တုံးတွေ များများထည့်ပြီး ပုလင်းထဲ က ဘီယာတွေလောင်းထည့်ပါ တယ်။ ကျွန်မနဲ့ကလေးတွေက ဘေးကလှမ်းကြည့်တာပေါ့နော်။ ဘီယာထည့်ထားတဲ့ ဖန်ခွက်ဟာ အမြှုပ်တွေတစီစီနဲ့ ရေခဲငွေ့တွေ ဖန်ခွက်မှာသီးပြီး အရမ်းလှတာပဲရှင့်။ အရည်လေးတွေကလည်း ဝါဝင်းပြီး ကျွန်မက စပ်စပ်စုစု နမ်းကြည့်တော့ လည်း သင်းသင်းလေး မွှေးနေတာပါ ပဲ။ ဒါနဲ့ပဲကျွန်မဇွန်းနဲ့တစ်ဇွန်း ခပ်ပြီး မြည်းကြည့်တယ်။ ထွီ… အမြင်နဲ့ အထင် မှားပုံများ၊ ခါးဆိုမှ ခါး၊ အရသာမရှိတာများ၊ ဒါတောင် နိုင်ငံ ခြားဘီယာတွေနော်။
ဘီယာတွေမကောင်းတော့ ကျွန်မတို့သားအမိတွေက ဒိန်ခဲနဲ့ ကြက်သွန်ဖြူတွေရောရောပြီး ထိုင် စားကြပါတယ်။ ဧည့်သည်တွေခမျာ သူတို့ယူလာတဲ့ ဒိန်ခဲတောင်မြင်လိုက် ရရဲ့လားမသိပါဘူး။ ကြက်သွန်ဖြူ ဥလေးတွေနဲ့ ရောစားရတာလည်း သူတို့လုပ်ခိုင်းလို့ သိတာပါ။ ဒါက ရံဖန်ရံခါပေါ့ရှင်။ ဧည့်သည်ကလည်း တစ်ခါတလေမှ လာတာပါ။ ဦးစီး မှူးကလည်း မသောက်တတ်တော့ ပိုဆိုးတယ်။ ဧည့်သည်တွေက အတင်းသောက်ခိုင်းရင် ကျွန်မက လည်း ဒီခါးခါးကြီးတွေကို သောက် ကြည့်ဖို့ရော တိုက်တွန်းတာပဲ။ တစ် ခွက်လောက်ဝင်သွားရင် ဦးစီးမှူး မျက်နှာမှာ နီရဲနေရောပဲ။ အရမ်း ရယ်ရတယ်။ အရက်သမားကြီး ကျနေတာပဲ။ ဟိုနှစ်ပုလင်း၊သုံး ပုလင်းသမားတွေက အေးဆေးပဲ။

တကယ်ကျတော့ ဗျစ်ပွင့်ကနေ ထုတ်တဲ့ဘီယာတွေက ယောက်ျား တွေအတွက် ဆီးကောင်းသတဲ့။ ကျန်းမာသတဲ့။ ဘီယာသောက်ပြီး သေတယ်လို့တော့ မကြားမိသေးပါ ဘူး။ တစ်ခုပဲဘီယာဗိုက်ဆိုတာကြီး တွေကတော့ တော်တော်ပုံပန်းဆိုးပါ တယ်။ အရပ်သားတွေထားပါ တော့။ နိုင်ငံဝန်ထမ်းတချို့ဘောင်းဘီတွေ ဝတ်ပြီး ဗိုက်ပူပူကြီးတွေရှေ့ကို စူထွက်နေတာမြင်ရင် အင်မတန် အမြင်ကပ်မိတယ်။ ဘီယာ ဗိုက်လား၊ စူပါဗိုက်လား တော့ မသိဘူးပေါ့ရှင်။ အမေရိကန်တွေလည်း ရုပ်ရှင်ထဲမှာ ဗိုက်ပူကြီးတွေပဲ။ ပုံဆိုးပန်းဆိုးပေါ့။ အမြဲချပ်ရပ် ပြီး ဗိုက်လုံးဝမပူဘဲ ယူနီဖောင်းတွေနဲ့ ကြည့်ကောင်းတတ်တာက အိမ်နီး ချင်း ထိုင်းနိုင်ငံက ဝန်ထမ်းတွေပါ။ တစ်ခါမှ ဗိုက်ပူပူကြီးတွေနဲ့ မတွေ့ မိဘူးစာဖတ်သူ။ (ဤကား စကား ချပ်။)

ဒါကဘီယာပါ။ နောက်တစ်ခါ ထန်းရည်နဲ့ခေါင်ရည်ပေါ့ရှင်။ ကျွန်မအရမ်းသောက်ချင် အောင်လှပပြီး သောက်မရတာ တွေပါ။ ထန်းရည်ဆိုရင် အပင်ပေါ် ကချကာစ အချိုရည်စစ်စစ်တွေ တော့ သောက်လို့ရပါတယ်။ ချိုနေ တာပဲလေ။ အသောက် သမားတွေ တန်ဖိုးထားတဲ့’ငှက်ခါး တောင်ထန်း ရည်’တော့ နည်းနည်း မြည်းကြည့်တာ တောင် ခါးလွန်းလို့ပါ။ ဒါပေမဲ့ ထန်းရည်လည်းလူနဲ့တည့်ပြီး ဆီး ကောင်းတယ်ဆိုတော့ မဆိုးပါဘူး။ ကချင်ပြည်နယ်ဘက်ရောက်တော့ ကျွန်မတို့ကိုတိုက်တဲ့ ခေါင်ရည်ကို လည်း အရမ်းသောက်ချင်လှပါ တယ်။ ဖန်ခွက်ထဲထည့်လာပေးတဲ့ ခရမ်းရောင်ဖျော့ဖျော့ အရည်နောက် နောက် ခေါင်ရည်တွေကို ကြည့်လှလို့ အစားမက်တဲ့ ကျွန်မ သောက်ချင်လှ ပေတဲ့ ပြင်းလွန်းလို့ သောက်လို့မရ ပါဘူး။ ဒီခေါင်ရည်လည်းပဲ ဒေသခံ တွေမက်မက်မောမော သောက်ကြ တာပါပဲ။ ထူးပြီးသေတယ်လို့ မကြား မိပါဘူး။ အခုကျွန်မရေးခဲ့တဲ့ အဝါရောင်ဝင်းတဲ့ အမြှုပ်တွေနဲ့ မွှေးပျံ့တဲ့ ဘီယာရယ်၊ ကိုယ့်တိုင်းပြည် ထဲမှာ တောသူတောင်သားတွေပါ သောက်သုံးနိုင်တဲ့ ငှက်ခါးတောင် ထန်းရည်ရှတတရယ်၊ ကချင်ပြည် နယ်က ကောက်ညှင်းနံ့မွှေးတဲ့ ခရမ်း ရောင်နုနုနဲ့ ညှို့ယူနိုင်စွမ်းတဲ့ ပြည် တွင်းက တိုင်းရင်းသားများ အလျှံပယ်သောက်သုံးနိုင်တဲ့ ခေါင် ရည်အေးအေးရယ်၊ အားလုံးဟာ ကျွန်မတို့ ပြည်တွင်းဖြစ်တွေ၊ မြန်မာ တစ်ပြည်လုံး သောက်သုံးနိုင်တဲ့ အရက်မဟုတ်တဲ့ အမျိုးအစားတွေ ပေါ့နော်။ ဒီအမျိုးအစားတွေ သောက်လို့ သောက်သောက်လဲ သေကြတယ်လို့ မကြားမိပါဘူး။ မှားရင် ခွင့်လွှတ်ပါ။

အခုကျွန်မကြားနေရတာက ‘အရက်’လို့တည့်တည့်ခေါ်တွင်တဲ့ ယမကာ ပါပဲရှင်။ ဒီအရက်ဆိုတာကို ကောက် ညှင်း၊ ဆန်၊ ပြောင်းဖူး၊ စပါး၊ အသီးအနှံစုံနဲ့တောင် ချက်ကြ တာပါ။ တချို့များ စောင်းလျားသီး နဲ့တောင်ချက်သတဲ့။ တစ်လခွဲ လောက် စိမ်ထားရင်ကောင်းမှ ကောင်းဆိုပဲ။ ကျွန်မသမီးကြီးကို မွေးတော့ ကျွန်မအမေက ကျွန်မကို မီးတွင်းထဲမှာ အာမီရမ်တိုက်ပါ တယ်။ ဒါပထမဆုံးအရက်ဆိုတာကို သောက်ဖူးခြင်းပါပဲ။ ထမင်းမစားခင် အမေက စတီးဇွန်းတစ်ဇွန်း ပုလင်းထဲ က ထည့်တိုက်ပါတယ်။

ဦးစီးမှူးဆိုရင် သူ့ကိုဂျီကျပြီးမှ ကျွန်မက သောက်ပါတယ်။ ကိုယ်ဝန် အတွက် ဝမ်းနုတ်ဆေး ‘ဗါမသူ’ ဆိုတဲ့ ဝမ်းနှုတ်ဆေး ပျစ်ပျစ်ကြီး တစ်ဇွန်းကို ကြိတ်မှိတ်သောက်ရမယ်ဆိုရင် ဦးစီး မှူးက အရင်တစ်ဇွန်းသောက်ပြပြီးမှ ကျွန်မသောက်တာပါ။ ဦးစီးမှူးက ဆေးမကြောက်ဘူး။ အခုတော့ မီးတွင်းမှာ အမေတိုက်ရတဲ့ အရက် တစ်ဇွန်းဟာ ဖီလင်ကို ပြောပြပါမယ် စာဖတ်သူ။ အာမီရမ်တစ်ဇွန်းကို မျိုချလိုက်တယ်။ ခဏအတွင်း ဒီအရက်ခါးခါးတွေဟာ လည်ချောင်း ကိုပူကနဲ ဖြတ်သွားပြီး အူလမ်း ကြောင်းတစ်လျှောက် ပူလောင်သွား လိုက်တာဟာ ဟိုးအောက်ဆုံးဆင်း လို့ရတဲ့အထိ ပူသွားလိုက်တာများ လေ။ ဘယ်လိုကြီးမှန်းကို မသိတော့ ပါဘူး။ ပြီးရင်ခေါင်းထဲမှာ လည်လာ တယ်။
ခဏလည်းနေရာ ကျွန်မရီတာ၊ ရယ်တာများလေ၊ အူတက်အောင် ရယ် ချင်တာများ၊ မရပ်မနား ရယ် မောပြီးမှ ဦးစီးမှူးက အိပ်ရာ ဆီတွဲပို့ တော့မှ ချာချာလည်ပြီး အိပ်ပျော် သွားတော့တယ်။ ဒီ ‘အာမီရမ်’ဆိုတာကလည်း တပ်မတော်သားတွေ အေးတဲ့ဒေသ၊ငှက်ဖျားတွေပါ မဖြစ်အောင် ကျန်းမာရေးအတွက် ဒဏ်ခံနိုင်အောင် စီမံထားတဲ့ အရက် ပါ။ ဒီအရက် သောက်လို့လည်း တဖြုတ်ဖြုတ်သေတယ် မကြားမိပါ ဘူး။

နောက်တစ်ခါ သူဋ္ဌေးတွေ၊ ပိုက်ဆံရှိသမား တွေသောက်တဲ့ အရက်အကောင်းစားတွေ ရှိပါတယ်။ ဒါတွေကလည်း သူတို့ပင်ရင်း နိုင်ငံ တွေက ထုတ်လုပ်တာစစ်စစ်ဆိုရင် အန္တရာယ် မရှိလှလို့ တဖြုတ်ဖြုတ် မသေပါဘူးစာဖတ်သူ။

ဒါပေမဲ့ကျွန်မတို့ ပြည်တွင်းမှာ အခုတလော ဆိုပေမယ့် နည်းနည်းတောင် ကြာလာပါပြီ။ တဖြုတ်ဖြုတ်သေနေကြတာလေ။ အရင်က အောက်ခြေလူတန်းစား သောက်နိုင် အောင်ထုတ် တဲ့အရက်ဆီတွေနဲ့ ရောနှောစီမံတဲ့ အရက်ဖြူပုလင်း တွေ သောက်ပေမယ့် အသေမများ ကြသေးဘူး။ အခုက အရက်ထဲမှာ ရာဘာဖိနပ်ကအစ၊ ဓာတ်မြေ သြဇာတွေ၊ အချိန်ကြာကြာ အရက်ဖြစ်ဖို့ မစောင့်ရ တဲ့ဟာတွေအပြင် အင်မတန်ပြင်းလှတဲ့ မက်သနော အဆီတောင် ပါသေးသတဲ့။ အဓိက ရေးချင်တာက အရက်အမြန်ဖြစ်ဖို့၊ ဆင်းရဲသားတွေ ဈေးပေါပေါနဲ့ တွယ်နိုင်ဖို့၊ ဖြစ်သလိုအရက်တွေ ချက်လုပ် နေကြ ပါတယ် စာဖတ်သူ။ ပြီးတော့ အရက်ကောင်းတွေ ပါဆိုပြီး အရက်ကောင်းပုလင်းဟောင်း မျိုးစုံကို ဂိုဒေါင်နဲ့တောင် ဖမ်းမိတာကြား လိုက်သေးတယ်။ အခုတော့ မသိတော့ဘူး။ အဲဒီပုလင်းတွေထဲမှာ သူတို့လာတဲ့ နိုင်ငံတွေက အရက်ကောင်းတွေကို မှာပြီး ပြန်ထည့်ရောင်းပေးမယ် ထင်ပါသလား စာဖတ်သူ။ ကောင်းတာတွေနဲ့ မကောင်းတာတွေနဲ့ ရောနှော၊ ပြင်းပေ့ဆိုတဲ့ အရက်ဆီတွေ လည်း မသိမသာတူအောင်ရောမှာပဲ။ ဒါဆိုရင် နိုင်ငံခြား အရက် အကောင်းစားတွေဖြစ်ပြီပေါ့ရှင်။

ဒီတော့လည်း အခြေခံလူတန်းစားပိုက်ဆံ မရှိသူတွေလည်း အရက်ဆိုး၊ အရက်ညံ့တွေ သောက်ပြီး အသည်းတွေထိပြီး လောင်ကျွမ်းပြီး တမြည့်မြည့် သေသလိုပါပဲ။ ငါတို့က သူတို့လို အရက်ညံ့တွေသောက်တာ မဟုတ်ဘူး။ အရက် အကောင်းစားတွေ သောက်တာ။ ဘာမှမဖြစ်နိုင်ဘူး ဆိုသူတွေလည်း တမြည့်မြည့် သေရတာပါပဲ။ တစ်ခုပဲပေါ့နော်။ ပိုက်ဆံတွေပေါပြီး နိုင်ငံခြားနဲ့ အိမ်ဦးကြမ်းပြင်လုပ်ပြီး ကိုယ်တိုင်သယ်လာရင် တော့ တစ်မျိုးပေါ့နော်။ ဒါဆိုရင်တော့ သက်သာရာ ရတယ်ပေါ့ စာဖတ်သူရယ်။

တကယ်တော့ မြတ်စွာဘုရားရှင် လက်ထက် တော်ကတည်းက တားမြစ်ခဲ့တဲ့အရက်ကို မသောက် ကြရင်တော့ အသက်ရှည်ကြမှာပါပဲ။ ဒါတောင်ခု ခေတ်ကြီးမှာ ပိုးမွှားပေါင်း သိန်းသန်း ကုဋေပေါများ နေကြတာပါ။ ကျွန်မအပြင်ထွက်တိုင်း လမ်းကြား လေးတစ်ဖက်က အုန်းတုံးလေးပေါ်မှာ ဆံပင်စုတ် ဖွားနီကြောင်ကြောင်တွေနဲ့ အင်္ကျီလုံချည်စုတ် ကလေးတွေနဲ့ ရှိသင့်တာထက် အိုမင်းနေတဲ့ မျက်နှာတွေနဲ့ လူသုံးယောက်လောက်ကို အမြဲ တွေ့ရတယ်။ ကားလာရင် ယို့ယို့လေးဖယ်ပေးပြီး ပုလင်းတွေဖွက်လို့။ တစ်ခါတလေ သနားလို့ မွေး စားသားကို ပြောမိတယ်။ ငါဂျော်နီဝါးကား တစ်ပု လင်းလောက် လှူချင်တယ်လို့။ အခုဒီအဖြူတွေ သောက်ပြီး မြန်မြန်သေကြမှာလို့ ပြောမိတယ်။ မွေးစားသားက ပြန်ပြောတယ်။ ကြီးကြီးက နေ့တိုင်းပေးနိုင်လို့လားတဲ့။ အေးလေ ဒါလည်းဟုတ် တာပဲ။ သနားပေမယ့် လူမိုက်အားပေးဖြစ်ဦးမယ်။ အခုတောင်ရှိကြသေးရဲ့လားမသိဘူး။ ကျွန်မ သိသ မျှ၊ ချစ်ခင်သမျှ ရုပ်ရှင်နယ်က၊ အပြင်က သူတွေ အတော်များများလည်း မရှိကြတော့ဘူး။ ဒီ’ သေ ရည်’ တွေကြောင့်ပဲလေ။ စွဲလမ်းကြသကိုး။

စိုးကြည်ဖြူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*