လမ်းစဉ် ပါတီ အစိုးရခေတ်မှာ – ၎

လမ်းစဉ် ပါတီ အစိုးရခေတ်မှာ – ၎
July 18, 2017 Leanne Win
လမ်းစဉ် ပါတီ အစိုးရခေတ်မှာ – ၎

aung

၁၉၈၁ ခုနှစ်ဆန်းမှာ ကျွန်တော် ပုသိမ် ကောလိပ်မှ ရန်ကုန်တက္ကသိုလ်သို့ ပြန်ပြောင်းရသည်။ ၁၉၈ဝ ပြည့်နှစ် မှာ ဖွားမြင်သောသမီးကလေးက တစ်နှစ်သမီးအရွယ်ရှိပြီ။ နို့ဘူးစို့ သည့်အတွက် လစဉ်သမဝါယမဆိုင် မှာ နို့မှုန့်၂ဘူး သွားထုတ်ရသည်ကို မှတ်မိနေသည်။ ကျွန်တော်နှင့်ဇနီးတို့ ရသော နှစ်ယောက်ပေါင်းလစာက ပုံမှန်ချွေချွေတာတာသုံးလျှင် စား လောက်ရုံတော့ရှိပါသည်။ စာရေး ၍ရသော စာမူခကလေးအစ၊ စာမေး ပွဲစစ်ခကလေးအစရသမျှ ကလေးဖြင့် ဖြည့်၍သုံးရသည်။ ၂ ယောက်စလုံး ကျူရှင်မလုပ်သည့်အတွက် အပိုဝင် ငွေမရှိပါ။

ရန်ကုန်ပြန်ပြောင်းပြီး မကြာ ခင်တွင် သတိပြုမိသည်မှာ ဦးနေဝင်း က အစည်းအဝေးတစ်ခုတွင် ‘ကျွန်တော်သမ္မတကြီး မလုပ်တော့ ပါဘူး’ဟုပြောပြီး ပါတီဥက္ကဋ္ဌကြီး အဖြစ်သာနေလိုက်ခြင်းဖြစ်သည်။ ဦးစန်းယုကို နိုင်ငံတော် ကောင်စီ ဥက္ကဋ္ဌအဖြစ် တင်မြှောက်သည့် အတွက် သမ္မတကြီးဖြစ်လာသည်။

ကျွန်တော်တို့ရပ်ကွက်မှာ ကျွန်တော်က ပါတီကလာပ်စည်း ဒုတိယခေါင်းဆောင်ဖြစ်သည်။ အိမ်နီးချင်းတစ်ယောက်က ကလာပ် စည်းခေါင်းဆောင်ဖြစ်သည်။ ပါတီ ကလာပ် စည်း အစည်းအဝေးများကို အိမ်တွေမှာ အလှည့်ကျလုပ်သည်။ အိမ်ရှင်က ဧည့်ခံကျွေးမွေးပြီး ဆွေး နွေးစရာများ ဆွေးနွေးကြသည်။ သို့ သော် ဆုံးဖြတ်ချက်ချပြီး အကောင် အထည်ဖော်ဆောင်ရွက်နိုင်သည့် ဆွေးနွေးမှုမဟုတ်ဘဲ ပါတီယူနစ်သို့ ‘တင်ပြရန်’ ဟုသာ ဆုံးဖြတ်နိုင်သော ဆွေးနွေးမှုများသာ ဖြစ်ပါသည်။ ပါတီယူနစ် အစည်းအဝေးဟုဆိုသော် လည်း ရပ်ရေးရွာရေးကိစ္စများ ပြော ဆိုပြီး အစည်းအဝေး ပြီးသွားတတ်ပါ သည်။

ကျွန်တော့်ပတ်ဝန်းကျင်ရှိ တက္ကသိုလ်ပညာရပ် အသိုက်အဝန်း များနှင့် အခြေခံပညာ အသိုက် အဝန်းများတွင် ပညာရေးဆိုင်ရာ ဆောင်ရွက် ချက်များ ပုံမှန်လှုပ်ရှား နေဆဲဖြစ်သည်။ တက္ကသိုလ် ပရိဝုဏ် များတွင် ၁၉၆၆ ခုနှစ်ကတည်းက နှစ်စဉ် ကျင်းပသော မြန်မာနိုင်ငံ သုတေသနကွန်ဂရက် ခေါ် ဆွေးနွေး ပွဲများ ပုံမှန်ကျင်းပနေဆဲဖြစ်သည်။ နှစ်စဉ်စာတမ်းများ ဖတ်ကြားဆွေး နွေးဆဲ ဖြစ်သည်။ ထို့အတူ စာပေ ဗိမာန်အဖွဲ့က နှစ်စဉ်ကျင်းပသော စာတမ်းဖတ်ပွဲများလည်း ပုံမှန် ကျင်းပနေဆဲဖြစ်သည်။ ၁၉၈၃ခုနှစ် ကစ၍ အခြေခံပညာ သင်ရိုးညွှန်း တမ်း ပြုပြင်ပြောင်းလဲသည့် အစီ အစဉ် အကောင်အထည်ဖော်သည်။ ဘာသာရပ်အသီးသီး၏ သင်ရိုးအဖွဲ့ များက သူငယ်တန်းမှ ဒသမတန်း အထိ ပြဋ္ဌာန်းစာများ ပြုစုသည်။ ကမန်းကတန်း ပြုစုပုံမျိုးမဟုတ်ဘဲ အချိန်ယူ၍ ပြုစုခြင်းဖြစ်သည်။ ၁၉၈၃ခုနှစ်က စတင်ပြုစုသော ပြဋ္ဌာန်းစာအုပ်များသည် ၁၉၈၅ ခုနှစ်တွင် ပုံပေါ်လာသည်။ အခြေခံ ဆရာ၊ ဆရာမများ စနစ်တကျ သင်ကြားနိုင်ရန်အတွက် ပထမဦးစွာ တက္ကသိုလ်ဆရာ၊ ဆရာမများကို နည်းပြသင်တန်း ပြုလုပ်ပြီး သင်ရိုး အဖွဲ့ဝင်များက ဦးဆောင်ဆွေးနွေး သည်။ ထို့နောက် နည်းပြသင်တန်း တက်ခဲ့သော တက္ကသိုလ်ဆရာ၊ ဆရာ မများက ရန်ကုန်နှင့် မန္တလေးတို့တွင် အခြေခံပညာ ဆရာ၊ ဆရာမများကို မွမ်းမံသင်တန်းများ ဆင့်ပွားပို့ချ သည်။ ထို့နောက် ထိုအခြေခံပညာ ဆရာ၊ ဆရာမများက ကျောင်းသား များကို သင်ကြားသည့်အဆင့်အထိ အဆင့်ဆင့်ဆောင်ရွက်သည်။ ကျွန်တော်သည် ပြဋ္ဌာန်းစာအုပ် ပြုစု ရေးအဖွဲ့တွင် ပါဝင်သည့်အတွက် ထိုဆောင်ရွက်ချက်များကို အနီး ကပ်လေ့လာခွင့်ရပြီး ကိုယ်တိုင် လည်းပါဝင်ဆောင်ရွက်ရပါသည်။

၁၉၈၃ခုနှစ်တွင် အမှတ်ထင် ထင် ဖြစ်ရပ်တစ်ခု ပေါ်ပေါက်သည်။ ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်သည်။ တောင် ကိုရီးယားနိုင်ငံ သမ္မတ ချန်ဒူးဝမ် သည် အာဇာနည်ဗိမာန်၌လွမ်းသူ့ပန်းခွေချသည့် အခမ်းအနား ကျင်းပ ခါနီးတွင် ဗုံးပေါက်ကွဲခြင်း ဖြစ်သည်။ ကိုရီးယားများရော၊ မြန်မာများပါ သေသူသေ၊ ဒဏ်ရာရသူရကြသည်။ သေဆုံးသူ ၂ဝ ကျော်၊ ဒဏ်ရာရသူ ၄ဝကျော်ရှိသည်။ ဗုံးခွဲလုပ်ကြံသူ များမှာ မြောက်ကိုရီးယားနိုင်ငံသား များ ဖြစ်ပြီး တောင်ကိုရီးယားသမ္မတ ၏ ခရီးစဉ်ကို ကြိုတင်သိထားသည့် အတွက် ကြိုတင်ပြင်ဆင်ကာ မြန်မာ နိုင်ငံသို့ ကြိုတင်ရောက်လာပြီး လျို့ ဝှက်စွာ စီစဉ်လုပ်ကြံခြင်းဖြစ်သည်။ တောင်ကိုရီးယားသမ္မတမှာ သီသီ ကလေးလွတ်မြောက်သွားပြီး တောင် ကိုရီးယားဝန်ကြီးအချို့ သေဆုံး သွားသည်။ လုပ်ကြံသူ တရားခံများကို ဖမ်းဆီးနိုင်ပြီး ရုံးတင်စစ်ဆေးကာ အပြစ်ပေးခဲ့သည်။ အာဇာနည်ဗိမာန် တွင် ဗုံးပေါက်သည့် သတင်းကစ၍ တရားခံများ စစ်ဆေး အပြစ်ပေးသည့် သတင်းအထိ သတင်းစာများတွင် အသေးစိတ် ထည့်သွင်းဖော်ပြခဲ့ရာ စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာရသည်။ ထိုဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် သံတမန် အဆက်အသွယ်ဖြတ်ကြောင်း ကြေ ညာသည်။ ဗုံးကွဲ၍ ပျက်စီးသွားသော မူလအာဇာနည် ဗိမာန်အဆောက် အအုံနေရာတွင် ယခုတွေ့မြင်ရသည့် အတိုင်း အာဇာနည်ဗိမာန်အသစ် ပြန်လည်တည်ဆောက်ခဲ့သည်။ အာဇာနည်ဗိမာန်တွင် ဗုံးပေါက်ကွဲ သည့်သတင်းနှင့်အတူ တောင် ကိုရီးယားနိုင်ငံမှ လေယာဉ်များ မြန်မာနိုင်ငံသို့ အုပ်စု လိုက်ပျံသန်း လာဖို့ ပြင်ဆင်နေပြီဆိုသော သတင်း များ၊ တောင်ကိုရီးယားသမ္မတက မြန်မာနိုင်ငံကို မြောက်ကိုရီးယားနှင့် သံအဆက်အသွယ်ဖြတ်ရန် တောင်း ဆိုသည်ဆိုသော သတင်းများလည်း ပေါ်ထွက်လာသည်။ ထိုကာလသည် သည်းထိတ် ရင်ဖိုကြုံသော ဖြစ်ရပ် များဖြစ်သည်။

၁၉၈၅ခုနှစ်တွင် ပြည်သူအများ ကျီးလန့်စာစားဖြစ်သွားရသော ဖြစ်ရပ်တစ်ခုပေါ်ပေါက်လာသည်။ ထိုကာလက လည်ပတ်သုံးစွဲလျက် ရှိသော ကျပ်တစ်ရာတန်၊ ကျပ် ငါး ဆယ်တန်၊ ကျပ်နှစ်ဆယ်တန် ငွေ စက္ကူများကို တရားဝင်ငွေအဖြစ်မှ ရပ်စဲလိုက်ခြင်းဖြစ်သည်။ ထိုအမိန့် ကို ညဦးပိုင်းတွင် ရေဒီယိုမှ ကြေညာ လိုက်သည်ကို ရုတ်တရက် ကြားလိုက် ရသောအခါ အားလုံး အထိတ်တလန့် ဖြစ်သွားရသည်။ ထိုအချိန်က ကျွန်တော့်လက်ထဲတွင် စုဆောင်း ထားသော ကျပ်တစ်ရာတန် တစ် သောင်းဖိုးရှိနေသည့်အတွက် ကျွန်တော်လည်း ထိတ်လန့်သွား သည်။ လတော်တော်ကြာကြာ စု ဆောင်းထားသော ပိုက်ဆံဖြစ်သည့် အတွက် ဆုံးရှုံးသွားမည်ကို စိုးရိမ် ထိတ်လန့်ခြင်းဖြစ်သည်။ ထိုငွေများ ကို တရားဝင် အပ်နှံလိုက်သည်။ သို့သော် တော်ပါသေးသည်။ တရားဝင်ပိုက်ဆံများနှင့် လဲလှယ်ပေး သည့်အတွက် မဆုံးရှုံးဘဲ ပြန်ရပါ သည်။ တော်လှန်ရေးကောင်စီတက် စ ၁၉၆၄ ခုနှစ်က ကျပ်တစ်ရာတန် နှင့် ကျပ်ငါးဆယ်တန်ငွေစက္ကူများကို တရားမဝင် ကြေညာပြီး ဖျက်သိမ်းခဲ့ ဖူးသည်။ ယခုဒုတိယအကြိမ်ဖြစ် သည်။ လူအများ ထိတ်လန့်တကြား ဖြစ်ကြရသည်။

ထိုကာလနောက်ပိုင်းတွင် ယခင်က အစဉ်အလာမရှိသော ငွေစက္ကူအမျိုးအစားများ ပေါ်ပေါက် လာသည်မှာ ထူးခြားချက်ဖြစ်သည်။ ယခင်က ငွေစက္ကူဆိုလျှင် တစ်ဆယ် တန်၊ နှစ်ဆယ်တန်၊ ငါးဆယ်တန်၊ တစ်ရာတန်ဟူ၍ ‘သုညဆုံးသော’ ကိန်းဂဏန်းများဖြင့်သာ ငွေစက္ကူ ထုတ်မြဲဖြစ်သည်။ သုညမဆုံးသော ငွေစက္ကူများမှာ ၁ကျပ်တန်၊ ၅ကျပ် တန်တို့သာရှိသည်။ ထိုကာလတွင်မူ ၁၅ကျပ်တန်၊ ၂၅ကျပ်တန်၊ ၃၅ ကျပ်တန်၊ ၇၅ကျပ်တန် ငွေစက္ကူများ ပေါ်ပေါက်လာသည်။ ၅နှင့်ဆုံးသော ငွေစက္ကူများဖြစ်သည်။ ၁၉၈၇ ခုနှစ် တွင် ထိုငွေစက္ကူများထဲမှ ၂၅ကျပ် တန်၊ ၃၅ကျပ်တန်၊ ၇၅ကျပ်တန်တို့ ကို တရားဝင်ငွေအဖြစ်မှ ရပ်စဲလိုက် ပြန်သည်။ ၅ကျပ်တန်နှင့် ၁၅ကျပ် တန်ကိုတော့ ချမ်းသာပေးသဖြင့် ပယ်ဖျက်သည့်အထဲတွင် မပါပါ။

ဒုတိယအကြိမ် ငွေစက္ကူများ တရားဝင်အဖြစ်မှ ရပ်စဲသည်မှာ ၂ နှစ်လောက်သာ ရှိသေးသည်။ ယခု တစ်ဖန် တရားဝင် ရပ်စဲပြန်သည့် အတွက် ပြည်သူအများ မကျေနပ်မှု ကြီးထွားလာရသည်။

ထိုအကြိမ်တွင် ကျွန်တော် ကိုယ်တိုင် အထိတ်တလန့်ကြုံရသည်။ ထိုအမိန့်ပေါ်ထွက်လာပြီးနောက် တရားမဝင်ငွေများကို အမြန်ဆုံး အပ်ရမည်ဟု ဆိုသောအခါ ကျွန်တော်တို့မြန်မာစာဌာနတွင် အလုပ်ရှုပ်သွားပါသည်။ အခြား အကြောင်းမဟုတ်ပါ။ ကျောင်းသူ၊ ကျောင်းသားများအတွက် စာအုပ်စာ တမ်းများ ဝယ်ယူပြီး ပြန်လည်ရောင်း ချပေးသည့်အတွက် ရရှိသည့် ငွေစက္ကူများ၊ ဌာနလုပ်ငန်းများ အတွက် အသင့်ရှိသည့် ရန်ပုံငွေများ ထဲတွင် ထိုငွေစက္ကူများလည်း ပါဝင်နေသောကြောင့် ဖြစ်သည်။ အချိန်မီ အပ်နိုင်ရန် ထိုငွေစက္ကူများ ကို စာရင်းလုပ်ရမည်ဖြစ်သည်။ ထိုကြောင့် ရုံးဆင်းသွားကြပြီဖြစ်သော ဆရာ၊ ဆရာမများကို ပါမောက္ခ ဆရာမကြီး က ဌာနသို့ ချက်ချင်း ပြန်လာကြရန် အကြောင်းကြားပြီး မိမိတို့၏ ဘီရိုများတွင် အသင့် ရှိနေသည့် ဌာနငွေများကို အမြန် ဆုံးစုစည်းခိုင်းရသည်။ ကိုယ်ပိုင် ငွေထက် အရေးကြီးသော ဌာနပိုင် ငွေဖြစ်သည့်အတွက် မမှားမယွင်း အောင် ဂရုစိုက်ရသည်။ ထိုငွေများ အားလုံးစုစည်းပြီး ပါမောက္ခဆရာမ ကြီး၏အိမ်တွင် ငွေစက္ကူစာရင်းပြုစု သူက ပြုစု၊ လက်နှိပ်စက်ရိုက်သူက ရိုက်၊ ငွေစက္ကူနံပါတ်များပါ ဖော် ပြရသည့်အတွက် အလွန်လက်ဝင် သည်။ အပ်နှံရမည့်ငွေစက္ကူစာရင်း ပြုစုပြီးသောအခါ ညသန်းခေါင်ကျော် သွားပါပြီ။ သို့သော် ပါမောက္ခ ဆရာမကြီးနှင့်တကွ အတူဆောင် ရွက်နေသည့် ဆရာ၊ ဆရာမများ စိတ်လက်ပေါ့ပါးသွားကြသည်။ နောက်တစ်နေ့မှာ အချိန်မီ သွား ရောက်အပ်နှံနိုင်ခဲ့ကြပါသည်။

ထိုကာလအထိ ငွေစက္ကူများမှာ ဗိုလ်ချုပ်အောင်ဆန်းပုံများနှင့်ဖြစ် သည်။ ထိုငွေစက္ကူများကို တရားမဝင် ကြေညာပြီးနောက် ရက်ပိုင်းအတွင်း မှာပင် ငွေစက္ကူ၂မျိုး ထုတ်ဝေလိုက်ပါ သည်။ ၄၅ကျပ်တန်နှင့် ၉ဝကျပ်တန် ဖြစ်သည်။ ငွေစက္ကူများတွင် ပြော စရာအချက် ၂ချက်ပါသည်။ တစ်ချက်မှာ ငွေစက္ကူအသစ်များ တွင် ဗိုလ်ချုပ်အောင်ဆန်းပုံကို မသုံးတော့ဘဲ ၄၅ကျပ်တန်ကို သခင် ဖိုးလှကြီးပုံ၊ ၉ဝကျပ်တန်ကို ဆရာစံ ပုံဖြင့် ထုတ်ဝေခြင်းဖြစ်သည်။ နောက်တစ်ချက်မှာ သုညဆုံးသော အရေအတွက်ကို ကျပ်တစ်ရာ၊ ကျပ် ငါးဆယ် စသည်ဖြင့် သုံးရမြဲဖြစ် သော်လည်း ငွေစက္ကူများတွင် ‘တစ်ရာကျပ်’၊ ‘ကိုးဆယ်ကျပ်’ဟူ၍ မှားသုံးခြင်းဖြစ်သည်။ ထိုအမှား အတိုင်း ယခုအထိ သုံးနေဆဲဖြစ် သည်။

မောင်ခင်မင်(ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*