အလွန်ထူးဆန်းသော ဓါတ်မီး နှင့် အရိပ်ပြပွဲ ဇာတ်လိုက်များ

အလွန်ထူးဆန်းသော ဓါတ်မီး နှင့် အရိပ်ပြပွဲ ဇာတ်လိုက်များ
July 17, 2017 Leanne Win
အလွန်ထူးဆန်းသော ဓါတ်မီး နှင့် အရိပ်ပြပွဲ ဇာတ်လိုက်များ

article

ရုပ် ရှင်နှစ်၁ဝဝ ပြည့်နဲ့ ပတ် သက်တဲ့ စာတွေဖတ်နေ ရတဲ့ အချိန်မှာ ကျွန်တော်လွန်ခဲ့တဲ့ နှစ်၅ဝ လောက်က ဟံသာဝတီသတင်းစာမှာ ရေးခဲ့တဲ့ ဆောင်းပါးလေးဆီ စိတ်က ရောက်သွားလေရဲ့။ စိတ်ကအဲဒီကို ရောက်မှာပေါ့။ ရေးခဲ့တာတွေက ရုပ်ရှင်အကြောင်းတွေကိုး။

ကြည့်ပါလား။ ရေးတဲ့အချိန်က ဗမာ့ရုပ်ရှင်သက်တမ်းရွှေရတု အထိမ်းအမှတ်ကျင်းပဖို့ ပြင်ဆင်နေ ကြတဲ့ လှုပ်ရှားမှုတွေနဲ့လည်း တိုက် ဆိုင်နေလေရဲ့။ ဒီဆောင်းပါးလေး တွေပါ။ ၁၅.၂.၁၉၇ဝမှာ ‘ဗမာ ပြည်ကို ရုပ်ရှင်ဘယ်တုန်းက စရောက်သလဲ’ ၊ ၆-၃-၁၉၇ဝမှာ ဗမာ့ရုပ်ရှင် ဘယ်သို့ခြားနားပြီလဲ’နဲ့ ၂၂-၁၂-၁၉၇ဝ ထုတ် ဟံသာဝတီ သတင်းစာမှာ ကျွန်တော့်ရဲ့ စည်းရုံး လှုံ့ဆော်ချက်ဖြစ်တဲ့ ‘ဗမာ့ရုပ်ရှင်နဲ့ ဗမာ့တော်လှန်ရေးသမိုင်းဝင်ကား များ ရိုက်ချိန်တန်’ ဆိုတဲ့ ဆောင်းပါး ကလေးတွေပါပဲ။

ဒီနေရာမှာ ဒီဆောင်းပါးလေးတွေ ရေးဖြစ်ဖို့ ကျွန်တော့်ကို အထူးအကူ အညီပေးခဲ့သူရဲ့ကျေးဇူးတရားကို လည်း မှတ်မှတ်ထင်ထင် ရေးချင်ပါ ရဲ့။ ကျေးဇူးတရားဆိုချင်သူကတော့ ဟံသာဝတီ ဦးဝင်းတင်ပါပဲ။ ဒီနေရာ မှာ ဒီလိုပဲထုတ်ဖော် တင်ပြလိုက်ပါ တယ်။ တကယ်ပဲ ဦးဝင်းတင်ကြောင့် အဲဒီဆောင်းပါးလေး ရေးဖြစ်တာပါပဲ။ ကျွန်တော်က မြန်မာ့သတင်းစာ သမိုင်းဆိုင်ရာ ဆောင်းပါးလေးတွေ ရေးလေ့ရှိသူမို့ သူကကျွန်တော့်ကို အခုကနေ ပြန်တွက်ရင် နှစ်ပေါင်း ၁၁၆နှစ် ရှိပြီဖြစ်တဲ့ ၁၉ဝ၁ ခုနှစ်ထုတ် ဟံသာဝတီသတင်းစာအုပ်တွဲကြီး ပေး ဖတ်ပါတယ်။ လေ့လေ့လာလာဖတ် ရင်း ၁၉ဝ၁ခုနှစ်က သတင်းတစ်ပုဒ်ကို တွေ့ရတယ်။ အဲဒီသတင်းက ဗမာ ပြည်ကို ရုပ်ရှင်ရောက်လာတဲ့ သတင်း ဖြစ်တယ်။ သဲလွန်စ တစ်ခုဖြစ်နေရဲ့။ ဒါ ကြောင့် ‘ ဗမာပြည်ကို ရုပ်ရှင်ဘယ် တုန်းက စရောက်သလဲ’ဆိုတဲ့ ဆောင်း ပါးရေးဖြစ်သွားပါတယ်။

အဲဒီသတင်းကို ၁၉ဝ၁ ခုနှစ်ထုတ် ဟံသာဝတီက ပေးတဲ့အခါ ‘အလွန် ထူးဆန်းသော ဓာတ်မီးနှင့် အရိပ်ပြပွဲ’ တဲ့၊ ရုပ်ရှင်ကိုပြောတာ။ ပြီးတော့ ‘ပကတိလူဖြစ်သည်ဟု ထင်မှတ် လောက်အောင် အမူအရာသွားလာ ဟန်မှစ၍ ပီသထင်ရှားသောကြောင့် အလွန်အံ့ဖွယ်ကောင်းကြောင်း’လို့ သတင်းပေး ဖော်ပြတယ်။

ကျန်ခဲ့တဲ့ နှစ် ၅ဝ လောက်က ကျွန်တော် ဟံသာဝတီမှာရေးတဲ့ ‘ဗမာရုပ်ရှင် ဘယ်သို့ခြားနားပြီလဲ’ ဆောင်းပါးမှာတော့

ဗမာ့ရုပ်ရှင် ဘယ်သို့ခြား နားပြီလဲ

လွန်ခဲ့သည့် ၁၉၈၂ ခုနှစ်က အိန္ဒိယနှင့် ဗမာ့ရုပ်ရှင်လုပ်ငန်း အခြေအနေကိုသိရှိဖို့ ရုပ်ရှင်စုံ စမ်းရေး ကော်မတီ တစ်ဖွဲ့ဖွဲ့ပြီး စုံစမ်း စေခဲ့သည်။ ထိုအခါက အိန္ဒိယနှင့် ဗမာပြည် မခွဲခွာသေး။ ဗမာပြည်ကို အိန္ဒိယ၏ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားဆဲ ဖြစ်သည်။ ဗြိတိသျှ အစိုးရက ဖွဲ့သည့် ထိုကော်မတီတွင် မစ္စတာအေအမ်ဂရမ်း၊ ကာနယ် ဂျေ ဒီကရောဖေါ့၊ မစ္စတာဂျေးကိုးမင်း စ သည့် ပုဂ္ဂိုလ်များ ပါဝင်ကြသည်။

ထိုကော်မတီက ၁၉၂၈ ခု သြဂုတ် လထဲတွင် စုံစမ်းပြီး အစိုးရထံ အစီရင်ခံစာ တင်သွင်းသည်။ အစီ ရင်ခံစာကို သြဂုတ်လထဲမှာပင် ထုတ် ပြန်သည်။ ရုပ်ရှင်စုံစမ်းရေး ကော်မတီက ဗမာ့ရုပ်ရှင် ဇာတ်ကားများနှင့် ပတ်သက်၍

” ဗမာ့ဇာတ်ကားများမှာ ရှည်လျား သည့်အပြင် ဇာတ်လမ်း သရုပ်ဖော်မှု မှာလည်း ရှည်လျားသည်။ ဤသို့ ဇာတ်ကားရှည် ရိုက်ရခြင်းမှာ ဗမာ များအကြိုက် ရိုက်ထုတ်ရခြင်း ဖြစ် ပေသည်”ဟူ၍ အစီ ရင်ခံလေသည်။

ရုပ်ရှင်ဇာတ်လိုက် မင်းသား၊မင်း သမီးများနှင့် ပတ်သက်၍ ” ရုပ်ရှင် လုပ်ငန်း၊တွင်ကျယ်ကောင်းမွန်စေ ရန်ပထမအချက်မှာ ဇာတ်လိုက် မင်း သား မင်းသမီးကောင်းများရရှိ ဖို့ဖြစ် သည်။ ဇာတ်ခုံပေါ်တွင် ကပြခြင်းနှင့် ရုပ်ရှင်အတွက် ကပြ ခြင်းမှာ ခြားနား လေသည်။ ရုပ်ရှင်အတွက် သရုပ် ဆောင်ရန် ပညာသင်ကြားဖို့ ကျောင်း များတည်ထောင်ခြင်း မရှိသေးချေ။ အိန္ဒိယနှင့် ဗမာပြည်ရှိ ရုပ်ရှင်ဇာတ် လိုက်များမှာ အနောက်နိုင်ငံများရှိ နာမည်ကျော် ဇာတ်လိုက်များ တကယ် သရုပ်ဆောင်နေစဉ်ကို လည်း မြင်ဖူး သူများမဟုတ်ကြသဖြင့် ထိုအနောက် နိုင်ငံ ဇာတ်လိုက်များကဲ့သို့ ကောင်း နိုင်မည်မဟုတ်ပေ။ သို့သော်လည်း တချို့သောဇာတ်လိုက်များမှာ တော်ပေသည်ဟု ဆိုရမည်။

“ယခုအခါ ရုပ်ရှင်များတွင် ဝင် ရောက် သရုပ်ဆောင်သူ ရုပ်ရှင် မင်းသမီးများမှာ လူကုံထံများထဲမှ မဟုတ်သည့်အတွက် ထိုအချက်မှာ ဝမ်းနည်းစရာအချက် ဖြစ်လေသည်။ အချိန်ကာလအပြင် ပညာတိုးတက် လာသည့်အလိုက် ရှေ့တွင် လူကုံထံ သမီးများ ဝင်ရောက်လာလိမ့်မည်ဟု မျှော်လင့်ရန် ရှိပေသည်။ ဤသို့ မျှော်လင့်ရသည့် အကြောင်းကား ရုပ်ရှင်ရိုက်ရာတွင် အမျိုးသမီးနှင့် အမျိုးသား အရောတဝင် မများစေဖို့ နှင့် စည်းကမ်းကောင်းကောင်း ထားရှိခြင်းပင် ဖြစ်လေသည်” ဟူ၍ အစီရင်ခံသည်။

ထို့ပြင် “ရုပ်ရှင် ဇာတ်လိုက် မင်းသားမင်းသမီး ကောင်းများ ပေါ်ထွက်လာရေး အတွက် ၄င်းတို့၏ အခြေအနေကို တိုးမြှင့်ပေးဖို့ လိုသည်။ သို့သော်လည်း အိန္ဒိယပြည်နှင့်တကွ ဗမာပြည်ရှိ ရုပ်ရှင်ကုမ္ပဏီများ တည်ထောင်လုပ် ကိုင်သည်မှာ မကြာသေး၍ မကြီး ပွားသေးမီ ရုပ်ရှင်ဇာတ်လိုက်များ အခြေနေကို တိုးမြှင့်သင့် သလောက် တိုးမြှင့်ပေးရန်မတတ်နိုင်သေးဟု ထင်မြင်ရန်အကြောင်း ရှိသည်။ သို့ဖြစ်၍ ရုပ်ရှင်ကော်မတီက ငွေအရင်းအနှီး စိုက်ထုတ်ပေးပြီး ထောက်ပံ့သင့်သော ရုပ်ရှင်လုပ်ငန်း ရှင် များကို ငွေကြေးထုတ်ချေးခြင်းဖြင့် အားပေးကူညီသင့်သည်”ဟုလည်း အကြံပေးထားလေသည်။

အထက်တွင် ဖော်ပြခဲ့သည့် ရုပ်ရှင်ကော်မတီ ဆိုသည်မှာ စုံစမ်း ရေးကော်မတီက ရုပ်ရှင်ကော်မတီဖွဲ့ ရန် အကြံပေးထားသည့် ကော်မတီ သာဖြစ်သည်။ စုံစမ်းရေးကော်မတီက ….

“ရုပ်ရှင်လုပ်ငန်းဆိုင်ရာ ဌာနတစ်ခု တည်ထောင်သင့်သည်။ အဆိုပါ ရုပ်ရှင်ဌာနတွင် အတိုင်ပင်ခံကော် မတီတစ်ခုပါရမည်။ ထိုကော်မတီတွင် ရုပ်ရှင်လုပ်ငန်း ကျွမ်းကျင်သော ပုဂ္ဂိုလ်များ ပါဝင်သည့် ရုပ်ရှင်ဗျူရို တစ်ဖွဲ့လည်း ပါရမည်။ ထိုဗျူရိုက ကမ္ဘာ့ရုပ်ရှင်လုပ်ငန်း အခြေအနေ၊ အရောင်းအဝယ် အခြေအနေတို့ကို စုံစမ်းပြီး အတိုင်ပင်ခံ ကော်မတီသို့ အစီရင်ခံရမည်။ အတိုင်ပင်ခံကော် မတီက တစ်ဖန် ရုပ်ရှင်ဌာနသို့ တင်ပြ ပြီး အကြံပေးမှုများ ပြုရမည်++ ဟူ၍ အစီရင်ခံစာတွင် အကြံပေးထား လေသည်။

ရုပ်ရှင်ရုံများနှင့် ပတ်သက်၍ “ရုပ်ရှင်လုပ်ငန်းရှင်များမှာ ရုပ်ရှင်ရုံ များကို အဖိုးအခကြီးစွာ ငှားရမ်းပြ သရသဖြင့် အကျိုးကျေးဇူး နစ်နာနေ သည်” ဟူ၍ အစီရင်ခံပြီး ရုပ်ရှင်ကား များအပေါ် စည်းကြပ် ကောက်ခံနေ သော အခွန်ကို ဖျက်သိမ်းရန် ရုပ်ရှင် စုံစမ်းရေး ကော်မတီက အကြံပေး လေသည်။

ထိုအချိန်က ဗမာ့ရုပ်ရှင်လုပ်ငန်း နှင့် ပတ်သက်၍ ဝေဖန်အကြံပေးမှုများ များစွာပေါ်လာသည်။ အထူးသ ဖြင့် တစ်ညီတည်းလိုဝေဖန်ကြ ရာတွင် “ယခုအခါ ပြည်သူလူအများ က ရုပ်ရှင်ဇာတ်လိုက်များအပေါ်တွင် ဇာတ်သဘင်များကဲ့သို့ အထင် မြင် သေးလျက်ပင်ရှိနေရာ ရုပ်ရှင်လုပ်ငန်း ရှင်များ ရုပ်ရှင်ဇာတ်လိုက်များ၏ အခြေအနေကို တစ်နည်းနည်းနှင့် တိုးမြှင့်ပေးဖို့အချိန် ရောက်လာပေ သည်။ ၄င်းပြင် ဗမာ့ရုပ်ရှင် ကုမ္ပဏီများ ရိုက်ကူး ပြသနေကြသော ရုပ်ရှင်ကားများမှာ အများအားဖြင့် ပြုပြင်ပေးဖို့ များစွာလိုနေသေးသည်။ တချို့ ကုမ္ပဏီများသည် ဇာတ်လမ်းကို အနောက်နိုင်ငံများက ပြသသော ရုပ်ရှင်ဇာတ်လမ်းမှ အတုယူ၍ ရိုက် ကူးပြသသည့်ပြင် ဇာတ်လိုက်များ ဝတ်ဆင်ပုံမှာလည်းကောင်း၊ အခမ်း အနား အစီအစဉ်မှာလည်းကောင်း၊ ဗမာမကျဘာမကျ ရှေ့နောက်မညီ ဖြစ်နေ၍ အများက ပြစ်တင်ပြော ဆိုနေကြသည်မှာ အထင်အရှား ပင်ဖြစ်ပေသည်။ သို့ဖြစ်၍ မိမိတို့ ထိုးထွင်းဥာဏ်ဖြင့် ဇာတ်လမ်းများ စီစဉ်ခင်းကျင်းပြီး ဗမာပီပီ အခမ်း အနားနှင့် ဗမာပီပီ ဝတ်စားဆင်ယင်၍ ပြသဖို့ရန် ကြိုးစားအားထုတ်သင့် ကြသည်” ဟူ၍ ဖြစ်လေသည်။

ဤအထိ တင်ပြခဲ့သည်မှာ ဗမာ့ ရုပ်ရှင်လုပ်ငန်း စတင် လုပ်ကိုင်စမှ ၈ နှစ်ခန့်အထိ ရုပ်ရှင်လုပ်ငန်း အခြေအနေ အစီရင်ခံစာနှင့် ဗမာ့ ရုပ်ရှင်လုပ်ငန်းအပေါ် ဝေဖန်သုံး သပ် ချက်များ ဖြစ်လေသည်။
ထိုအချိန်မှာသည် ယခုအချိန်ထိ ဗမာ့ရုပ်ရှင်လုပ်ငန်း မည်သို့ခြား နားပြီနည်း၊ မည်မျှတိုးတက်လာ ပြီနည်း။

မောင်သစ်လွင်(လူထု)
(ဟံသာဝတီ သတင်းစာ၊ ၆-၃-၁၉၇ဝ)

၁၉၂၈ ခုနှစ်မှာ ဗြိတိသျှအစိုးရ က ရုပ်ရှင်စုံစမ်းရေးကော်မတီ တစ် ခုဖွဲ့ပြီး ဗမာ့ရုပ်ရှင်အကြောင်း တင်ပြ တဲ့ အစီရင်ခံစာနဲ့ ပတ်သက်တဲ့ အကြောင်းအရာဖြစ်တယ်။ အဲဒီ အချိန်အခါက အိန္ဒိယပြည်နဲ့ဗမာ ပြည်ကို ဗြိတိသျှအစိုးရက ခွဲခြား မအုပ်ချုပ်သေးဘူး။ ဗမာပြည်ကို အိန္ဒိယရဲ့ ပြည်နယ်တစ်ခု အနေနဲ့ပဲ ထားသေးတယ်။ထားပါတော့။ ရုပ် ရှင်စုံစမ်းရေးကော်မတီရဲ့ အစီရင်ခံ စာမှာတော့ “ဗမာဇာတ် ကားများမှာ ရှည်လျားသည့်ပြင် ဇာတ်လမ်းသရုပ် ဖော်မှုမှာလည်း ရှည်လျားသည်။ ဇာတ်လိုက်များ ဝတ်ဆင်ပုံမှာ ဗမာမကျ၊ ဘာမကျ ရှေ့နောက်မညီ ဖြစ်နေ၍…ဗမာပီပီ ဝတ်စားဆင် ယင်ပြသဖို့ရန် ကြိုးစား အားထုတ်သင့် ကြသည်…”စသဖြင့် အစီရင်ခံ တင်ပြတာကို တွေ့ရသည်။
ကျွန်တော်ရေးတဲ့ ဆောင်းပါး တစ်ပုဒ်မှာတော့ “ဗမာ့ရုပ်ရှင် သက်တမ်း နှစ်၅ဝပြည့်ခဲ့ပြီ။ ရွှေရတု သဘင်ဆင်နွှဲနေကြပြီ။… ဗမာ့ရုပ် ရှင်သမိုင်းကို ပြန်လည် ဆန်းစစ်တဲ့ အခါ လိုနေသေးတာ တစ်ခုတွေ့ရ တယ်။ အဲဒါက ဘာလဲဆိုတော့ ဗမာ့ ရုပ်ရှင်နှစ်၅ဝကာလမှာ ဗမာ့တော် လှန်ရေး သမိုင်းဝင် ရုပ်ရှင်ကားတွေ အခုထိ မထုတ်နိုင်သေးတဲ့အချက်ပဲ” စသဖြင့် ရေးတာတွေ့ရပါတယ်။
အခုထိတင်ပြတာကတော့ လွန် ခဲ့တဲ့နှစ် ၅ဝလောက်က ရေးခဲ့တာ လေးတွေ သတိရလို့ ဆက်နွှယ်ရာ အကြောင်းလေးတွေပါ။ ဗမာ့ရုပ်ရှင် နှစ်၁ဝဝ ပြည့်တော့မယ်။ တိုးတက် ပါစေ ဆန္ဒပြုပါတယ်။

မောင်သစ်လွင်(လူထု)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*