အိမ်ရှေ့ရောက်လာတဲ့ အဘွားအို

အိမ်ရှေ့ရောက်လာတဲ့ အဘွားအို
July 13, 2017 Asian Fame
အိမ်ရှေ့ရောက်လာတဲ့ အဘွားအို

NayMyoဒီနေ့ဥပုသ်နေ့။ ကျုပ်ဥပုသ်ကျောင်း ကပြန်လာတော့ ကျုပ်အိမ်ရှေ့မှာ အဘွားအို တစ်ယောက် ရောက် နေတယ်။ အဘွားအိုက ကျုပ်တို့ အိမ်ရှေ့လှေကား ခုံပေါ်မှာ ထိုင်လျက် ဖြည်းဖြည်းချင်း ရွှေ့နေတယ်။ အဘွားအိုက ဒူးခေါင်း နှစ်လုံးကို ထောင်လို့၊ လက်တစ် ဖက်က မြေကြီးကို ထိလို့၊ လက်တစ်ဖက်က တောင်ဝှေး ကိုကိုင်လို့၊ သူ့ကိုယ်ခန္ဓာကိုရွေ့အောင် အဘွားအိုဟာ ကြိုးစားနေတယ်။ သူ့ခန္ဓာကိုယ် က သူဖြစ်ချင်သလို မဖြစ်ဘူး။ အဘွားအိုက လဲကျတော့မလို ဖြစ်သွားတယ်။ အဲဒီအချိန် အဘွားအို လက်ထဲက တောင်ဝှေး ဟာ ဆတ် ကနဲတောင့်တင်း သွားပြီး အဘွားအိုကို ဆွဲထူမတ်လိုက် သလိုပါပဲ။ အဘွားအိုဟာ လက်ထဲကတောင်ဝှေးကို မြဲမြဲ ဆုပ်ကိုင်ရင်း သူ့ခန္ဓာကိုယ်ကို ပြန်မတ် လိုက်တယ်။ အဲဒီ အချိန်မှာ ကျုပ်ရဲ့ထမင်းချက်ဟာ ကျုပ်ဆီကို ရောက်လာပြီး ဒီလိုပြော တယ်။ အိမ်ရှေ့မှာ အဘွားအို တစ်ယောက် ရောက်နေပါတယ်။ ထမင်းချက်ဟာ သူ့စကားကို ဒီမှာ ရပ်လိုက်တယ်။ ပြီးတော့ ငြိမ်သက်နေတယ်။ ကျုပ်က ထမင်းချက်ရဲ့စကားကို နားထောင်ပြီး အိမ်ရှေ့ကို လှမ်းကြည့် လိုက်မိတော့တယ်။ အတော်ကြီး အိုမင်းနေတဲ့ အဘွားအိုတစ်ယောက် ကို တွေ့လိုက်ရတယ်။ အဲဒီအချိန် မှာ အဘွားအိုက နာမည်တစ်ခုကို ရေရွတ်ပြီး အော် ခေါ်လိုက်တာပါ။ အဘွားအိုရဲ့ အသံဟာ ချည့်နဲ့ပေမယ့် ကျုပ်ကောင်းကောင်း ကြားရရဲ့။ ကျူပ်အမေရဲ့အမည်ကို ရွေရွတ် အော်ခေါ်လိုက်တာပါ။

ကျုပ်ခန္ဓာ ကိုယ်ထဲကို ဝင် ရောက်လာတဲ့ အော်ခေါ်သံပါ။ ကျုပ် ဟာထမင်းချက် ကို သူ့နေရာသူ ပြန်သွားဖို့ လက်ဝှေ့ယမ်းပြ လိုက်ပြီး အိမ်ရှေ့ရောက်လာတဲ့ အဘွားအို ရှိရာဆီ ထွက်လာလိုက်တယ်။ အိမ် ရှေ့ရောက်လာတဲ့ အဘွားအိုဟာ လက်တစ်ဖက်က မြေ ကြီးကို ကိုင်ထားတုန်းပဲ။ လက်တစ်ဖက်က တောင်ဝှေးကို ဆုပ်ထားတုန်းပဲ။ လူတစ်ယောက် သူ့အနီးရောက်လာ တာကို သတိပြုမိပုံရတဲ့ အဘွားအိုဟာ ဦးခေါင်းကို နည်းနည်းမော့ပြီး တစ်ကိုယ်တည်း ဒီလိုပြောတယ်။  သြော် … စိန်တင်က သေသွားပြီပဲ၊ ငါမေ့လို့၊  စိန်တင် မရှိတော့ဘူးတဲ့။ အဘွား အို ပြောတဲ့ စိန်တင် ဆိုတာ ကျုပ်အမေပါ။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က ကွယ်လွန် သွားခဲ့တဲ့ ကျုပ်အမေပါ။ အိမ်ရှေ့ရောက်လာတဲ့ အဘွားအိုဟာ သူ့ဘာသာ တစ်ကိုယ်တည်း ရေရွတ်ရင်း ငြိမ်သက်သွားပြန်တယ်။

အိမ်ရှေ့ရောက်လာတဲ့ အဘွားအိုဟာ သေ ဆုံးသွားတဲ့ ကျုပ်အမေကို ဘာ ကြောင့်များ လှမ်းခေါ်လိုက်တာပါ လိမ့်။ ကျုပ်အမေကို ဘာများ ပြောစရာရှိလို့ပါလိမ့်။ ဟိုတုန်း ကတော့ ကျုပ်အမေဟာ သူ့ ကိုအိမ်မှာရှိတဲ့ စားစရာ တစ် ခုခု ထုတ်ကျွေးတတ်တယ်။ တစ်ခါတလေ ကျုပ်အမေက သူ့ကို ငွေစကြေးစနည်းနည်း ထုတ်ပေးတတ်တယ်။ ကျုပ် ကသူ့ ကိုကြည့်နေတုန်းမှာ အဘွားအို က တောင်ဝှေးကို အားပြု၊ လက်တစ်ဖက်က မြေ ကြီးကို ထောက်ပြီး ကုန်းထ လာတယ်။ အဘွားအိုဟာ ကျုပ် အိမ်ရှေ့မှာ တုန်ချည့်ချည့် ရပ်လို့။ ငါကဒီနေ့ ဘာနေ့လဲလို့ စိန်တင်ကိုမေးမလို့။ စိန်တင် ကမရှိ တော့ဘူး။ အဘွား အိုဟာ သူ့ဘာသာတစ်ကိုယ် တည်း ရေ ရွတ်ရင်း ခြေ လှမ်းတစ်လှမ်း စလှမ်း တယ်။ တောင်ဝှေးကို “တောက်” ကနဲမြည် အောင် ထောက်တယ်။ တုန်ချည့် ချည့်ခြေလှမ်းကို စလှမ်းရင်း အဘွားအိုက ကျုပ်ကိုတစ်ချက် လှမ်း ကြည့်တယ်။ ဒါပေမဲ့ ခုတစ်ခါမှာ အဘွား အိုဟာ ကျုပ်ကိုမြင်တွေ့ ဟန်လည်း မရှိသလိုဘဲ။ နေပါဦး စိန်တင်က ဘယ်သွားနေပါလိမ့်။ အဘွားအိုဟာ အဲဒီ လိုတီးတိုးရေရွတ်ရင်း ကျုပ် အိမ်ရှေ့ကနေ တုန် ချည့်ချည့် ထွက် ခွာသွားလေရဲ့။ လမ်းမကြီးပေါ်မှာတော့ မော်တော်ကားတွေ၊ ဆိုင်ကယ် တွေအရှိန်အဟုန်နဲ့ ဖြတ် မောင်းသွားနေတယ် တဝေါဝေါ တဝူးဝူး။

နေမျိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*