လမ်းစဉ်ပါတီ အစိုးရခေတ်မှာ -၃

လမ်းစဉ်ပါတီ အစိုးရခေတ်မှာ -၃
July 13, 2017 Leanne Win
လမ်းစဉ်ပါတီ အစိုးရခေတ်မှာ -၃

article1

၁၉၇၇ခုနှစ်၊ သြဂုတ် လမှာ ကျွန်တော်ပညာ ရေးတက္ကသိုလ်မှ ပုသိမ်ကောလိပ်သို့ ပြောင်းရသည်။ ဇနီးက ရန်ကုန်တိုင်း ဒေသကောလိပ် အမှတ် (၁) (ဗိုလ် တထောင်)မှာ အလုပ်ရသဖြင့် ပုသိမ် သို့ မလိုက်နိုင်ပါ။ ညီအစ်မလို ခင်မင် နေသော သူငယ်ချင်းက အိမ်မှာ လာနေပေးသည့်အတွက် အဖော်ရ သွားသည်။ ကျွန်တော်လည်း စိတ် အေးသွားသည်။ ဇနီးက နောက် တစ်နှစ်မှာ ရန်ကုန်တိုင်းဒေသ ကောလိပ်အမှတ် (၃) (ကြည့်မြင်တိုင်)သို့ ပြောင်းပြီး နှစ်အတော်ကြာ ထို ကောလိပ်မှာ တာဝန်ကျသည်။ ကျွန်တော်က ဧရာဝတီတိုင်းဒေသ ကောလိပ်အမှတ်(၁) (ပုသိမ်)မှာ နိုင်ငံရေး သိပ္ပံတွဲဖက်သင်ရသည်။ ကျွန်တော်တို့နှစ်ယောက်စလုံးမှာ ဒေသကောလိပ် အတွေ့အကြုံများ ရှိသည့်အတွက် ထိုအတွေ့အကြုံ များကို ပြန်စဉ်းစားပြီး ပြောခြင်းဖြစ် ပါသည်။

ကျွန်တော်ကပုသိမ်မှာ ၁၉၈ဝ ပြည့်နှစ်အကုန်အထိ တာဝန်ကျ သည်။ ၁၉၈၁ခု နှစ်ဆန်းမှာ ရန်ကုန် တက္ကသိုလ်သို့ ပြန်ပြောင်းရသည်။ ပုသိမ်မှာနေရသည့် ၃နှစ်ကျော် အတွင်း အတွေ့အကြုံများကို ပြန် စဉ်းစားကြည့်တော့ ‘ပါတီကောင်စီ’ နှင့် ထိတွေ့ရသည့် အတွေ့အကြုံ များကို သတိရလာသည်။

ပုသိမ်အနောက်မြို့နယ်ပါတီ ယူနစ်နှင့် စာပေကိစ္စများမှာ ထိတွေ့ ဆက်ဆံရသည်။ ပါတီယူနစ် ဥက္ကဋ္ဌ ဦးချစ်စိန်၊ အတွင်းရေးမှူး ဦးမျိုးဝင်း တို့နှင့် သိကျွမ်းခင်မင်ရသည်။ စာပေ လုပ်သားအဖွဲ့မှာ ပါဝင်ဆောင်ရွက် ပေးရသည်။ အထူးသဖြင့် စာဆို တော်နေ့ အခမ်းအနားကျင်းပသည့် အခါ စာဆိုတော်များ၏ ဂုဏ်ကို ဖော်ထုတ်ဟောပြောသည့် အစီအစဉ် ပါသည်။ ထိုအစီအစဉ်အတွက် ကျွန်တော်ဟောပြောပေးရသည်။ စာပေဟောပြောပွဲမှာ ပါဝင်ဟော ပြောပေးရသည်လည်းရှိသည်။

ဧရာဝတီတိုင်းဒေသပါတီနှင့် ထိတွေ့ရသော ကိစ္စတစ်ခုကတော့ တော်တော်ကျောချမ်းစရာ ကောင်း သည်။ ပုသိမ်ကောလိပ်က စာပေဝါ သနာရှင်ကျောင်းသားများ နံရံကပ် စာစောင်ထုတ်လျှင် ကျွန်တော်က စိစစ်ပေးဖို့ ကျောင်းအုပ်ကြီးက ကျွန်တော့်ကို တာဝန်ပေးထားသည့် အတွက် စိစစ်ရသည်။ (ထိုစဉ်က နံရံကပ် စာစောင်များကို တက်တက် ကြွ ကြွလုပ်ပေးသော သတ္တဗေဒ ကျောင်းသားကိုမျိုးသန့်မှာ နောက် တော့ ဗိုလ်မှူးမျိုးသန့်ဖြစ်လာပြီး ‘မောင်မိုးယံ’ကလောင်အမည်ဖြင့် စာပေများ ရေးသားပြီး စာပေဆုများ ရသော စာရေးဆရာဖြစ်လာပါ သည်။)

တစ်နှစ်မှာတော့ နံရံကပ် စာ စောင်ကပ်ပြီး မကြာမီမှာ ပုသိမ် ကောလိပ်ကျောင်းအုပ်ကြီးထံသို့ ဧရာဝတီတိုင်းဒေသပါတီမှ စာတစ် စောင်ရောက်လာသည်။ ပညာရေး ကိစ္စတာဝန်ယူဆောင်ရွက်နေသော ဒေသပါတီကော်မတီဝင်က လက် မှတ်ထိုးထားသည်။ နံရံကပ် စာ စောင်မှ ကဗျာတစ်ပုဒ်တွင် ငြိစွန်း စရာပါသည့်အတွက် ‘မည်သူ့တွင် တာဝန်ရှိကြောင်း’ မေးမြန်းသည့်စာ ဖြစ်သည်။ ကျွန်တော်က နံရံကပ် စာစောင်ကို စိစစ်ရသည့်အတွက် တာဝန်ရှိသူဖြစ်နေသည်။ သူတို့မေး သည့်ကဗျာကို ပြန်ကြည့်တော့ သူတို့ အမြင်နှင့် သူတို့အဓိပ္ပာယ်ကောက် ထားကြောင်း တွေ့ရသည်။ အဓိပ္ပာယ်ကောက်သူကိုတော့ ဘယ် သူမှန်းမသိပါ။ ထိုသူက ထိုသို့ အဓိပ္ပာယ်ကောက်ပြီး ဒေသပါတီ ကော်မတီသို့ တင်ပြခြင်းလည်း ဖြစ် နိုင်ပါသည်။ ကျောင်းအုပ်ကြီးမှာ လည်း စိတ်အနှောင့်အယှက်ဖြစ် သွားသည်။ ‘ဘယ်သူတွေက အကျယ် ချဲ့တယ်မသိပါဘူးဗျာ’ဟု ပြောပြီး ‘ခင်ဗျားဒီကဗျာကို အဓိပ္ပာယ်ရှင်းပြ တဲ့စာ ရေးပေးပေါ့။ ကျွန်တော် တရားဝင် စာပြန်လိုက်ပါ့မယ်’ဟု ပြောသည်။ ကျွန်တော်ကထိုကဗျာမှာ အငြိအစွန်းရှိသည့်အချက်အလက် မပါဝင်ကြောင်း၊ လိုရာဆွဲပြီး အဓိပ္ပာယ်ကောက်ခြင်းဖြစ်ကြောင်း ရှင်းပြပြီး ကဗျာကိုစကားပြေ ပြန်ပေးလိုက်ပါသည်။ နောက်တော့ ဘာမှမကြားရတော့ပါ။

(အကြောင်းတိုက်ဆိုင်သည့် အတွက် ဆင်တူဖြစ်ရပ်ကလေးတစ်ခု ဖော်ပြလိုပါသည်။ ၁၉၈ဝ ပြည့်နှစ် ကျော်ကာလက ဝတ္ထုတစ်အုပ်တွင် ‘ဖန်မီးအိမ် နန်းချည်ကျွမ်းအောင်’ဟု ခေါင်းစဉ်တပ်ထားရာ စာပေစိစစ် ရေးအဖွဲ့မှ စိစစ်ရေးမှူးက ‘နန်းချည် ကျွမ်း’ဆိုသည့်စကားမှာ နန်းတော် ကို ထိုခိုက်သည့်စကား၊ အစိုးရကို ထိခိုက်သည့်စကားဖြစ်သည်ဟု အဓိပ္ပာယ်ကောက်ပြီး ဝတ္ထုခေါင်း စဉ်ကို ပြင်ခိုင်းသည်တဲ့။ စာရေးဆရာ က အကူအညီတောင်းရာမှ ထို ကိစ္စကျွန်တော့်ဆီ ရောက်လာသည်။ ကျွန်တော်က ‘ဖန်မီးအိမ် နန်းချည် ကျွမ်းအောင် ထွန်းကြိုလှည့်လေး’ ဆို သော ရှေးကဗျာအဖွဲ့တစ်ခုကို ယူထားခြင်းသာ ဖြစ်ကြောင်း၊ ‘နန်းချည်’မှာ ‘မီးစာကြိုးမျှင်’ကို ဆိုလို ကြောင်း၊ ချစ်သူပြန်အလာကို ဖန်မီး အိမ်မှ မီးစာကုန်သည်အထိ မီးထွန်း ညှိပြီး ကြိုဆိုပါ’ဟု ဆိုလိုခြင်းဖြစ် ကြောင်း ရှင်းပြလိုက်ရဖူးပါသည်။)

ဧရာဝတီတိုင်း ပြည်သူ့ကောင်စီ ဥက္ကဋ္ဌမှာ ဒုတိယဗိုလ်မှူးကြီး ဧခိုင် ဖြစ်သည်။ ပုသိမ်ကောလိပ်နှင့် ဆက်စပ်သည့်ပွဲများ၊ စာဆိုတော်နေ့ ပွဲများကို တက်ရောက်ချီးမြှင့်တတ် သည်။ လေးလေးစားစား၊ ပြေပြေ လည်လည် ပြောဆိုဆက်ဆံသည်။ ပုသိမ်အနောက်မြို့နယ် ပြည်သူ့ ကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးဘကြင်က လည်း စာပေသမားဖြစ်သည်။ ကျွန်တော်တို့ ကျောင်းအုပ်ဆရာကြီး နှင့် ခင်မင်သည်။ ကျောင်းမှာ ပြည် ထောင်စုနေ့ အခမ်းအနား ကျင်းပ လျှင် လာရောက်အားပေးသည်။ ကျွန်တော်က ပြည်ထောင်စုနေ့ အခမ်းအနားမှာ စာပေရေးရာများ ကို နှစ်စဉ်ဟောပြောသည်။ ဗိုလ်မှူး ဘကြင်က ဟောပြောပွဲ လာနား ထောင်ရင်း ကျွန်တော်နှင့်လည်း ခင်မင်သွားသည်။ ရန်ကုန် ပြန် ရောက်ပြီး နှစ်အတန်ကြာသည်အထိ စာပေပြောဟောပွဲ၊ စာတမ်းဖတ်ပွဲ များမှာ ဗိုလ်မှူးကို တွေ့ရသည့် အတွက် ဝမ်းသာနေပါသည်။

ကျွန်တော်ပုသိမ်ရောက်စက အနောက်တောင်တိုင်းစစ်ဌာနချည် တိုင်းမှူးမှာ ဗိုလ်မှူးကြီးထွန်းကြည် ဖြစ်သည်။ ရောက်စနှစ်က တပ်မတော် နေ့အခမ်းအနားမှာ မိန့်ခွန်းပြော သည့်အသံကို ပုသိမ်ကောလိပ်မှ လှမ်းပြီးကြားနေရသည်ကို မှတ်မိနေ သည်။ မကြာမီ တိုင်းမှူးအပြောင်း အလဲဖြစ်သည်။ နောက်တိုင်းမှူး တစ်ဦးမှာ နောင်တွင် ‘ဗိုလ်ချုပ်မှူး ကြီးစောမောင်’ဖြစ်လာသည့် ‘ဗိုလ် မှူးကြီးစောမောင်’ဖြစ်သည်။ တိုင်း မှူးက အနုပညာဝါသနာပါသည်။ ပုသိမ်ကောလိပ်က ကျောင်းသား များ တင်ဆက်သော ပြည်ထောင်စု နေ့ ပဒေသာကပွဲကို ကြည့်ရှုပြီး အနောက်တောင်တိုင်းစစ် ဌာနချုပ် မှာလည်း လာရောက် တင်ဆက်ရန် ဖိတ်ကြားသည့်အတွက် ကပွဲကို ကမကထ စလုပ်နေသော မြန်မာစာ ဌာနက ဆရာဦးထွန်းအေး ခေါင်း ဆောင်ပြီး တပျော်တပါး သွား ရောက်တင်ဆက်ရသည်ကိုလည်း မှတ်မိနေပါသည်။
၁၉၇၈ခုနှစ်မှာ ပြည်သူ့လွှတ် တော်သက်တမ်းတစ်ခု ပြောင်းသွား သည်။ ဒုတိယအကြိမ် ပြည်သူ့လွှတ် တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပသည်။ ထိုအချိန်တွင် နိုင်ငံတော်ဝန်ကြီးချုပ် မှာ ဦးမောင်မောင်ခဖြစ်နေပါပြီ။ ဦးစိန်ဝင်းက နိုင်ငံတော်ကောင်စီဝင် ဖြစ်သွားသည်ဟု ထင်ပါသည်။ ပညာရေးဝန်ကြီး ဒေါက်တာ ခင် မောင်ဝင်းက သံအမတ်ဖြစ်သွားပြီး ပညာရေးဝန်ကြီးဌာနကို ဦးရဲခေါင်က တွဲ ကိုင်ရသည်။ သတိထားမိသော အပြောင်းအလဲဖြစ်သည်။

ထိုကာလတွင် ‘အထိမခံ ကြွေ ပန်းကန်’ဇာတ်လမ်းတစ်ခုကိုလည်း စိတ်မကောင်းစရာ ကြားရ၊ ကြုံရ သည်။ ပုသိမ်ကောလိပ်မှ ဌာနမှူး ဆရာကြီးတစ်ယောက်က ‘တက္ကသိုလ် သုတေသနစာစောင်’ အတွက် ပညာ ရပ်ဆိုင်ရာ စာတမ်းတစ်စောင်ရေးပြီး ပို့သည်။ ထိုစာတမ်းတွင် မြေပုံများ ပါဝင်ရာ ထိုဌာနရှိပန်းချီဆရာက မြေပုံများ ဆွဲပေးရသည်။ မြေပုံ များ၏ အောက်တွင် အရပ်မျက်နှာ ကိုညွှန်းသော ပုံကလေးများ ထည့် ရမြဲဖြစ်ရာ ပန်းချီဆရာက ထိုပုံ များကိုစက်ဝိုင်းပုံ၊ လေးထောင့်ပုံ စသည့် အဆင်တန်ဆာများဖြင့် လှလှပပဆွဲပေးသည်။ ပုံတစ်ပုံတွင် လမ်းစဉ်ပါတီ၏ တံဆိပ်ပုံကလေး ထည့်ဆွဲလိုက်မိသည်။ ထိုသုတေသန စာစောင် ထွက်လာသောအခါ ပြဿနာတက်လေတော့သည်။ လမ်းစဉ်ပါတီတံဆိပ်ပုံ ကို ထည့်ဆွဲရ ကောင်းလားဟုဆိုပြီး ထိုပန်းချီ ဆရာကို အရေးယူသည်။ အလုပ် ထိခိုက်သွားသည့်အပြင် ပြစ်ဒဏ် ပင်ကျခံရသည်ဟု ကြားရသည်။ ထို အကြောင်းကို ကြားရသူများ စိတ် မကောင်းဖြစ်ကြသည်။ ဒေါသလည်း ထွက်ကြသည်။ တကယ်တော့ လမ်း စဉ်ပါတီတံဆိပ်ကို မတော်မလျော် သည့်နေရာတွင် နှိမ့်နှိမ့်ချချ အသုံး ပြုရခြင်းမဟုတ်ဘဲ ပညာရပ်ဆိုင်ရာ သုတေသနစာတမ်းတွင် အမွန် အမြတ် ဂုဏ်တင်အသုံးပြုခြင်းဖြစ် ကြောင်း သာမန်လူများပင် သိနိုင် ပါသည်။ သို့ဖြစ်ပါလျက် ထိုတံဆိပ်ကို သုံးရကောင်းလားဟူ၍ ‘အထိမခံ ကြွေပန်းကန်’စိတ်ဖြင့် ကဲကဲဆတ်ဖြစ် ရခြင်းကို နားမလည်နိုင်အောင် ဖြစ် ရပါသည်။ ထိုဖြစ်ရပ်ကြောင့် ထင် ပါ၏။ တက္ကသိုလ်သုတေသနစာ စောင်လည်း နောက်ထပ်ဆက်ပြီး ထွက်မလာတော့ပါ။

ကျွန်တော်ပုသိမ်မှ ရန်ကုန်သို့ ပြန်ပြောင်းရခါနီး ၁၉၈ဝပြည့်နှစ် တွင် အသစ်ပေါ်ပေါက်လာသော ဘွဲ့တစ်ခုအကြောင်းကိုလည်း သတိ ရပါသည်။ ‘နိုင်ငံ့ဂုဏ်ရည်ဘွဲ့’ ဖြစ် သည်။ ထိုဘွဲ့ချီးမြှင့်ရန် စီစဉ်ရသည့် အကြောင်းများကို နိုင်ငံတော် သမ္မတကြီးဦးနေဝင်းက အကျယ်တ ဝင့် မိန့်ခွန်းပြောကြားပြီး နိုင်ငံ့ဂုဏ် ရည်ဘွဲ့ ပြဋ္ဌာန်းသည့် အမိန့်ထွက် ပေါ်လာသည်။ ချီးမြှင့်ခံရသည့် ပုဂ္ဂိုလ်များထဲတွင် ‘ဗိုလ်မှူးချုပ် လဇွန်ထန်၊ ဗိုလ်မှူးချုပ်အောင်ကြီး၊ ဗိုလ်မှူးချုပ်မောင်မောင်’စသည့် တပ်မတော်အရာရှိဟောင်းများ ပါဝင်သည်ကို မှတ်မိနေပါသည်။

မှတ်မိနေသောကြောင်းတစ်ခု ရှိပါသေးသည်။ ပုသိမ်ကောလိပ်မှ စတုတ္ထနှစ်မြန်မာစာ အဓိကကျောင်း သားများ စာမေးပွဲဖြေပြီးနောက် နှုတ်မေးစာမေးပွဲ (viva voce) စစ်မေးသည့်အစီအစဉ်အရ ပြင်ပ စာစစ်အဖြစ် ဘာသာဗေဒပညာရှင်၊ စာရေးဆရာ၊ ဒါရိုက်တာ၊ ရုပ်ရှင် သရုပ်ဆောင် ဆရာဗိုလ်ဗကို ကြွ ရောက်စစ်မေးပေးခြင်းဖြစ်သည်။ ဆရာဗိုလ်ဗကိုသည် အမေရိကန် ပြည်ထောင်စု ယေးတက္ကသိုလ်မှ ဘာသာဗေဒပညာရပ်ဖြင့် မဟာဝိဇ္ဇာ ဘွဲ့ရခဲ့သော ပညာရှင်ဖြစ်သည့် အလျောက် မြန်မာစာဌာနများတွင် ဘာသာဗေဒဆိုင်ရာ ကိစ္စများကို ကူညီဆောင်ရွက်ပေးလျက် ရှိရာ ကျွန်တော်တို့၏ ပုသိမ်ကောလိပ်သို့ လည်း ကြွရောက်စစ်ဆေးပေးရန် ဖိတ်ခေါ်သည်ကို လက်ခံပြီး လာ ရောက်ခြင်းဖြစ်သည်။ ဆရာ၊ ဆရာမ များအတွက်ရော၊ ကျောင်းသူ၊ ကျောင်းသားများ အတွက်ပါ သိမှတ်စရာ ဗဟုသုတ ဖြစ်စရာ အတွေ့အကြုံများကိုလည်း ပြောပြသွားပါသည်။ ထိုစဉ်က သင်္ဘော လမ်းသာရှိသည့်အတွက် ပုသိမ်သို့ သင်္ဘောဖြင့် မနက်ဘက် ရောက်လာပြီး နှုတ်မေးစာမေးပွဲ စစ် မေးပြီးနောက် ညနေသင်္ဘောဖြင့် ရန်ကုန်သို့ ပြန်သွားပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*