အနုပညာ အသည်းနှစ်လုံး တစ်စုံ

အနုပညာ အသည်းနှစ်လုံး တစ်စုံ
July 12, 2017 Asian Fame
အနုပညာ အသည်းနှစ်လုံး တစ်စုံ

DaweMgBayDarသားကြီး၊ မင်း ၁ဝနှစ်ရှိ သွားပြီနော်။ ရင် ထဲမှာရှိနေပါတယ်ဆိုတာကို အရုပ် ရေးပြလို့ရရင် ရေးပြချင်ပါတယ် ကွာ။ ခွဲခွာသွားတာ ၁ဝနှစ်ဆိုတော့ မေ့သူ တွေလည်း မေ့ကုန်မှာပေါ့။ မေ့တတ် သူတွေက အစကတည်းက သံယော ဇဉ်မရှိလို့ပါ။

အစ်ကိုတော့ မင်းကိုလုံးဝ မေ့လို့မရပါဘူး။ ဘာလို့လဲ ဆိုတော့ ညီအစ်ကိုလို၊ သူငယ်ချင်းအရင်း အချာလို နေခဲ့လို့လေ။ အစ်ကိုနဲ့ သားကြီး နေ့နေ့ညည အနုပညာ အရေးတော်ပုံမှာ ရူးသွပ်မှုတွေ အစုံ၊ ဇွဲနပဲအစုံနဲ့ ကြီးမြတ်တဲ့ ဂုဏ်သိက္ခာ ကို ထူထောင်ခဲ့ကြတယ်နော်။

သားကြီး၊ မင်းက အစ်ကိုဝယ် ချင်တဲ့ ဝတ္ထုလည်း ဝယ်ထားပေး တယ်။ အစ်ကိုဝယ်ပေးထားတဲ့ ဝတ္ထု ကိုလည်း မင်းယူရိုက်တယ်။ ပြီးတော့ ရှိသေးတယ်။ ဇာတ်ဝင်တေး အတွက် ကုမ္ပဏီက သီချင်းဝယ်ပေးတာကို လောဘကြီးတဲ့ အစ်ကိုက နောက် တစ်ပုဒ် ထပ်ထည့်ချင်တယ် ဆိုရင် မင်းငွေစိုက်ပြီး ဝယ်ပေးတယ်နော်။ ကျွန်တော်တို့ နှစ်ယောက်က အလုပ် လောဘကြီး ကြတယ်။ မပေးဆပ်ဘဲ တန်ဖိုးတစ်ခုဖြစ်မလာဘူး။ ဒါကျွန် တော့်တို့ ညီအစ်ကို နှစ်ယောက်တူညီ တဲ့ လက်တစ်စုံပေါ့။ အနုပညာ အသည်းနှလုံး တစ်စုံဆိုရင် ပိုမှန်တာ ပေါ့။

သားကြီး ဘယ်အရိပ်ခိုခို၊ အစ်ကို မင်းအရိပ်မှာ ရှိနေတယ်နော်။ တစ်ခါတစ်ရံမှာ စိတ်ပျက်စရာ၊ ဆက်ဆံရေး အဆင်မပြေမှုတွေ သား ကြီးသယ်လာရင်၊ အလုပ်ထဲ ဆွဲမ ထည့်ဖို့ပဲ အစ်ကိုပြောခဲ့တယ်။ မင်း မှာလည်း ခံစားချက်တွေနဲ့ဆိုတာကို အစ်ကို ကိုယ်ချင်းစာပါတယ်။ ဒါပေမဲ့ အလုပ်ကအလုပ်ပဲ မဟုတ်လား။ ဝေဒနာကို မရှုစေချင်တာ အစ်ကို့ဆန္ဒ ဆိုတာ မင်းသိခဲ့၊ လက်ခံခဲ့တယ်နော်။

ဆရာမလွန်းထားထား၊ အစ်ကို၊ သားကြီး၊ နန္ဒာလှိုင်။ ပြီးတော့ လွန်း ထားထား၊ အစ်ကို၊ သားကြီး၊ အူဝဲ။ အဲဒီအတွဲတွေက RHYTHM အရမ်း ကျတယ်။ အပေးအယူ အရမ်းမျှကြ တာ။ တစ်ခါတစ်ခါ မခိုင်ကြီးတစ် ယောက် ပါဝင်လာတယ်။ အစ်ကိုတို့ အလုပ်လုပ်ရင် ဘာကိုမှ အလျှော့ မပေးဘူးနော်။ ရိုက်ရက်က ၁၂ရက် အနည်းဆုံး၊ တစ်ခါတလေ ၁၅ ရက်၊ အသေအလဲ လုပ်ကြတာ။ ဇာတ်ညွှန်း ဆို မြင့်ဦးဦးမြင့်နဲ့ ရွှေသဒ္ဒါ၊ ဒရာမာ ဇာတ်အိမ်ကြီးကြီးတွေ ချိုးကြတာ ပရိသတ်ရင်ထဲ ရောက်ခဲ့တယ်လေ။

ဇာတ်စားတဲ့နေရာမှာ ဦးကျော် နဲ့သားကြီးတို့ တူအရီး အစားဆုံးပေါ့။ တော်ရုံဇာတ်ဆရာလည်း မခံနိုင်ဘူး။ ဘာလုပ်လုပ် သေချာချင်လို့ ဆိုခဲ့ တယ်။ အသစ်ရမလား ဆိုပြီး ဇာတ် ဆရာအသစ် တစ်ယောက်နဲ့ လုပ် ကြည့်တယ်။ သားကြီးအစားကို မခံ နိုင်လို့ဆိုပြီး စရိုက်တဲ့နေ့ မှာပဲ ဇာတ်ဆရာ လစ်သွားတယ်။

အစ်ကိုကမင်းအထာကို သိလို့၊ ဇာတ်ကိုကြေညက်အောင် လုပ်၊ မင်းထက် ပိုလုပ်ပြနိုင်အောင်လုပ်လို့ တို့နှစ်ယောက် နှစ်အကြာကြီး ရင်ကြားစေ့နေခဲ့တာ မဟုတ်လား။ အစ်ကိုက မကြိုက်ဘူး၊ ပြန်ရိုက်မယ် ဆိုရင် မင်းလွယ်လွယ်နဲ့ လက်မခံပါ ဘူး။ ဘာကို မကြိုက်တာလဲ ဆိုတဲ့ မေးခွန်းတွေ တက်လာတယ်။ အစ်ကို က ပြောနိုင်၊ ထောက်ပြနိုင်မှ မင်း လက်ခံတာ။ အဲဒီလိုမှ မဟုတ်ရင် မင်းစကားလုံး အကြီးကြီးတွေနဲ့ ပစ်ပေါက်တော့မယ် ဆိုတာ အစ်ကို ကြိုသိထားတယ်။

ရိုက်ကွင်းပေါ် အစောဆုံး ၁ဝ နာရီ၊ နောက်အကျဆုံး ၁ဝနာရီခွဲ ရောက်တယ်။ ဇာတ်အရ မနက် ၈ နာရီရိုက် မှဖြစ်မယ်ဆိုလည်း သားကြီး အသင့်ပဲ။ မင်းဝီရိယအရမ်းကောင်း တယ်။

ကျွန်တော်သူ့ကို ပက်ပက်စက် စက် ခိုင်းခဲ့တယ်။ သူလည်း ပက်ပက် စက်စက် လုပ်ခဲ့တယ်။ ဘယ်လောက် ထိ ပက်စက်လဲ ဆိုရင် ဇာတ်ဝင် ခန်းတစ်ခန်းမှာပေါ့။ သူ့ဘဝ သူတောင်းစား နီးနီးဖြစ်ခဲ့တယ်။ အမေကို စော်ကားလို့ အပြစ်ပေးခံရ တာ။ သုံးရက်လောက် အစာငတ်ပြီး တစ်နေရာမှာ လဲကျသွားတယ်။ အနီးနားအိမ်က အမြင်မတော် လို့ဆို ပြီး (နန္ဒာလှိုင်)က ဟင်းပုံထားတဲ့ ထမင်းတစ်ပန်းကန် ကျွေးတော့ ရုတ် တရက် ဆွဲယူလိုက်ရာက ထမင်း ပန်းကန် မှောက်ကျသွားတယ်။ ကျွန်တော် ခကအ လို့ မအော်မီ သားကြီး က မြေကြီးပေါ်ကျနေတဲ့ ထမင်း၊ ဟင်း၊ သဲတွေရောနေတာကို ကောက် စားပစ်လိုက်တယ်။ အဲဒါဒွေးပဲ။

အမှန်ဆို ရုပ်ရှင်အရ ညာရ တော့မယ်။ ထမင်းပွဲ အသစ်ပြင်၊ camera angle ပြောင်းပြီး ကောက် စားတာကို ညာရိုက်ရမှာ။ ခုတော့ မြန်လိုက်တဲ့ သားကြီး ပက်ပက်စက် စက်ကို လုပ်ချလိုက်တယ်။ ပရိသတ် ကလည်း အဲဒီအခန်းပီပြင်တယ်ဆို ပြီး ချီးကျူး ကြတယ်။ ပြောမဆုံး တော့ဘူး။

အဲဒီဇာတ်ကားက “သွေးမျက် ရည်”။ အဲဒီဇာတ်ဝင်ခန်းအတွက် ကျွန်တော်သူ့ရဲ့ ရုပ်တုလုပ်ရတယ်။ မန္တလေးက ပန်းပုဆရာတွေ ဆီ အပ်တယ်။ အချိန်ယူ ပြင်ဆင်ရ တယ်။ သားကြီးခေါင်း လေးဘက် လေးတန် ဓာတ်ပုံရိုက်ပေးရတယ်။ ပန်းပုဆရာ သားကြီးမျက်နှာ “မို” ယူ တဲ့နေ့က သူအတော့်ကို သတ္တိကောင်း တာပါ။ သူ့မျက်နှာပလတ်စတာ မှုန့်တွေ အုံပြီး ပုံတူကူး၊  Image ယူရတယ်။ ၁မိနစ်ခွဲခန့် အသက် အောင့်ထားရတယ်။ ဘေးကကြည့် နေတဲ့ ကျွန်တော်တို့ ရင်တထိတ်ထိတ် နဲ့။ နောက်ဆုံး တစ်ကြိမ်တည်းနဲ့ အောင်မြင် သွားတယ်။ ကုန်ကျစရိတ် လည်း များတယ်။

ဇာတ်ကားတစ်ကား ရိုက်ပြီးဖို့ ဆိုတာ မလွယ်ဘူး။ အဲဒီဇာတ်ကား မှာ မြေမျိုတဲ့ အခန်းမှာလည်း သူ့ကိုယ်သူ မညှာဘူး။ ဇာတ်ဝင်သီ ချင်းတစ်ပုဒ်သွင်းဖို့၊ ကိုငှက်ကြီး (ထူး အိမ်သင်) သီချင်းသွင်းဖို့ တေးရေး ညီညီသွင် အတော်ပြောယူ ရတယ်။ အသံသွင်းတဲ့ ဂျူတီဖိုးကို မနည်းဘူး။

ဇာတ်ကား တစ်ကားလုံး ရိုက်ပြီး လို့ ပြီးသွားတော့ သားကြီး ကျွန်တော့် ဆီက ရုပ်တုကို အမှတ်တရ လိုချင် တယ်လို့ပြောလာတယ်။ သူ့အိမ်မှာ အမှတ်တရ ထားချင်လို့တဲ့။ ကျွန် တော့်ရင်ထဲ တစ်မျိုးကြီး ဖြစ်သွား တယ်။ မထားကောင်းဘူးလို့ ကျွန် တော် ထင်မိနေတယ်။ ကြိုတင် နိမိတ် မဖတ်စေချင်ဘူး။ ပြောမထွက်တာနဲ့ မပြောဘဲ ကျွန်တော် ပေးလိုက်တယ်။

သြော်… ထင်တဲ့အတိုင်းပါပဲ လား။ ခုတော့လည်း သားကြီးဆိုတဲ့ ဒွေး ပန်းပုရုပ်လေးပဲ ကျန်တော့တာ ပေါ့နော်။ မင်းအဲဒီလောက် အမြန် ကြီး ငါတို့နဲ့ခွဲခွာ သွားလိမ့်မယ်လို့ အစ်ကိုမထင်ခဲ့ဘူး။ ခုတော့ ၁ဝနှစ် တင်းတင်း ပြည့်သွားပြီနော်။ ဘုန်းကြီး ကျောင်းမှာ ထားခဲ့တဲ့ ရုပ်တုဆီ တစ်နှစ်တစ်ခါ ရောက်ပါသေးတယ်။

ဘယ်လိုပဲပြောပြော အစ်ကို မင်းကို အကြိမ်တိုင်း သတိရနေတာပါ။ မော်ဒန် လက်ဖက်ရည်ဆိုင်ရောက် တိုင်း တို့နှစ်ယောက် ထိုင်တဲ့ဆိုင် နောက်က ထင်းပုံနေရာလေး မြင်ပြီး ပိုလို့လွမ်းမိတာပေါ့လေ။

အစ်ကို ဒီခေတ် လူငယ်တွေကို သားကြီးအကြောင်း၊ ကြိုးစားအား ထုတ်ပုံ အမြဲပြောဖြစ်တယ်။ ရုပ်ရှင်၊ ဗီဒီယိုလောကထဲမှာ မင်းရဲ့ အနုပညာ ပုံရိပ်တွေ ခုထိရှိနေသေးတယ်။ ၁ဝ နှစ် မက အစ်ကို့ အသက်တည်သရွေ့မင်း ကိုမမေ့နိုင်ဘူး။ မေ့မှာမဟုတ် ဘူး။ မေ့လို့လည်းမရပါဘူးသားကြီးရာ။

အစ်ကို့နှလုံးသားထဲမှာ သား ကြီးပုံရိပ် ထာဝရရှိနေမှာပါ။

ဒါရိုက်တာ မောင်ဗေဒါ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*