လမ်းစဉ်ပါတီ အစိုးရခေတ်မှာ – ၂

လမ်းစဉ်ပါတီ အစိုးရခေတ်မှာ – ၂
July 6, 2017 Asian Fame
လမ်းစဉ်ပါတီ အစိုးရခေတ်မှာ – ၂

MgKhinMinဒေသကောလိပ် ပထမနှစ် သင်တန်းများတွင် နိုင်ငံ ရေးသိပ္ပံ (Political Science) သင် ရသည်။  P.S  ဟု အတိုကောက်ခေါ် သည်။ ၁၉၇၇ ခုနှစ်မေလမှာ ဒေသ ကောလိပ်တွေ စဖွင့်သော်လည်း သြဂုတ်လကျမှ  P.S  သင်ရသည်။ ကျွန်တော်တို့ သင်တန်း ဆင်းပြီး နောက် အစီအစဉ်တွေ လုပ်နေသော ကြောင့်ဖြစ်သည်။ ပညာရေး တက္ကသိုလ်၊ စီးပွားရေး တက္ကသိုလ်၊ စက်မှု တက္ကသိုလ် စသည့် တက္ကသိုလ် တွေမှာတော့  P.S ကို ခပ်စောစော ပိုင်း နှစ်များမှာ ကတည်းက သင်ကြား နေပြီဖြစ် သည်။ ဒေသကောလိပ်တွေ မှာ  P.S  သင်သောအခါ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ မကွေး စသည့် မူလက တက္ကသိုလ်ကော လိပ်များရှိသည့် ဒေသများမှ ကော လိပ်တွေမှာတော့ သင်တန်းဆင်းတွေ ကို ကျွန်တော့်လိုပင် မိမိဘာသာ ရပ်ရော၊  P.S  ပါ ပူးတွဲသင်ဖို့ တာဝန် ပေးသည်။ မူလက တက္ကသိုလ် ကော လိပ်မရှိဘဲ အသစ်ဖွင့်သည့် ဒေသ ကောလိပ်တွေမှာတော့  P.S  ဌာန အတွက် သီးခြားခန့်ထားသည်။ ကျွန်တော်တို့ သင်တန်း အတူတက် သည့် လုပ်ဖော်ကိုင်ဖက် တော်တော် များများသည် ဒေသကောလိပ်တွေ မှာ နိုင်ငံရေး သိပ္ပံဌာနမှူးတွေဖြစ် ကုန်ကြသည်။

P.S သင်ရိုးမှာ ကျွန်တော်တို့ သင်တန်းတက်ခဲ့ရသော သဘော တရား၊ သမိုင်း၊ စီးပွားရေး၊ စည်းရုံး ရေး ဘာသာရပ်တွေကို သင်ရသည်။ စာမေးပွဲစစ်တော့ ဒေသကောလိပ် အားလုံးမှ ဏ.ှ အဖြေလွှာများကို ရန်ကုန်ပညာရေး တက္ကသိုလ်မှာ လာ စစ်ရသည်။ ပညာရေးတက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှူး ဦးသန့်ဇင်က အားလုံး၏ စာစစ်မှူးချုပ် ဖြစ်သည်။ မေးခွန်းမှာ ဓမ္မဓိဋ္ဌာန် မေးခွန်းတွေ များများ မေးသည့်အတွက် စာမေးပွဲ မှာ  ဂုဏ်ထူးရသူတွေ များသည်။ နိုင်ငံရေးသိပ္ပံကို “န” ဟု အတိုကောက် သင်္ကေတပြုသဖြင့် “နငယ်တွေ ဂုဏ်ထူးအများကြီးထွက်တယ်” ဟု ထိုစဉ်က ပြောကြသည်။

နှစ် ၃ဝ ကျော်အကြာမှာ ဒေသ ကောလိပ် ကျောင်းသားဟောင်းတွေ က ဆရာကန်တော့ပွဲ ကျင်းပသည်။ ကျောင်းသားဟောင်းများ ဖိတ်စာ လာပေးသည်။ သူတို့ပင် အသက် ၅ဝ ကျော် ၆ဝနီးပါး ဖြစ်ကုန်ကြပါပြီ။ တစ်ယောက်က မှတ်မှတ်ရရပြော သည်။ “အဲဒီတုန်းက ဆရာ  P.S  သင် တာ တရားဟောသလို မသင်ဘဲ  ပညာရပ်ကို သင်တော့ ပိုမှတ်မိပါ တယ်။ ဆရာ့ အတန်းလိုက်တက်ရင် စာတောင် ပြန်ကျက်စရာမလိုဘူး ဆရာ”ဟူ၍ဖြစ်သည်။ သူ့စကားကို ကြားရတော့ များစွာကြည်နူးမိပါ သည်။

ဒေသကောလိပ်များမှာ ဒေသ အလိုက် ဖွံ့ဖြိုးဖို့ ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်၍ ရည်ရွယ်ချက် ကောင်းပါသည်။ တိုင်းနှင့်ပြည် နယ် ပြည်သူ့ကောင်စီ များက ဖွဲ့ပေးထားသော ဒေသကော လိပ် အုပ်ချုပ်ရေး အဖွဲ့များကလည်း ဒေသကောလိပ်များကို အထောက် အပံ့ ပြုပါသည်။ အားပေးပါသည်။ ပထမနှစ်မှာ ဝိဇ္ဇာ သိပ္ပံဘာသာရပ် များကို သင်ကြားသည်။ ဝိဇ္ဇာရိုးရိုး (ဝရ)၊ ဝိဇ္ဇာသင်္ချာ (ဝခ)၊ သိပ္ပံဇီဝ (သဇ)၊ သိပ္ပံသင်္ချာ (သခ) ဟူ၍ ဘာသာတွဲ ၄ မျိုးရှိသည်။ တစ်မျိုးသာ ယူရသည်။ (ထိုစဉ်က မြန်မာစာကို ဝိဇ္ဇာရိုးရိုး များသာ ယူရပြီး ကျန်ဘာ သာများက မြန်မာစာ မယူရသည့် အတွက် မြန်မာစာ၏ နယ်ပယ်အလွန် ကျဉ်းသွားခဲ့ဖူးပါသည်။ နောက်မှ ပြန်လည် စိစစ်ပြီး မြန်မာစာ သည် ပထမနှစ်ရော၊ ဒုတိယနှစ်ပါ မယူ မနေရ ဘာသာအဖြစ် နေရာမှန် ပြန် ရခဲ့ပါသည်။)

ပထမနှစ်အောင်ပြီး ဒုတိယနှစ် မှာ လုပ်ငန်းအတတ်ပညာ ဘာသာ ရပ်တွေထဲက တစ်ခုကို အထူးပြုရ သည်။ လုပ်ငန်း အတတ် ပညာများမှာ တော်တော်များပါသည်။ အိမ်တွင်းမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ ရုပ် ရှင်လုပ်ငန်း၊ ပုံနှိပ်လုပ်ငန်း၊ လူထု ဆက်သွယ်ရေး၊ လျှပ်စစ် စသည်ဖြင့် များစွာရှိပါသည်။ လူထုဆက်သွယ် ရေး (Mass Media) ဘာသာရပ်တွင် ပြင်ပမှ ဝါရင့်စာနယ်ဇင်း ပညာရှင် များ လာရောက်ပို့ချပေးသည့် အတွက် စိတ်ဝင်စားစရာကောင်း ကြောင်း ထိုဘာသာယူ သူများက ပြောကြသည်။ အခြားဘာသာရပ် များတွင်လည်း အလားတူပင် ပညာ ရှင်များ ပါဝင်ပို့ချပေးသည်။

ဒေသကောလိပ်များတွင် ပထမ နှစ် သင်ကြားသော ဝိဇ္ဇာ၊ သိပ္ပံဆရာ များနှင့် ဒုတိယနှစ် လုပ်ငန်းအတတ် ပညာများသင်သော ဆရာများ၏ အနေအထား ကွာခြားပုံကို ကျောင်း ၂ မျိုးစလုံးတွင် သင်ကြားရသော ကျွန်တော့်အနေနှင့် အနီးကပ်အကဲ ခတ်မိပါသည်။ ပထမနှစ်ဆရာ၊ ဆရာမများမှာ လုပ်သက်ရင့် နည်းပြ သရုပ်ပြ များဖြစ်၍ အတွေ့ အကြုံရှိ သည်။ ထိုစဉ်က စနစ်အရ နည်းပြ သရုပ်ပြအနည်းဆုံး ၇နှစ်ရှိမှ လက်ထောက် ကထိကအဖြစ် တိုးမြှင့် ရန် စဉ်းစားသည့်အတွက် ထိုဆရာ၊ ဆရာမများမှာ လုပ်သက်အနည်းဆုံး ၇နှစ်ရှိပါပြီ။ ဆယ်နှစ်ကျော်သူများ လည်းရှိသည်။ အတွေ့အကြုံအရ ကျောင်းသားများကို စည်းစနစ် တကျထိန်း သိမ်းနိုင်ကြပါသည်။ ဒုတိ ယနှစ်ဆရာ များမှာမူ အသက်မွေးဝမ်း ကျောင်းဘာသာရပ်များ သင်ကြား ရန် သက်ဆိုင်ရာဘွဲ့ရသူများထဲမှ အသစ် ရွေးချယ်ခန့်ထားခြင်းဖြစ် သည့်အတွက် တက္ကသိုလ်ဆရာ အဖြစ် အတွေ့အကြုံမရှိသေးသူများပါ သည်။ ဌာနမှူးအဖြစ် ခန့်အပ်ခံရသူ အချို့ပင် ဝန်ထမ်း အသစ်စက်စက် များ ဖြစ်နေကြသည်။ သည်တော့ ကိုယ့်ဘာသာရပ်ကို ယူသည့် ကျောင်းသူ ၊ ကျောင်းသားများနှင့် ဆက်ဆံရာတွင် ဆရာတပည့် အနေ အထားထက် ပိုပြီးရင်းနှီးကြသည်။ အပတ်စဉ် နည်းပြတန်းတွေ၊ လက် တွေ့ တန်းတွေမှာ ကိုယ့်ကျောင်းသား ကို အမှတ်တွေ ပိုပိုသာသာ ပေးတာ မျိုး၊ စာမေးပွဲဖြေနေချိန်မှာ အခန်းထဲ ဝင်လာပြီး စာမေးပွဲမေးခွန်း ကို ကြည့်၍ ဘယ်လိုဖြေရမည် ဆိုပြီး ဖြေပုံဖြေနည်းတွေ၊ အဖြေတွေ ဗြောင်ပြော ပြသွားတာမျိုးတွေ လုပ်ကြသည်။ စာမေးပွဲခန်း စောင့် တာဝန်ကျသည့် ပထမနှစ်ဌာနမှူး များနှင့် ပြဿနာဖြစ်ကြသည်။

ဒုတိယနှစ် ဆရာတွေက ကိုယ့် ကျောင်းသားတွေကိုစာ မေးပွဲခန်းမှာ အဖြေတွေ ဝင်ပြောသွားသည်ဟု ကျောင်းအုပ်ကြီးကို တိုင်သည့် အတွက် ကျောင်းအုပ်ကြီးက ထိုသို့ ဝင်ပြောသွားသူကို ခေါ်ပြီး ဆုံးမပြော ဆိုရတာမျိုးလည်း ရှိသည်။ ထို့ပြင် စာမေးပွဲမှာ ပထမနှစ်နှင့် ဒုတိယ နှစ်၊ ၂ နှစ်ပေါင်းအမှတ်များကို မူတည်၍ ဆေးတက္ကသိုလ်၊ စက်မှု တက္ကသိုလ်စသည့် အသက်မွေးဝမ်း ကျောင်း တက္ကသိုလ် များသို့ ဝင်ခွင့် ရွေးချယ်ရန် မူချထားသည့်အတွက် ဒုတိယနှစ်မှာ ကိုယ့်ကျောင်းသား အမှတ်များများရဖို့ နည်းလမ်းရှာ သည့် ကိစ္စမျိုးတွေလည်း အသံထွက် လာသည်။ ကျောင်းသားက တကယ် တော်သည့်အတွက် အမှတ်ကောင်း တာမျိုး ရှိသလို “အကြံအဖန်” ဖြင့် အမှတ်ကောင်းအောင် လုပ်တာမျိုး လည်း ရှိသည်ဟု ကြားရပါသည်။ ကြားရသည့် သတင်းတွေ ဘယ် လောက် မှန်သည် ကိုတော့ သေသေ ချာချာမသိပါ။ ထိုစဉ်က ကြားရ သည့်အကြောင်းများကို ဖော်ပြခြင်း ဖြစ်ပါသည်။

မူလက ဒေသကောလိပ် ဒုတိ ယနှစ် အောင်ပြီးလျှင် သက်ဆိုင်ရာ လုပ်ငန်း အတတ်ပညာကို O.J.T (On Job Training) ခေါ် လုပ်ငန်းခွင် သင်တန်း တစ်နှစ်ဆက်တက်စေပြီး ဒီပလိုမာ ပေး၍ ထိုအတတ်ပညာ ဖြင့် အသက်မွေး ဝမ်းကျောင်း ပြုနိုင် စေရန် ရည်ရွယ်သည် ဟု သိရသည်။ ထိုသို့ မတက်လိုလျှင်လည်း  အသက် မွေးဝမ်းကျောင်း တက္ကသိုလ် များ သို့ ဖြစ်စေ၊ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်များ သို့ ဖြစ်စေ ဆက်တက်လို သူများ တတိယ နှစ်ကစ၍ တက်ခွင့်ပေးထားသည်။ လက်တွေ့မှာမူ လုပ်ငန်းခွင် သင်တန်း ဆက်တက်သူ အလွန်နည်းပြီး တက္က သိုလ်အသီးသီးသို့ ဆက်လျှောက်ကြ သူများက ပိုများနေ သည်။ ဒေသ ကောလိပ်မှာ ၂ နှစ်တက်ပြီး ရသော စာမေးပွဲ အမှတ်များဖြင့် ဆေးတက္က သိုလ်၊ စက်မှုတက္ကသိုလ်၊ စီးပွားရေး တက္ကသိုလ်၊ ပညာရေး တက္ကသိုလ် စ သည့် တက္ကသိုလ် များသို့ လျှောက်ကြ သည်။ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်များသို့ အထူးပြု ဘာသာများဖြင့် လျှောက် လာကြသည်။ မူလရည်ရွယ်သည့် လမ်းကြောင်း အတိုင်း ဖြစ်မလာပါ။ မကြာမီမှာတော့ ဒေသကောလိပ် များကို ဝိဇ္ဇာသိပ္ပံ ၂ နှစ်သင် ကော လိပ်များ အဖြစ် ပြန်ပြောင်း လိုက်ရပါ တော့သည်။ လုပ်ငန်းအတတ်ပညာ မသင်ကြားတော့ပါ။

ရန်ကုန်မှာ ဒေသကောလိပ် ၃ ခု ဖွင့်သည်။ ရန်ကုန်တိုင်းဒေသ ကောလိပ် အမတ် (၁)၊ (၂)၊ (၃) ဟု နာမည်တပ် သည်။ ပြန်ပေါင်း လိုက် တော့ ရန်ကုန်တက္ကသိုလ်၏ နယ်မြေ ခွဲများဖြစ်သွားပြီး “ရန်ကုန်တက္ကသိုလ်”  ဆိုသောအမည်နောက်က (ဗိုလ်တ ထောင် နယ်မြေ)၊ (လှိုင်နယ်မြေ)၊ (ကြည့်မြင်တိုင်နယ်မြေ) ဟု နာမည်တပ်သည်။ ထိုမှတစ်ဖန် သီး ခြား ကောလိပ်များ အဖြစ် သတ်မှတ် တော့ ရန်ကုန် တက္ကသိုလ်၏ နယ်မြေ ခွဲများ မဟုတ်တော့ဘဲ “ဗိုလ်တထောင် ကောလိပ်၊ လှိုင်ကောလိပ်၊ ကြည့်မြင် တိုင်ကောလိပ်” ဟု ပြောင်း လဲပြန် သည်။ အချို့ ပြည်နယ်နှင့်တိုင်းများမှ ဒေသကောလိပ်များမှာ ထိုပုံစံ အတိုင်း ဖြစ်သွားပြီး ၂ နှစ်သင် ကောလိပ်များ အဖြစ် ဆက်လက်တည် ရှိပါသည်။ အချို့ပြည်နယ်နှင့် တိုင်း များမှာတော့ ဒေသ ကော လိပ်က မူလ ရှိပြီးသား ကောလိပ်နှင့် တစ် ပေါင်း တည်း ဖြစ်သွားတာမျိုးလည်း ရှိပါသည်။ သတိပြုမိသလောက် ဖော် ပြခြင်း ဖြစ်ပါသည်။

ပညာရေး ဝန်ကြီး ဌာနက တာ ဝန်ရှိပုဂ္ဂိုလ်က ဒေသကောလိပ်များ ၏ အခြေအနေကို ပြန်ပြောပြရာတွင် ဒေသကောလိပ်များကို Regional College “ရီဂျင်နယ်ကောလိပ်” ဟုခေါ်ရာမှ “ရီဂျင်ဒယ် (ရယ်ချင် တယ်) ကောလိပ်” ဟု နောက်ပြောင် ခေါ်ကြပုံ၊ ယခုတော့ “ငိုချင်တယ်” ကောလိပ် ဖြစ်နေပုံတို့ကို ဟာသနှော ၍ ပြောသွားသည်ကို ကြားဖူးပါ သည်။

ဒေသကောလိပ် ကာလမှာ ကျွန်တော် ဆောင်ရွက်ရသော အလုပ်တစ်ခု အကြောင်း ကိုလည်း သတိရပါသည်။ ဒုတိယနှစ် သင်တန်း များတွင် ပြဋ္ဌာန်းရန် စာအုပ်၂ အုပ် ပြုစုပေးရခြင်းဖြစ်သည်။ မြန်မာစာ ပါမောက္ခ ဆရာမကြီး ဒေါ်သန်းဆွေ က တာဝန်ပေးသည့်အတွက် “ရုံးသုံး မြန်မာစာ” နှင့် “စကားပြေအဖွဲ့ပုံစံ များနှင့် ဘာသာပြန်လေ့လာချက်” ဆိုသော စာအုပ် ၂ အုပ်ကို ပြုစု ပေးရပါသည်။ ရုံးသုံးမြန်မာစာ စာ အုပ်အတွက် သာဓကဆောင်နိုင်ရန် မိတ်ဆွေ အပေါင်းအသင်းများ တာဝန် ထမ်းဆောင်နေသော ရုံးများ သို့ သွားပြီး ရုံးစာများ ကို သူတို့ဆီက တောင်းယူ စုဆောင်းရသည်။ “အမှာစာ”၊ “အမိန့်စာ”၊ “ရုံးတွင်း အမိန့်စာ”၊ “အမိန့် ကြော်ငြာစာ”၊ “အစည်း အဝေး မှတ်တမ်း” စသည် တို့ကို တကယ်အသုံးပြုနေသည့် ပုံစံများအတိုင်း ထည့်သွင်းပါသည်။ ဘာသာပြန် လေ့လာချက် အတွက် လုပ်သားပြည်သူ့ နေ့စဉ် သတင်းစာ နှင့် Working People’s Daily တို့မှ အကြောင်းအရာတူ သတင်းများကို ယှဉ်ပြပြီး မြန်မာလို ဘယ်လိုရေး သည်၊ အင်္ဂလိပ်လို ဘယ် လိုရေးသည် နှိုင်းယှဉ် လေ့လာသည့် ပုံစံလည်း ပါပါသည်။ ထိုစာအုပ် များကို ဒုတိယ နှစ် တွင် နှစ်အတန်ကြာ ပြဋ္ဌာန်းပါသည်။ ဒေသကောလိပ်များကို ရိုးရိုးကောလိပ် များအဖြစ် ပြန် ပြောင်းပြီးသည့် အချိန် ကျမှ ပြဋ္ဌာန်း စာအုပ် များလည်း ပြောင်းသွားပါ သည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*