လမ်းစဉ်ပါတီ အစိုးရခေတ်မှာ ၁

လမ်းစဉ်ပါတီ အစိုးရခေတ်မှာ ၁
June 28, 2017 Asian Fame
လမ်းစဉ်ပါတီ အစိုးရခေတ်မှာ ၁

mkm

၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအတည်ပြုပြီး ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်ပေါ်ပေါက်လာသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမြုတေပါတီအဆင့်မှ ပြည်သူ့ပါတီ အဆင့်သို့ ပြောင်းလဲ ဖွဲ့စည်းသည်။ တော်လှန်ရေးကောင်စီ ၏ နေရာမှာ နိုင်ငံတော်ကောင်စီ ပေါ်လာသည်။ ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ပေါ်လာသည်။ ထိုကာလကို “မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ ခေတ်” ဟု ခေါ်၍ရမည်ထင်ပါသည်။

လမ်းစဉ်ပါတီအစိုးရခေတ်တွင် ဦးဦးဖျားဖျား ပေါ်ပေါက်လာသော အရေးအခင်းမှာ အလုပ်သမား အရေးအခင်းဖြစ်သည်။ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမား ဆန္ဒပြ မှုများ နိုင်ငံအနှံ့ ပေါ်ပေါက်လာ သည်။ မှတ်မှတ်ရရ ကျွန်တော် နေ ထိုင်သည့် လှည်းတန်းကမာရွတ် ပတ်ဝန်းကျင်ရှိ စက်ရုံများမှ ဥသြဆွဲ သံကြီးများ ဆက်ကာဆက်ကာ ကြား ရသည်မှာ အသည်းနှလုံးတုန်လှုပ် ဖွယ်ကောင်းလှသည်။ သတ္တဝါကြီး များ ကြောက်လန့်တကြား အော်နေ သည့်အသံများနှင့်တူသည်။ မကြာမီြေ<ွကးကြော်သံများြေ<ွကးကြော်၍ ရွေ့လျားနေကြသော အသံများ ပေါ်ပေါ်လာသည်။ နောက်ကလိုက် လာသည်ကတော့ တဒိုင်းဒိုင်း ပစ် ခတ်သံများဖြစ်သည်။ သတင်းမျိုးစုံ လည်း ကြားရသည်။

အလုပ်သမားအရေးအခင်း ဖြစ်ပြီး လပိုင်းအတွင်း ပေါ်ပေါက်သော အရေးအခင်းမှာ “ဦးသန့် အရေးအခင်း” ဖြစ်သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကွယ်လွန်သည့်သတင်း၊ ရုပ်ကလာပ်ကို မြန်မာနိုင်ငံသို့ ယူဆောင်ပြီး သင်္ဂြိုဟ်မည့်သတင်း၊ ရုပ်ကလာပ်ကို ရန်ကုန်လေဆိပ်မှာ သွားကြိုမိသည့် ဒုတိယဝန်ကြီးတစ်ဦး တာဝန်မှ ရပ်စဲခံရသည့်သတင်းများ ကြားရသည်။ ဦးသန့်ရုပ်ကလာပ်ကို ကျိုက္ကဆံကွင်း မှာ ခင်းကျင်းထားသည့်အတွက် လူထုက သွားရောက်ဂါရဝပြုကြ သည်။ ဂူသွင်းရန်အတွက် သီးသန့် နေရာမပေးဘဲ ကြံတောသုသာန်မှာ ပင် သင်္ဂြိုဟ်ရမည်ဟု ကြားရသည်။ သင်္ဂြိုဟ်မည့်နေ့တွင် ဦးသန့်၏ ရုပ်ကလာပ်ကို ကျောင်းသားများ၊ သံဃာများက လမ်းကဖြတ်ယူပြီး ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမမှာ ပြင်ဆင်ထားရှိသည်။ ဂါရဝ ပြုသည်။ တက္ကသိုလ်ဝင်းထဲမှာ တရားပွဲများ ကျင်းပသည်။ ဟောကြ ပြောကြသည်။ တ.က.သ အဆောက် အအုံ ကွက်လပ်မှာ သင်္ဂြိုဟ်ရန် စီစဉ် သည်။ အုတ်ဂူတည်ဆောက်ရန် အုတ် များသယ်ကြသည်။ အုတ်ဂူပုံစံ ထုတ်ကြသည်။ ညပိုင်းတွင် ထိုနေရာ ၌ တရားပွဲ ကျင်းပ၍ လာရောက်နား ထောင်သူ များဖြင့် စည်ကားလှသည်။ လေးငါးရက်အကြာတွင် ညဥ့်နက် ပိုင်းမှာ တက္ကသိုလ်ဝင်းတံခါး အား လုံးပိတ်၍ လက်နက်ကိုင်များ ဝင်ရောက်စီးနင်းပြီး လာနားထောင် သည့်လူအားလုံးကို ဖမ်းဆီးကာ ကားများဖြင့် ခေါ်သွားသည်။ ဦးသန့် ၏ ရုပ်ကလာပ်ကို လုယူပြီးဂူကို ဖျက်ဆီးလိုက်သည်။ ရုပ်ကလာပ်ကို ယခုရှိသည့် ရွှေတိဂုံဘုရားလမ်းရှိ ဦးသန့်ဂူ ဗိမာန်မှာ သင်္ဂြိုဟ်လိုက် သည်။ ထိုနေ့နံနက် စောစောတွင် တက္ကသိုလ်ဝင်းထဲမှာ ဘာမှမရှိတော့ ကြောင်း လိုက်ကြေညာသည့်အသံကို ကြားရသည်။ ထိုနေ့က အဖမ်းခံရ သူများ ထောင်ဒဏ်ချမှတ်ခံရပြီး နှစ်အတန်ကြာမှ ပြန်လွတ်လာကြ သည်။ ထိုကာလအတွင်း ရန်ကုန်မှာ အရေးပေါ်အခြေအနေ ကြေညာ သည်။ ညမထွက်ရ အမိန့်ထုတ်ပြန် သည်။ စစ်အုပ်ချုပ်ရေးအာဏာ ကျင့်သုံးသည်။ သတင်းစာထဲမှာ ရွှေတိဂုံဘုရား လမ်းရှိ ဦးသန့်ဂူနေရာတွင် ဦးသန့် ၏ ဇနီး ဒေါ်သိန်းတင်နှင့် သမီး ဒေါ်အေးအေးသန့်တို့က ရုပ်ကလာပ်အား ကန်တော့နေသည့် ဓာတ်ပုံ တွေ့ရသည်။

ကိုယ်တွေ့ အတွေ့အကြုံကိုလည်း ဆက်စပ်သတိရမိပါသည်။ ထိုကာလတစ်လျှောက်တွင် အရေးအခင်းများ မကြာခဏဖြစ်သည့် အတွက် ကျောင်းသားများကို စောင့်ရှောက်ရန် အမျိုးသား ဆရာများကို တာဝန်ချလေ့ရှိရာ ထိုစဉ်က ပညာရေးတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေသော ကျွန်တော် သည် ကျောင်းမှာညဘက်တွင် မကြာ ခဏ တာဝန်ကျပါသည်။ အိမ်က လှည်းတန်းမှာရှိသည့်အတွက် မော်ကွန်းထိန်းက “ဆရာက အိမ်နီးပါတယ်”ဆိုပြီး မကြာခဏ တာဝန်ချလေ့ရှိသည်။ ညနေရောက်သည် နှင့် မော်ကွန်းထိန်း ဆရာ ဦးစော အောင်၏ ကားလာခေါ်လေမလား ဟု တွေးနေစဉ် ကားရောက် လာမြဲ ဖြစ်သည်။ ပညာရေးတက္ကသိုလ် ပင်မအဆောက်အအုံမှာ တာဝန်ကျ သည့် အခါကျသည်။ ကျောင်းသား များ နေထိုင်သော နဝဒေးဆောင် တို့၊ မြဝတီဆောင်တို့မှာ တာဝန်ကျ သည့်အခါကျသည်။ ကျောင်းသား တွေနှင့် စကားစမြည်ပြောရင်း ပတ်ဝန်းကျင်ကို အကဲခတ်ရင်း သန်း ခေါင်ကျော် မိုးလင်းခါနီး ဖြစ် သွားသည်။ ထိုအချိန်ကျမှ မော် ကွန်းထိန်းဆရာက သူ့ကားနှင့် အိမ်ပြန်ပို့တတ်ပါသည်။ သတိအနေအထားဖြင့် နေရသော ကာလများဖြစ်ပါသည်။

ရှေ့မှာဖော်ပြခဲ့သည့်အတိုင်း ၁၉၇၆ခုနှစ်လောက်မှာ ပညာရေး အပြောင်းအလဲတစ်ခု စတင်ဖို့တာစူ နေသည်နှင့် ကြုံရသည်။ ဒေသ အလိုက် ဖွံ့ဖြိုးတိုးတက်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ပြည်နယ်နှင့် တိုင်းအသီးသီးတွင် ဒေသကောလိပ် (Regional College) များ ဖွင့်ရန် စီစဉ်နေကြောင်း သိရသည်။ ဒေသကောလိပ်များတွင် ဘာသာရပ် ဌာန မှူးများအဖြစ် ဝါရင့်နည်းပြ၊ သရုပ် ပြများကိုခန့်ထားမည်။ မူလလစာ အပြင် တိုင်း/ပြည်နယ်က ကျပ် ၂ဝဝ အပိုဆောင်းပေးမည်ဟု ကြေညာပြီး လျှောက်လွှာခေါ်သည်။ ထိုအချိန်က ထိုလစာမှာ မနည်းပါ။ သုံးလောက်၊ စွဲလောက်ရှိသည်။ ထို့ကြောင့် ဒေသကောလိပ်ဌာနမှူး နေရာအတွက် လျှောက်ထားကြ သည်။ အမှုထမ်းနိုင်သော တက္ကသိုလ် ကောလိပ်နာမည်များကို ဦးစားပေး အစီအစဉ်ဖြင့် ဖော်ပြလျှောက်ထား သည်။ ကျွန်တော်လည်း လျှောက် လွှာတင်လိုက်သည်။ ကျွန်တော်က နည်းပြလုပ်သက် ၁၃နှစ် ကျော်နေပါ ပြီ။ မဟာဝိဇ္ဇာဘွဲ့လည်းရပြီးပါပြီ။ လက်ထောက်ကထိက ရာထူးမရ သေးပါ။ ထို့ကြောင့် ဒေသကောလိပ်မှာ ဌာနမှူးလုပ်ဖို့ စိတ်ကူးရခြင်း ဖြစ်သည်။

ထိုအချိန်မှာပင် တက္ကသိုလ် ဆရာ၊ ဆရာမများ နွေရာသီ မွမ်းမံ သင်တန်းအမှတ်စဉ် ၂ကို ကျွန်တော် တက်ရသည်။ သင်တန်းကာလမှာ ၄ပတ်ဖြစ်သည်။ ရန်ကုန်စီးပွားရေး တက္ကသိုလ် အဆောက်အအုံမှာ တက်ရသည်။ သင်တန်းဆိုတော့ ကျောင်းသားစိတ်ပြန်ဝင်ပြီး စာကြိုး စားလိုက်သည်။ စာမေးပွဲကိုတော့ ကောင်းကောင်းဖြေနိုင်သည်။ အမှတ်ကောင်းသူများကို ထပ်ရွေးပြီး တက္ကသိုလ်ဆရာ၊ ဆရာမများ နိုင်ငံ ရေးသင်တန်းအမှတ်စဉ် (၁) ကို တက်ခိုင်းတော့ အမှတ်ကောင်းနေ သော ကျွန်တော်လည်း ပါသွားတော့ သည်။ ကမ္ဘာအေးစေတီဝင်းထဲက အပရဂေါယာနဆောင်မှာ ၃လ အဆောင်နေပြီး သင်တန်းတက်ရ သည်။ တက္ကသိုလ်ကောလိပ် သိပ္ပံ များမှ ဆရာ၊ ဆရာမပေါင်း တစ်ရာ နီးပါး ရှိသည်ဟု ထင်ပါသည်။ ဇနီးက အိမ်မှာတစ်ယောက်တည်း ဖြစ် နေသည့်အတွက် အိမ်အောက်ထပ်က မိန်းကလေးများ ညလာအိပ်ပေးဖို့ အကူအညီတောင်းပြီး သင်တန်းများ တက်ရသည်။ စနေ၊ တနင်္ဂနွေအိမ် ပြန်ခွင့်ရသည်။ သင်တန်းမှာ ဗဟို နိုင်ငံရေး တက္ကသိုလ်မှ ဆရာများက သမိုင်း၊ သဘောတရား၊ စီးပွားရေး၊ စည်းရုံးရေးဘာသာရပ်များ လာသင် သည်။ အစိုးရဌာနများကလည်း ဘာသာရပ်အမျိုးမျိုး လာသင်သည်။ သင်တန်းဆင်းခါနီးကျမှ ကျွန်တော် တို့ကို ဒေသကောလိပ်တွေမှာ နိုင်ငံ ရေးသိပ္ပံသင်ဖို့ တာဝန်ပေးမည် ဖြစ် ကြောင်း သိရသည်။ တာဝန်ချ မည့် အမိန့်စာကို ကိုယ့်ဌာနမှာ စောင့်ဖို့ မှာကြားလိုက်သည်။

ထိုကာလအတွင်း ကျွန်တော့်ကို ရန်ကုန်တိုင်းဒေသကောလိပ်တစ်ခု မှာ မြန်မာစာဌာနမှူးအဖြစ် ခန့်ထား မည်ဟု သတင်းထွက်လာသည့် အတွက် ဝမ်းသာနေသည်။ နောက် တစ်ခါကျတော့ ကျွန်တော်သည် နိုင်ငံရေးသိပ္ပံ သင်တန်းတက်ထား သူဖြစ်သည့်အတွက် ဒေသကောလိပ် မှာ မြန်မာစာ ဌာနမှူးမခန့်တော့ဟု ကြားရပြန်သည်။ လက်ထောက် ကတိကရာထူး တိုးမြှင့်ရန် အဆညကို အင်တာဗျူး ခေါ်သဖြင့် သင်တန်း တက်နေတုန်း သွားဖြေရသေးသည်။ သင်တန်းဆင်းပြီး ၃လလောက်ကြာ တော့ အမိန့်ထွက်လာသည်။ ကျွန်တော့်ကို ပုသိမ်ကောလိပ် မြန်မာစာဌာနသို့ လက်ထောက် ကထိကအဖြစ် တိုးမြှင့်ပြောင်းရွှေ့ ကြောင်း အမိန့်ဖြစ်သည်။ ထိုအမိန့် မထွက်မီ ကျွန်တော့်ကို ပုသိမ် ကောလိပ် မြန်မာစာဌာနသို့ နည်းပြ အဖြစ်နှင့်ပင် ပြောင်းရွှေ့လိုက် ကြောင်း၊ ပုသိမ်ဒေသ ကောလိပ်တွင် လည်း နိုင်ငံရေး သိပ္ပံဘာသာရပ်ကို တွဲဖက်သင်ကြားရန် တာဝန်ပေး ကြောင်း အမိန့်ထွက်သည်။ ထိုအမိန့်အရ ကျွန်တော် ပုသိမ်သို့ ပြောင်းခဲ့သည်။ ဇနီးက ရန်ကုန်တိုင်း ဒေသကောလိပ် ၁ မှာ နည်းပြဆရာမ အလုပ်ရသဖြင့် ရန်ကုန်မှာ နေခဲ့ရ သည်။ “ခင်ဗျားတို့ ပရိုမိုးရှင်းတော့ မထွက်သေးဘူးဗျ”ဟု တာဝန်ရှိ ပုဂ္ဂိုလ်တစ်ယောက်က ပြောလိုက် သေးသည်။ ပုသိမ်ရောက်ပြီးတော့မှ လက်ထောက် ကထိကရာထူးတိုးသည့် အမိန့်ထွက်သည်။ သည်တော့ ဘာ ထူးသွားပါသလဲ။ အဆညကို ခရီးစရိတ် (TA) လျှောက်ရာတွင် ကျွန်တော့်မှာ နည်းပြအဖြစ်သာ လျှောက်ရသည်။ လက်ထောက် ကထိကအဖြစ် လျှောက်ခွင့်မရှိပါ။ ပုသိမ်ရောက်ပြီးမှ ရာထူးတိုးသော ကြောင့်ဖြစ်သည်။ “ဒါ တမင်သက် သက်လုပ်တာ” ဟု အပေါင်းအသင်း များက မကျေမနပ်ပြောကြသည်။ ပြီးတော့ ပုသိမ်ရောက်လာပြီး နည်းပြ ၄ ရက် လုပ်လိုက်ရသည့်အကြောင်း ကိုယ်ရေးမှတ်တမ်းရေးတိုင်း ထည့် ရေးရသည်ကလည်း အလုပ်တစ်ခု ဖြစ်သွားသည်။ တစ်ခါတစ်ခါ “ဘာဖြစ်လို့ နည်းပြ၄ရက်ပဲ လုပ်ရတာလဲ” ဟု ရုံးဘက်က မေးလာလျှင် အကြောင်းစုံကို ရာဇဝင်ပြန်ခင်းပြ ရပါတော့သည်။ အမှတ်တရကလေး တွေပါ။

ပုသိမ်ကောလိပ်အနီးမှာ ဧရာ ဝတီတိုင်း ဒေသကောလိပ် (ပုသိမ် ဒေသကောလိပ်)ဖွင့်သည်။ ကျွန်တော်တို့ သင်တန်းဆင်းဆရာ၊ ဆရာမ ၄ယောက်က ဒေသကော လိပ်မှာ နိုင်ငံရေးသိပ္ပံ သွားသင်ရ သည်။ ကောလိပ်၂ခုမှာ ၂ကိုယ်ခွဲပြီး မြန်မာစာသင်လိုက်၊ နိုင်ငံရေးသိပ္ပံ သင်လိုက် လှုပ်ရှားရသည်မှာ တော် တော်ထူးခြားသည်။ နောက်တစ်နှစ် ဟင်္သာတမှာ ဧရာဝတီတိုင်း ဒေသ ကောလိပ် အမှတ် ၂ ဖွင့်တော့ ပုသိမ်ဒေသကောလိပ်မှာ ကျောင်း သားလျော့သွားသည့်အတွက် နိုင်ငံ ရေးသိပ္ပံဆရာ ၂ယောက်သာ လို အပ်တော့သည်။ ၄ယောက်မှာ တစ်ယောက်က ဟင်္သာတကို ပြောင်း ရသည်။ တစ်ယောက်က ပိုနေသည်။ ကျွန်တော်က ပုသိမ်ကောလိပ် ကျောင်းအုပ်ကြီးကိုတင်ပြတော့ ကျောင်းအုပ်ကြီးက ကျွန်တော့်ကို ” ခင်ဗျား ဒေသကောလိပ်မသွားနဲ့ တော့ဗျာ” ဟု ဆိုသဖြင့် ကျွန်တော် ဒေသကောလိပ် မသွားရတော့။ ကင်းလွတ်ခွင့်ရသွားသည်။ ပုသိမ် ကောလိပ်မှာပဲ မြန်မာစာ ဆရာ စစ်စစ် လုပ်ရပါတော့သည်။ ပုသိမ်ဒေသကောလိပ်က ကျောင်းသားဟောင်းများက ယခုနှစ် ၃ဝကျော်အကြာမှာ ဆရာကန်တော့ ပွဲလုပ်သည်။ ကျွန်တော့်ကိုဖိတ်သည့် အတွက်သွားတော့ သူတို့က “ပီ အက်စ် (နိုင်ငံရေးသိပ္ပံ)ဆရာကြီး လာတယ်ဟေ့” ဟု ဝမ်းသာအားရ အော်ပြောရင်း ကြိုဆိုကြသည့်အတွက် ကြည်နူးမိပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*