အဘိုးအိုကြီး စိန်ခေါ်သံ

အဘိုးအိုကြီး စိန်ခေါ်သံ
June 27, 2017 Asian Fame
အဘိုးအိုကြီး စိန်ခေါ်သံ

Mg Shwe Thet

ကျွန်တော့်အသက်ရှစ် ဆယ်ကျော်ခဲ့ပြီ။ ရှစ်ဆယ်မှကျော်၍ နှစ်နှစ်ပင် စွန်းခဲ့ပြီ။ ကျွန်တော်သည် အသက်ပြည့်သည်နှင့် တပ်မတော်ထဲ ဝင်ခဲ့သည်။ စစ်ပညာ အခြေခံသင်တန်းမှစ၍ ကျန်းမာကြံ့ခိုင်ရေး လေ့ကျင့်မှုတွေ စခဲ့ရသည်။ သက်တူရွယ်တူတွေထဲမှာတော့ သွားလာလှုပ်ရှားနိုင်သော အဆင့် မှာ ရှိသည်။ သက်တူရွယ်တူ အတွဲ တွေ မရှိ၍ ကိုယ့်ထက်ငယ်သူတွေနှင့် ရောလျက် ဂေါက်သီးရိုက်နေရပါ သေးသည်။ ဆီးချိုမရှိ၊ သွေးတိုးမရှိ၊ နှလုံး ရောဂါမရှိဟူသော ဆရာဝန် ဆေး စစ်မှတ်တမ်းက ကျွန်တော့်ကို အား တက်စေတာလည်း အမှန်ဖြစ်သည်။ တကယ်တော့ ကျွန်တော့်အဖေ သည် ကျွန်တော့်ထက်ပို၍ ကျန်းမာ ရေးနှင့် ပြည့်စုံသူဟု ဆိုရမည်။ ငယ် စဉ်က တက္ကသိုလ်ဘောလုံးအသင်း လက်ရွေးစင် ဖြစ်ခဲ့သလို ဟိုတစ်ချိန်က ပုလိပ်ကြီးအသင်းဟု ခေါ်သော Burma Police Football Team အတွက် သူ့ကိုခေါ်၍ ဆပ်ကျောင်း ခေါ် ဒုတိယရဲအုပ်သင်တန်းသို့ တက် စေခဲ့သော အားကစားသမား ဖြစ်ပါသည်။ ထိုသို့ ကျန်းမာသော အဖေ သည် အသက် ၈၇ နှစ်တွင် ကွယ် လွန်ခဲ့ပါသည်။ အသက် ၈၅ နှစ်တွင် အဖေက စကားဆန်းတစ်ခွန်း ပြောလာသည်။ “ဘုရားတောင်မှ သက်တော် ရှစ်ဆယ်အထိပဲ နေခဲ့တာ။ အခုရှစ်ဆယ့်ငါးနှစ်ဆိုတော့ ပိုမနေချင်တော့ဘူး” ဟု ပြောခဲ့သေးသည်။ ထူးထူးထွေထွေ ရောဂါမရှိပါဘဲ အသက် ၈၇ နှစ်တွင် ကွယ်လွန်ခဲ့ပါသည်။

ကျွန်တာ် ယခု အသက် ၈၂ နှစ်။ ကျန်းမာသေးသည် ဆိုသော်လည်း ကျွန်တော့်အဖေထက် ပို၍ အသက်ရှည်ချင်သည်ဟု တွေးမိသည်။ တကယ်လည်း အသက်ကိုး ဆယ်ကျော်၊ တိတိကျကျပြောရလျှင် ၉၃ နှစ်လောက်အထိ အနည်းဆုံးနေချင်သည်။ ကျွန်တော့်ဆန္ဒကို ထုတ်ဖော် ပြောဆိုသောအချိန်မှာ ဘေးကလူ များက တအံ့တသြကြည့်နေကြပါ သည်။ ထိုသူတွေအားလုံးသည် ကျွန်တော့်ထက်ငယ်ကြသူများ ဖြစ်သည်။ အနှစ်နှစ်ဆယ်လောက် ငယ်သူပါသလို ကျွန်တော့်အသက် ထက်ဝက်ထက် ငယ်သူလည်းပါသည်။ ထိုပုဂ္ဂိုလ်သည် ဆရာညိုသစ်ငယ်။ ပေါ်ပြူလာ စာပေအနုပညာ ဂျာနယ်၊ အယ်ဒီတာချုပ်။ အကြောင်းက ဤသို့။ ကျွန်တော်နှင့် မသက်ဆွေတို့ ပေါ်ပြူလာဂျာနယ်တိုက်သို့ ရောက် သည်။ ဝိုင်းတော်သားများ အတွက် မသက်ဆွေက ဝက်လက်အချိုချက် ချက်ယူသွားသည်။ သရက်ဒေသ လက်ရာဖြစ်သော ကြက်သားငါးပိ ချက် ပါသည်။ ချဉ်ရေဟင်းပါသည်။ ကြိုတင် ပြောကြားထားသောကြောင့် ဝိုင်းတော်သားများက အပြင်ထွက် မစားကြ။ လက်ရေတစ်ပြင်တည်း စားကြသည်။

စားရင်းသောက်ရင်း ဆရာညို သစ်ငယ်က စကားစသည်။ ” ဆရာရော၊ ဆရာမကြီးရော ပေါ်ပြူလာနှစ်ပတ်လည်အတွက် ရေးပေးကြပါဦး’ ဟု ပြောလာသည်။သူ့အပြောကို ကျွန်တော်က ခေါင်းမညိတ်၊ ခေါင်းမခါ။ ” အသက် ၉၃ နှစ်အထိ နေချင် သေးတယ်ကွာ” ဟု ပြောလိုက်မိသည်။ ဆရာညိုသစ်ငယ်က ဝက်လက် အရိုးကို အားရပါးရ ကိုက်မည်ဆဲဆဲ မှ တစ်ဝက်မှာရပ်ပြီး မော့ကြည့်သည်။ ဆရာဦးမြလှိုင်၊ ဆရာပန်းဈာန်၊ ဆရာ ဖိုးနိုင်လင်း၊ ဆရာမ မိုးမိုးကျော်တို့ကလည်း ဘေးမှကြည့်နေကြသည်။ကျွန်တော့်အကြောင်းသိနေသော မသက်ဆွေကတော့ ပြုံးနေသည်။ ပညာရှင် ဆရာမျိုးထွန်းလှိုင်က အသံစထွက်လာသည်။ Demand and Supply u Meet မဖြစ်သလိုဘဲ၊ အန်ကယ်ကြီးအပြောက မြှုပ်ကွက်ပါနေတယ်” ဟုဆိုသည်။

” မြှုပ်ကွက် မဟုတ်ပါဘူးကွယ်။ စကားကမဆုံးသေးလို့ပါ။ ပေါ်ပြူလာဂျာနယ် ဆယ်နှစ်ပြည့်ကစပြီး နှစ်စဉ် အမှတ်တရရေးဖို့ မီခဲ့တာပါ”
” အခု သက်တမ်း နှစ် ၂ဝ ပြည့် ပြီ။ တစ်နှစ်ထက် တစ်နှစ် လက်ရာတွေ တက်လာတယ်။ စာမူတွေ စုံလာတယ်။ Layout ကစ တက်တက်လာအောင် ကိုရင်တို့ ကြိုးစားခဲ့ကြတယ်” “ဂျာနယ်တွေ တဖြုတ်ဖြုတ်နဲ့ ဇီဝိန်ချုပ်ချုပ်နေကြတဲ့ လောကမှာ လေထန်လည်းမမှု။ ရေဆန်လည်းမမှုဘဲ ခုထိ ရပ်တည်လာခဲ့ကြတာ မဟုတ်လား။ နှစ်ပေါင်း ၂ဝ ရှိပြီ” “(၂၅) နှစ်ပြည့်မှာလည်း ရေးမယ်။ နှစ် (၃ဝ) ပြည့်အထူးထုတ် မှာလည်း ရေးချင်တယ်”

” ပေါ်ပြူလာဂျာနယ် နှစ်သုံးဆယ်ပြည့်မှာ ရေးနိုင်ဖို့ အသက် ၉၃ နှစ်အထိ အသက်ရှင်နေချင်သေးတယ်လို့ ပြောတာကိုမျိုးရေ။ စကား ဆုံးတော့ ရှင်းသွားပြီလား”ကျွန်တော့် စကားခေတ္တနားရင်း ချဉ်ရေလေး တစ်ဇွန်းသောက်လိုက် မှ ကျန်လူများလက်ထဲမှ ထမင်းတွေ ဆက်စားကြသည်။ ဝက်ရိုးတွေ ဆက်ကိုက်ကြသည်။ဆရာညိုသစ်ငယ်က ပြုံးနေ သည်။ သူ့လက်ထဲက ဝက်လက် အတုံးကို ဆက်စားဖို့ မေ့နေဟန်တူသည်။ ကျွန်တော်က စကားကို ဆက်ရသည်။

” တစ်ခုတော့ ရှိတယ်ကွာ။ ကိုရင်တို့အားလုံးနဲ့ လက်မောင်းသွေး ဖောက်မသောက်ဘဲ ကတိပြုကြစို့လား။ ပေါ်ပြူလာ နှစ် (၃ဝ) ပြည့် အထိ တို့တစ်တွေ လက်တွဲမဖြုတ် စတမ်း…ကတိပြုမလား၊ လောင်း မလား၊ သစ္စာဆိုကြမလား။ ပေါ်ပြူလာ နှစ် (၃ဝ) မပြည့်ခင် လက်တွဲ ဖြုတ်တဲ့လူက ကျန်တဲ့လူတွေကို အဝ ကျွေးရမယ်။ တို့နှစ်ယောက်ကတော့ လက်တွဲမဖြုတ်ဘူး။ တို့လက်တွဲဖြုတ် တဲ့နှစ်မှာ မင်းတို့လာပြီး…ဆွမ်းစားကြပေတော့၊ ကဲ..သဘော တူကြသလား၊ လောင်းကြမှာ လား၊ သစ္စာ ဆိုကြမှာလား။ ၂ဝ၂၂ ခုနှစ်တွင် ပေါ်ပြူလာ နှစ် အစိတ်ပြည့်မည်။ ၂ဝ၂၇ ခုနှစ်တွင် ပေါ်ပြူလာနှစ် သုံးဆယ် ပြည့်မည်။ ကျွန်တော့် အသက် ၉၃ နှစ်အထိတော့ နေချင်ပါသေးသည်။

မောင်ဆွေသက်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*