တော်လှန်ရေးကောင်စီခေတ်မှာ ၆

တော်လှန်ရေးကောင်စီခေတ်မှာ ၆
June 20, 2017 Asian Fame
တော်လှန်ရေးကောင်စီခေတ်မှာ ၆

PPL-June-15-New

၁၉၇၄ ခုနှစ်မတိုင်မီကာလတွင် “အမြုတေပါတီမှ ပြည်သူ့ပါတီသို့” ဟူသော ဆောင်ပုဒ်များကို နေရာအနှံ့မှာ တွေ့ရသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမြုတေပါတီအဖြစ်မှ ပြည်သူ့ပါတီအဖြစ်သို့ ကူး ပြောင်းရန် ပြင်ဆင်နေကြသည်။ “အသွင်ကူးပြောင်းရေး ကာလ” ဟူသော အသုံးအနှုန်းကို တွင်တွင်ကျယ်ကျယ် ကြားရသည်။

မြန်မာနိုင်ငံကို ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်အဖြစ် ဖွဲ့စည်းတည်ထောင်ရန် အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲသည့် လှုပ်ရှား မှုများကို “လမ်းစဉ်သတင်း” မှာ ဓာတ်ပုံများဖြင့် ဝေဝေဆာဆာ တွေ့ရသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် အတည်ပြုမည်။ “ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒပေး၊ ဆန္ဒပေး၊ ဆန္ဒပေးကြဟေ” ဟူသော သံပြိုင်သီချင်းသံကို ရေဒီယိုမှာ ဝေဝေစည်စည် ကြားရသည်။ မူကြမ်း အဆင့် ပထမအကြိမ်၊ ဒုတိယအကြိမ်ရေးဆွဲသည့် အကြောင်းများဖတ်ရ၊ ကြားရသည်။ ‘ရခိုင်တိုင်း” ၊ “ချင်းဝိသေသတိုင်း”တို့ကို “ရခိုင်ပြည်နယ်”၊ “ချင်းပြည်နယ်” အဖြစ် ဖွဲ့စည်းမည်။ “မွန်ပြည်နယ်” ဟူ၍ အသစ်ဖွဲ့စည်းမည်။ ပြည်နယ် ၇ပြည်နယ်၊ တိုင်း ၇ တိုင်း၊ စုစုပေါင်း ပြည်နယ်နှင့်တိုင်း ၁၄ ခုဖြစ်လာမည်။

ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်ရှိမည်။ ပြည်နယ် သို့မဟုတ် တိုင်းပြည်သူ့ ကောင်စီ၊ ပြီးတော့ မြို့နယ်ပြည်သူ့ ကောင်စီ၊ ပြီးတော့ ရပ်ကွက်/ ကျေးရွာအုပ်စု ပြည်သူ့ကောင်စီဟူ၍ ပြည်သူ့ကောင်စီအဆင့်ဆင့်ရှိမည်။ ပြည်သူ့လွှတ်တော် နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင် မြှောက်ပွဲလုပ်၍ ပြည်သူ့ကိုယ်စားလှယ်များကို ရွေးချယ်မည်။

နိုင်ငံတော်အလံ၊ နိုင်ငံတော် တံဆိပ်၊ နိုင်ငံတော် သီချင်းတို့ကို အတည်ပြုရမည်။ မူလက နိုင်ငံတော် အလံမှာ အနီရောင် အထက်ထောင့်ရှိ အပြာရောင် အခန်းတွင် ကြယ်ဖြူကြီးတစ်လုံးကို ကြယ်ဖြူငါးလုံး ခြံရံထားသော ပုံဖြစ်သည်။ ယခုပြောင်းလိုက်သည့် အလံမှာ အနီထောင့်ကအပြာ နောက်ခံပေါ်မှာ ပြည် နယ်နှင့်တိုင်း ၁၄ခုကို ကိုယ်စားပြုသော ရွယ်တူ ကြယ်ဖြူ၁၄လုံးပါသည်။ အလုပ်သမား၊ လယ်သမားကို ကိုယ်စားပြုသော ပင်နယံနှင့် စပါးနှံပါသည်။

နိုင်ငံတော်သီချင်းအတည်ပြုရန်အတွက် သီချင်း ၃ ပုဒ်စပ်ဆိုပြီး ဘယ်သီချင်းကို ကြိုက်သလဲဟု အများ ဆန္ဒတောင်းခံသည်။ သီချင်း ၃ ပုဒ်ကို မြန်မာ့အသံ မနက်ပိုင်း အစီအစဉ်များမှာ အသံလွှင့်ပေးသည်။ “အောင်လံတော်ဝင့်လို့ လွှင့်ထူခဲ့ပြီ” အစချီသီချင်း၊ နောက်တစ်ပုဒ်က “သမိုင်းအဆက်ဆက် မြန်မာနိုင်ငံ” အစချီသည်ဟု ထင်ပါသည်။ နောက်ဆုံးတစ်ပုဒ်က “ကမ္ဘာမကြေ၊ မြန်မာတွေ’ ကို မှီငြမ်းထားသော “ကမ္ဘာ ဤမြေ မြန်မာတည်နေ” အစချီသီချင်းဖြစ်သည်။ ဆန္ဒ ပြုကြရန် ရှင်းလင်းတင်ပြသည်။ နောက်ဆုံးမှာတော့ လွတ်လပ်ရေးရကတည်းက နိုင်ငံတော်သီချင်းအဖြစ်သီဆိုခဲ့သော “တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ” အစချီလက်ရှိနိုင်ငံတော်သီချင်းကိုပင် စာသားအနည်းငယ် ပြင်ဆင်ပြီး အတည်ပြုလိုက်သည်။ တို့ဗမာအစည်းအရုံး ခေတ်က ဝိုင်အမ်ဘီဆရာတင်ရေးဖွဲ့သော သီချင်းကို အခြေခံသော လက်ရှိသီချင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲအတွက် “မဲရုံသို့သွားကြစို့” ဆိုသော ပိုစတာများ နေရာအနှံ့တွေ့ရသည်။ ရက်နီး လာလေလေ အောင်ကိုလတ်၏ “မဲရုံ မဲရုံကိုသာ တစ်ပြည်လုံး မဲဆန္ဒနဲ့”အစချီ သီချင်းသံကြားရလေလေ ဖြစ်သည်။ ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့် ဆင့်အတွက် ပြည်သူ့ကိုယ်စားလှယ်လောင်းများမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တစ်ခုတည်းမှ ကိုယ်စားလှယ်များဖြစ်သည်။ အခြားနိုင်ငံရေးပါတီ အားလုံးဖျက်သိမ်းလိုက်သည့်အတွက် လမ်းစဉ်ပါတီ တစ်ခုသာ ကျန်သည်။ မဲပေးရာတွင် ပါတီနှစ်ခု သို့မဟုတ် ပါတီအများမှ ကိုယ်စားလှယ်များ ယှဉ်ပြိုင်သည့်အထဲမှ မိမိထောက်ခံမည့် ကိုယ်စားလှယ်ကို ရွေးချယ်မဲပေးရခြင်းမဟုတ်ဘဲ အဆင့်တစ်ဆင့်တွင် ကိုယ်စားလှယ်တစ်ယောက်တည်းကို ထောက်ခံမဲ သို့မဟုတ် ကန့်ကွက်မဲပေးရခြင်း ဖြစ်သည်။ ထောက်ခံ လျှင် ထောက်ခံသည့် မဲပုံးထဲထည့်ရန်၊ ကန့်ကွက်လျှင် ကန့်ကွက်သည့် မဲပုံးထဲထည့်ရန်ဖြစ်သည်။ မဲဆန္ဒ ရှင်များမှာ ပထစ၊ ဖဆပလ စသည့်ပါတီများ ယှဉ်ပြိုင် သည်ကို ကြိုက်ရာမဲပေးသည့် အလေ့အကျင့်သာရှိပြီး တစ်ယောက် တည်းကို ထောက်ခံမဲ သို့မဟုတ် ကန့်ကွက် မဲပေးသည့် အလေ့အကျင့်မျိုး မရှိသည့်အတွက် ထူးဆန်းနေသည်။

၁၉၇၄ ခုနှစ်၊ မတ်လ ၂ ရက် နေ့သည် အပြောင်း အလဲများ စတင်သည့်နေ့ဖြစ်သည်။ ထိုအချိန်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေလည်း အတည်ပြုပြီးပါပြီ။ ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် လည်း ရွေးချယ်တင်မြှောက်ပြီးပါပြီ။ ထိုနေ့တွင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်၏ ပထမအကြိမ် အစည်းအဝေး ကျင်းပသည်။ ၁၉၆၂ ခုနှစ်တွင် နိုင်ငံအာဏာ ရယူခဲ့သော တော်လှန်ရေးကောင်စီကို ဖျက်သိမ်းသည်။ တော်လှန် ရေး ကောင်စီက နိုင်ငံတော်အာဏာကို ပြည်သူ့ လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်သို့ အပ်နှင်း သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ပေါ်ပေါက်လာပါ ပြီ။ ပြည်သူ့လွှတ်တော်က နိုင်ငံတော် ကောင်စီကို ဖွဲ့စည်းသည်။

တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဦးနေဝင်းနှင့် တော်လှန်ရေးကောင်စီ အဖွဲ့ဝင်များအတွင်းသို့ ဝင်သွားပြီး နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ ဦးနေဝင်း နှင့် အဖွဲ့ဝင်များ ပြန်ထွက်လာသည်။ လူဟောင်းများလည်း ပါသည်။ လူသစ်များလည်းပါသည်။ ၁၉၇၂ ခုနှစ်က ဖွဲ့သော အစိုးရ အဖွဲ့ကို ဝန်ကြီး ချုပ်ဦးနေဝင်း ဦးဆောင်သည်။ ယခု ၁၉၇၄ခုနှစ် မှာ ဖွဲ့သောအစိုးရအဖွဲ့ကို ဝန်ကြီးချုပ် ဦးစိန်ဝင်း ဦးဆောင်သည်။ ဝန်ကြီးအဖွဲ့နှင့်အတူ ပြည်သူ့ တရားသူကြီးအဖွဲ့၊ ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့၊ ပြည်သူ့ လုပ်ငန်း စစ်ဆေးရေးအဖွဲ့တို့ ပေါ်လာသည်။ မြို့နယ်အဆင့်၊ ရပ်ကွက်/ကျေးရွာ အုပ်စုအဆင့်များတွင်လည်း တရား စီရင်ရေးအဖွဲ့၊ လုပ်ငန်းစိစစ်ရေး အဖွဲ့များရှိသည်။

ကျွန်တော်က ပညာရေးဝန်ထမ်း ဖြစ်သည့်အတွက် ပညာရေးဌာနအကြောင်းကို စိတ်ဝင်စားသည်။ တော်လှန်ရေးကောင်စီခေတ်တွင် တော်လှန်ရေးအစိုးရ ၏ ပညာရေး ဌာနတာဝန်ခံ (ပညာရေးဝန်ကြီး) က ဗိုလ်မှူးကြီးလှဟန် (ဒေါက်တာ လှဟန်) ဖြစ်သည်။ ဒုတိယဝန်ကြီးတွေခန့်တော့ ဒေါက်တာညီညီက ဒုတိယဝန်ကြီးဖြစ်လာသည်။ ၁၉၇ဝ ပြည့်နှစ်မှာ ရန်ကုန်တက္ကသိုလ် နှစ်၅ဝပြည့် ရွှေရတုပွဲကို ခြိမ့်ခြိမ့်သည်းသည်း ကျင်းပခဲ့သည်။ ကျော်းသားလှုပ်ရှားမှုများလည်း မကြာခဏဖြစ်သည်။ ရွှေရတုသဘင်ပွဲ နောက်ဆုံးနေ့တွင် နယ်ကောလိပ် များမှာ ကျောင်းသားများ လှုပ်ရှားမှုဖြစ်သည့်အတွက် တာဝန်ရှိ ပုဂ္ဂိုလ်များ သွားရ၊ လာရ ထိန်းရသိမ်းရသည်။ မိုးထဲလေထဲမှာ ကျင်းပသော ရွှေရတုသဘင် နောက် ဆုံးနေ့ကို မဆင်နွှဲရတော့ပါ။

ရွေးချယ်တင်မြှောက်ပွဲ ကျင်းပပြီး အစိုးရအဖွဲ့ အသစ် ပေါ်လာတော့ ဆရာညီညီက သတ္တုတွင်းဝန်ကြီး ဖြစ်သွားသည်။ ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာ ခင်မောင်ဝင်းက ပညာရေးဝန်ကြီး ဖြစ်သွားသည်။ ကျွန်တော်က ထိုအချိန်တွင် ပညာရေး တက္ကသိုလ်မှာ အမှုထမ်းနေသည်။ ဆရာကြီး ဒေါက်တာ ခင်မောင်ဝင်းမှာ လမ်းစဉ် ပါတီဗဟိုကော်မတီဝင်တစ်ဦး ဖြစ်သည်။ ဆရာကြီးပညာရေးဝန်ကြီးဖြစ်သွားသည့် အတွက် ကျောင်းမှာ ဂုဏ်ပြုနှုတ်ဆက်ပွဲတွေ ကျင်းပ သည်။ ပညာရေးအပြောင်းအလဲက တော့ ၁၉၇၇ခုနှစ်မှာ ဒေသကောလိပ်ပညာရေးစနစ် စတင်ခြင်း ဖြစ်သည်။ ဒေသအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်အရ ပြည်နယ်၊ တိုင်း အသီးသီးတွင် ဒေသကောလိပ် (Regional College) များ စတင်ဖွင့်လှစ်သည်။ တော်လှန်ရေး ကောင်စီခေတ်ပြီးဆုံး၍ ဆိုရှယ်လစ်အစိုးရခေတ် စတင် ချိန်မှာ ပြုလုပ်သော ပထမဆုံး ပညာရေးအပြောင်း အလဲဟု ထင်ပါသည်။

၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ် အထိ ၁၂နှစ်ကာလ သည် တော်လှန်ရေးကောင်စီခေတ်၊ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ အမြုတေပါတီ ကာလဟု ခေါ်နိုင်ပါ သည်။ လုပ်ငန်းကြီးငယ်များကို ပြည်သူပိုင် သိမ်း ပြီးနောက် ပပက၊ ပြည်သူ့ဆိုင်၊ ဆီလက်မှတ်၊ မှောင်ခို ဈေး၊ မှောင်ခိုပစ္စည်း၊ တန်းစီ တိုးစားစသည့် ဝေါဟာရ များ၏ အခြေခံရာ လူမှုအခြေအနေ အပြောင်းအလဲ များ ပေါ်ပေါက်လာပါသည်။ ပြည်သူအများစုမှာ လိုချင်သည့် ပစ္စည်းကို ခက်ခက်ခဲခဲ ဝယ်ယူရသည့် ဒုက္ခ၊ ခရီးသွားလိုလျှင် ကားလက်မှတ်၊ ရထားလက် မှတ်၊ လေယာဉ်လက်မှတ်တို့ကို ခက်ခက်ခဲခဲ ဝယ်ယူရ သည့် ဒုက္ခကို ခံစားကြရပါသည်။

မောင်ခင်မင်(ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*