ဘွိုင်လာအိုးလား ဗျောက်အိုးလား

ဘွိုင်လာအိုးလား ဗျောက်အိုးလား
June 20, 2017 Asian Fame
ဘွိုင်လာအိုးလား ဗျောက်အိုးလား

nayblat

PEN Myanmar မှာ ပြုလုပ်တဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression) နဲ့ ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲတစ်ခုမှာ Case Study အဖြစ် တရားစွဲဆိုခံထားရတဲ့ ဆောင်းပါး နှစ်ပုဒ်အကြောင်း ဆွေးနွေးသုံးသပ်ကြရာကနေ ဒီခေါင်းစဉ်လေးက ခေါင်းထဲရောက်လာခဲ့တာပါ။ ကျွန်တော်တို့ ဆွေးနွေးဖြစ်ကြတဲ့ ဆောင်းပါးနှစ်ပုဒ်က Dawei Watch ၊တနင်္သာရီအပတ်စဉ် ဂျာ နယ်မှာဖော်ပြခံခဲ့ရတဲ့ စာရေးဆရာ အောင်လွင်(ကံပေါက်သား) ရဲ့ “ငါးရံ့တစ်ကောင်ရဲ့ရင်ဖွင့်သံ” ဆောင်းပါးနဲ့ The Voice ဂျာနယ် မှာ ဖော်ပြခံခဲ့ရတဲ့ စာရေးဆရာ ဗြိတိသျှကိုကိုမောင်ရဲ့ “ကျည်ထောင်စုသစ္စာ” ဆောင်းပါး တို့ပဲဖြစ်ပါတယ်။

“ငါးရံ့တစ်ကောင်ရဲ့ရင်ဖွင့်သံ” ဆောင်းပါးဟာ သတ္တုတွင်းလုပ်ငန်း တစ်ခုက သွန်ချလိုက်တဲ့ စွန့်ပစ် ရေဆိုးတွေ ဖုံးလွှမ်းနေတဲ့ ချောင်းတစ်ချောင်းထဲမှာ အသက်ရှင် နေထိုင်နေရတဲ့ ငါးရံ့တစ်ကောင်က သူ့ရဲ့ခံစားချက်တွေကို ပြောပြညည်းတွားဟန် နိမိတ်ပုံသုံးပြီး တင်ဆက်ထားတဲ့ အနုပညာလက်ရာ ကောင်းတစ်ခုဖြစ်ပါတယ်။ အဖြစ်မှန် တွေ ရောယှက်ထားတဲ့ ရသဝတ္ထု တစ်ပုဒ်လို့တောင် အမည်တပ်လို့ ရပါတယ်။ ဒါပေမဲ့ အဲဒီအနုပညာ ရသမြောက်စွာ ရေးဖွဲ့ထားတဲ့ အနုပညာပစ္စည်းတစ်ခုကို နှလုံးသား နဲ့မခံစားဘဲလွန်ကဲတဲ့အတ္တစိတ်တွေ နဲ့ ရန်ငြိုးဖွဲ့ခဲ့ကြသူတွေက စာရေးဆရာကို အသရေဖျက်မှု ပုဒ်မ ၅ဝဝ နဲ့ တရားစွဲဆိုခဲ့ကြပါတယ်။

ပထမအဆင့်တရားရှုံးပြီး စာရေးဆရာက ဒဏ်ငွေဆောင်ခဲ့ရပေမယ့် အဲဒီဒဏ်ငွေကို မကျေနပ်တဲ့အတွက် ကုမ္ပဏီကအယူခံထပ် တင်ထားသလို စာရေးဆရာဘက်က လည်း အယူခံပြန်တင်ထားတယ်လို့ သိရပါတယ်။ အတွေးဝတ္ထုလေးကို ဖတ်ကြည့်တဲ့အခါ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၊ ကုမ္ပဏီတစ်ခုခုကို အမည်တပ် ရေးဖွဲ့ထားခြင်းမရှိသလို၊ တကယ်ဖြစ်ပျက်နေတဲ့အကြောင်း အရာတွေကို အခြေခံပြီးအတွေး ကောင်းကောင်းကို နိမိတ်ပုံလှလှနဲ့ ရောယှက်ဖန်တီးထားတာကို တွေ့ရ ပါတယ်။ အဲဒီလိုပဲ အသရေဖျက်မှု ဥပဒေကို လေ့လာကြည့်တဲ့အခါမှာ လည်း အသရေဖျက်မှုမမြောက်တဲ့ ကင်းလွတ်ခွင့် (၁ဝ)ချက်ရှိတဲ့ အနက်က ပထမကင်းလွတ်ချက်၊ ဒသမကင်းလွတ်ချက်တွေနဲ့ ကိုက်ညီ နေတာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ စာရေးသူကတော့ အမှုရှုံးပြီး ဒဏ် ငွေဆောင်လိုက်ရပါတယ်။ နှစ်ဖက်စလုံးကတော့ အယူခံတွေ တက်ထားဆဲပါ။ ဒဏ်ငွေသောင်း ဂဏန်းဟာ သိပ်ပြောပလောက်တဲ့ အနေအထား မျိုးမဟုတ်ပေမယ့် ဒီအမှုရှုံးနိမ့်ခြင်းဟာ မြန်မာ့စာပေလောက အထူးသဖြင့် ရသစာပေဟာ ခြိမ်း ခြောက်ခံနေရပြီ ဆိုတာကို အတိအလင်းသတိပေးလိုက်တဲ့ ခေါင်းလောင်းထိုးသံ တစ်ခုပါပဲ။

လွတ်လပ်စွာ ရေးသားထုတ် ဖော်ပြောဆိုခွင့် (FOE) ကိုသာမကဘဲ လွတ်လပ်စွာတွေးခေါ် ကွန့်မြူးခွင့် (Freedom of Thought) ကိုပါထိပါးလာတယ်လို့ ကျွန်တော်တို့ သုံးသပ်ခဲ့ကြပါတယ်။ ဒီလိုစာမျိုးကို ဒီလိုတရားစွဲဆိုပြီး ဒီလိုပြစ်ဒဏ်ချတာမျိုးကိုတော့ စာပေနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်း တွေသာမကဘဲ စာပေအနုပညာရှင် တစ်ယောက်ချင်း စီကပါ ပြတ်ပြတ် သားသားဆန့်ကျင် သွားကြဖို့ လိုအပ်ပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင် နောက်နောင်ကာလ တွေမှာ စာပေအနုပညာဟာ ဒီလို ဓားချက်ပေါင်းများစွာ ထိရှခံစားရပြီး သေဆုံးပျောက်ကွယ်တဲ့အဖြစ်မျိုး ရောက်သွားနိုင်လို့ပါ။

နောက်ထပ်ဆောင်းပါး တစ်ပုဒ်ကတော့ တလောက အင်တာနက်စာမျက်နှာတွေမှာ လူပြောသူပြောများသွားတဲ့ စာရေးဆရာဗြိတိသျှ ကိုကိုမောင်ရဲ့ “ကျည်ထောင်စုသစ္စာ” ဆောင်းပါးပါပဲ။ ဒီဆောင်းပါးအကြောင်းကို ဆွေးနွေးသုံးသပ်ကြတဲ့အခါမှာ သရော်စာဆိုတဲ့ စာပေရေးသားမှု ပုံသဏ္ဌာန်တစ်ခုဆီကို စ ကားလမ်းကြောင်းက ရောက်သွားပါတယ်။ သရော်စာဆိုတာဘာလဲ။ အောက်စဖို့ဒ်ဒေရှင်နရီထဲမှာတော့ သရော်စာလို့ ကျွန်တော်တို့ပြောကြတဲ့ Satire ဆိုတဲ့စကားလုံးကို အခုလို ဖွင့်ဆိုထားပါတယ်။ “ The use of humor, irony, exaggeration,or ridicule to expose and criticize people’s stupidity or vices, particularly in the context of contemporary politics and other topical issues. ” အနီးစပ်ဆုံး ဘာသာ ပြန်ရင်တော့ “ခေတ်ပြိုင် နိုင်ငံရေးနဲ့အခြားသောကိစ္စရပ်တွေမှာ လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် တစ်စုတစ်ဖွဲ့ရဲ့ မိုက်မဲမှု၊ မတရားမှု၊ မသမာမှု၊ လွဲချော်မှုတွေကို ဟာသဥာဏ်၊ အရွဲ့တိုက်ခြင်း၊ သာသာထိုးထိုးပိုပိုသာသာပြောခြင်းဆိုတဲ့ ရေးသား မှုပုံသဏ္ဌာန်တွေသုံးပြီး ဖော်ထုတ်ခြင်း၊ ဝေဖန်ခြင်း” လို့ ထွက်ပါတယ်။

အခြားသော အဓိပ္ပါယ်ဖွင့်ဆို ချက်တွေကို ထပ်မံလေ့လာကြည့်တဲ့အခါ “ “Satire is a genre of literature, and sometimes graphic and performing arts ” လို့ဆိုတာကြောင့် စာပေရေးသားမှုတင်မကဘဲ ရုပ်ပုံတွေ၊ကာတွန်း တွေ၊ တင်ဆက်မှုအနုပညာတွေပါ ပါဝင် နိုင်တယ်လို့ တွေ့ပါတယ်။ နောက်ပြီှးအေငမန မှာ မရှိမဖြစ်ပါဝင်သင့်တဲ့ အမှတ်လက္ခဏာကတော့ ပါးနပ်မှု ဖြစ်တယ်လို့လည်း တွေ့ရပါတယ်။ ပြန်ချုပ်ကြည့်လိုက်ရင် သရော်စာ(Satire)တွေ မှာရှိသင့်တဲ့ အမှတ်လက္ခဏာတွေ အဖြစ် ဟာသဥာဏ်၊ ပါးနပ်မှု၊ အရွဲ့တိုက်မှု၊ သာသာထိုးထိုး ပိုပိုသာသာပြောမှု တွေ တွေ့မြင် ရပါတယ်။

အဲဒီတော့ သရော်စာဆိုတာဟာ ဒဲ့ဆော်တာထက် ပါးပါးနပ်နပ်နဲ့ အရှိုက်ကိုထိုးတာဖြစ်ပါတယ်။ ထိတဲ့သူက ပြုံးပြုံးကြီးနဲ့အင့်ခနဲ နာသွားရတဲ့ပုံစံ မျိုးပေါ့ (မျက်စိထဲ မြင်ယောင်ကြည့်လိုက်ပါ)။ သရော်စာဆိုတာဟာ ဖတ်သူကို တခွိခွိနဲ့ ရယ်မိပြုံးမိတာမျိုး ဖြစ်စေရပါမယ်။ သရော်စာဆိုတာဟာ ချောချောမွေ့ မွေ့ပြေပြေပြစ်ပြစ် မဟုတ်ဘဲ ရွဲ့ပါ စောင်းပါလိမ့်မယ်။ သရော်စာဆိုတာဟာ အပိုဆာဒါးတွေနဲ့ အတိဿ ရဝုတ္တိ အလင်္ကာတွေ သုံးပါလိ့မ်မယ်။ ကျွန်တော် ဒီလိုပဲနားလည်မိပါတယ်။

ဆရာမောင် သော်က ပြောဖူးတာလေးကို ဆရာမျိုးမြင့်ညိမ်း ဝေမျှတာလေးလည်း ကြားဖူးပါတယ်။ ” သရော်စာဆိုတာက ဘွိုင်လာအိုးတစ်အိုး အပူလွန်ကဲလာပြီး ဆူပွက်လာတဲ့အခါ အဲဒီဘွိုင်လာအိုးမှာရှိတဲ့ Safety vault (ပေါက်ကွဲမသွားစေရန် ဖွင့်ပေးရသော လုံခြုံရေးတံခါး ပေါက်)ကို ဖွင့်ပေးလိုက်လို့ အငွေ့တွေ တရှုးရှုး ထွက်လာသလိုမျိုးနဲ့ ဆင်တူတယ်” တဲ့။ စုထားတာတွေကို အသံတစ်သံနဲ့ဖွင့်ထုတ်ပြီးသားဖြစ်၊ ရင်ထဲမှာ စုထား ရတာတွေများပြီး ကြမ်းတမ်း ပြင်းထန်စွာနဲ့ ပေါက်ကွဲထွက် မယ့်အရေးကို လည်းကာကွယ်ပြီးသားဖြစ်တဲ့ ရေးသား နည်းတစ်ခုလို့ နားလည်မိပါတယ်။

” ကျည်ထောင်စုသစ္စာ” ကို လေ့လာကြည့်တဲ့ အခါဒဲ့ဆော်တာတွေ တော်တော်များများပါနေလေတော့ ဘွိုင်လာအိုးက အပူငွေ့ကို Safety Vault ကနေရှူးခနဲ ထုတ်လိုက်တာနဲ့ မတူတော့ဘဲ ယမ်းထိုး၊ စနက်တံတပ်ပြီး ပစ်ဖောက်လိုက်တဲ့ ဗျောက်အိုးနဲ့ တူသွားတယ်လို့ သုံးသပ်မိပါတယ်။ ဘွိုင်လာအိုးရဲ့ ဆူပွက်မှုထက်များစွာ သာလွန်တဲ့ မျိုသိပ်ရမှု တွေ ကျွန်တော်တို့လူငယ်တွေရဲ့ ရင်ထဲမှာ ပြည့်သိပ်နေခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးနဲ့ပတ်သက်ပြီး စာရေးသူကို ၆၆(ဃ) နဲ့ တရားစွဲဆိုထားတာကို မထောက်ခံပေမယ့် စာရေးဆရာရဲ့ ရေးသားမှုပုံသဏ္ဌာန်ကလည်း သရော်တယ်ဆိုရင်တောင် ဘွိုင်လာအိုးလို သရော်တာမျိုး မဟုတ်ဘဲ ဗျောက်အိုးလိုသရော် သလိုဖြစ်သွားတယ်လို့ မြင်မိပါတယ်။

သရော်စာနဲ့ပတ်သက်လို့ ကျွန်တော်တို့ဆီမှာ ဖြစ်နေတာက စာရေးသူရော၊ စာဖတ်သူဘက်မှာပါ သရော်စာရဲ့ သဘောသဘာဝကို သိရှိနားလည်မှု အားနည်းနေသေး တာပါ။ အထူးသဖြင့် လူမှုကွန်ယက် စာမျက်နှာတွေမှာ သရော်စာရေး မယ်ဆိုရင် အောက်က “သရော်စာ” လို့ ခေါင်းစဉ်တပ်ပေးရုံနဲ့တင်မလုံ လောက်ဘဲ သရော်စာဆိုသည်မှာ ဆိုတာမျိုးပါ အဓိပ္ပါယ်ဖွင့်ဆိုပေး ရမယ့်ပုံပါပဲ။ သရော်စာရဲ့ အမှတ် လက္ခဏာတွေဖြစ်တဲ့ ရွဲ့ရေးတာကိုလည်း ရွဲ့လို့ရွဲ့မှန်းမသိ၊ အတိဿရ ဝုတ္တိ အလင်္ကာသုံးတာကိုလည်း နားမလည် ဆိုတာမျိုးတွေခဏခဏ ကြုံရပါတယ်။

အဆိုးဆုံးကတော့ သရော်စာ တွေကို ဆတ်ဆတ်ထိမခံဘဲ တရားစွဲဆိုနေတာတွေပါပဲ။ အသရေဖျက်မှု ပုဒ်မ (၅ဝဝ) ထဲက ကင်းလွတ်ချက် (၁ဝ) ချက်ကို သေချာလေ့လာကြ သင့်ပါတယ်။ နိုင်ငံတကာမှာဆို ရာထူးကြီးကြီးယူထားသူတွေ၊ နာမည် ကြီးဆယ်လီဆိုသူတွေနဲ့ အစိုးရအဖွဲ့ နဲ့သက်ဆိုင်သော Institution တွေရဲ့ ဝေဖန်ခံနိုင်စွမ်းက ပိုမြင့်ရသလို အဆိုပါပုဂ္ဂိုလ်အဖွဲ့အစည်း တွေကို ဝေဖန်မယ်ဆိုရင် ကင်းလွတ် ချက်တွေရှိနေတာမျိုး လေ့လာ တွေ့ရှိရပါတယ်။

စာရေးသူတွေအနေနဲ့လည်း သရော်တာနဲ့ ကလော်တာကို ကွဲဖို့လိုပါတယ်။ အပူလွန်ကဲပြီး ပွက်ပွက်ဆူလာလို့Safety Vault ဖွင့်ထုတ်လိုက်ရာ ကနေထွက်လာတဲ့ ဘွိုင်လာအိုးလို သရော်စာမျိုးနဲ့ ဖိသိပ်ထည့်ထား တဲ့ယမ်းတွေကို စနက်တံတပ်ပြီး ပစ်ဖောက်လိုက်တဲ့ ဗျောက်အိုးလို သရော်စာမျိုးကို ခွဲခြားရေးသားနိုင်ကြမယ်ဆိုရင် ကောင်းပါတယ်။ လူငယ်စာရေးဆရာတွေဘက် ကနေ ရှေ့နေလိုက်ရရင်တော့ ပြောင်းလဲလာတဲ့ခေတ်မှာ ပေါက်ကွဲ အားသိပ်မပြင်းရင်၊ သူတစ်ပါးအနှောင့်အယှက်မဖြစ်ရင် ဗျောက်အိုးဖောက်တာနဲ့တူတဲ့ သရော်စာတွေကိုလည်း အထိုက်အလျောက် ခွင့်ပြုသင့်တယ်လို့ မြင်မိပါတယ်။ အရေးကြီးတာက ဘွိုင်လာအိုးပဲ ဆူဆူ၊ ဗျောက်အိုးပဲ ဖောက်ဖောက် ကိုယ့်လုပ်ရပ်ကို ကိုယ်တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိဖို့ပါပဲ။ အနှစ် ပြန်ချုပ်ရရင်တော့ တစ်ဖက်က လည်း ဝေဖန်ခံနိုင်စွမ်းကို ခပ်မြင့်မြင့်ထားပြီး ဆတ်ဆတ်ထိမခံ မတုံ့ပြန်ဖို့ နဲ့ တစ်ဖက်ကလည်း သရော်ခြင်းနဲ့ကလော်ခြင်းကိုပီပီပြင်ပြင် ခွဲခြား ဝေဖန်နိုင်ကြဖို့ ရည်ရွယ်ပြီး ဒီစာကို ရေးရခြင်းဖြစ်ပါတယ်။ အစိုးရမင်းများ ဝေဖန်ခံနိုင် စွမ်းအား မြင့်မားပါစေ။ ဆတ်ဆတ် ထိမခံ တုံ့ပြန်တရား စွဲဆိုနေခြင်းများ ရပ်တန့်ပါစေ။ သရော်စာများထွန်း ကားပါစေ။ ကလော်တုတ်ခြင်းများ နည်းပါးပါစေ။ချစ်ခြင်းမေတ္တာကိုမြတ်နိုးပါ။ ဥာဏ်ပညာကိုတန်ဖိုးထားပါ။

အနုပညာကိုခံစားတတ်ပါစေ
နေဘုန်းလတ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*