တော်လှန်ရေးကောင်စီခေတ်မှာ ၅

တော်လှန်ရေးကောင်စီခေတ်မှာ ၅
June 13, 2017 Asian Fame
တော်လှန်ရေးကောင်စီခေတ်မှာ ၅

mkm

တော်လှန်ရေးကောင်စီ လက်ထက်တွင် အရေးပါသောဌာနတစ်ခုမှာ ဗဟိုနိုင်ငံရေး တက္ကသိုလ် ဖြစ်သည်။ စတင်တည် ထောင်စဉ်က ဗဟိုနိုင်ငံရေးသိပ္ပံဟု ခေါ်ပြီး နောက်တော့ တက္ကသိုလ် ဖြစ်လာသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ကေဒါများအဖြစ် ထိုတက္ကသိုလ်က သင်ကြားလေ့ကျင့် ပေးသည်။ သဘောတရားဌာန၊ သမိုင်းဌာန၊ စီးပွားရေးဌာန၊ စည်း ရုံးရေးဌာနစသည့် ဘာသာရပ်ဆိုင် ရာ ဌာနများက သက်ဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချပေးသည်။ လူနှင့် ပတ်ဝန်းကျင်တို့၏ အညမည သဘောတရား၊ ကမ္ဘာ့ သမိုင်းမှ မှတ်တိုင်များ၊ ကမ္ဘာ့အတွေး အခေါ်သမိုင်း၊ လူတို့၏ ကုန်လုပ် ဆက်ဆံရေးသမိုင်း စသည့် စာအုပ်များက အရေးပါသော ပြဋ္ဌာန်းစာအုပ်များဖြစ်သည်။ ပါတီဝင်ဝန်ထမ်းများ ဗဟိုနိုင်ငံရေး တက္ကသိုလ် (ဗနတ)သို့ အလှည့်ကျတက်ရသည်။ နောက်ပိုင်းမှာ ဌာနဆိုင်ရာသဘောတရား သင်တန်းများ၊ မွမ်းမံသင်တန်းများသို့ ဗနတမှ ဆရာများလာရောက် ပို့ချ ပေးသည်။ ‘ကုန်ထုတ်စွမ်းအားစု” ၊ “ကုန်လုပ်ဆက်ဆံရေး”၊ “အခြေခံ အဆောက်အအုံ”၊ “အပေါ်ထပ် အဆောက်အအုံ” စသည့် ဝေါဟာရများ အသုံးတွင်ကျယ်သည်။ ပါတီယူ နစ်၊ ပါတီစိတ်၊ ပါတီကလာပ်စည်း အစည်း အဝေးများတွင် ထိုဝေါ ဟာရများကို အမြဲကြားရပါသည်။

ပါတီရေးရာစာစောင်၊ နိုင်ငံ တကာရေးရာစာစောင်၊ လမ်းစဉ် သတင်းဂျာနယ်တို့ လစဉ်ထွက် သည်။ နိုင်ငံ၏ ဦးဆောင်ပါတီကြီးက ထုတ်ဝေသော စာစောင်များဖြစ်၍ စနစ်တကျ ရေးသားပြုစုထားသည့် စာများက ဖတ်ရှုလေ့လာသူတို့ကို ဗဟုသုတများစွာ ပေးပါသည်။ လမ်း စဉ်သတင်းစာစောင်တွင် အရပ်ရပ် သို့ သွားရောက်လေ့လာခြင်း၊ အင်တာဗျူးလုပ်ခြင်းတို့ဖြင့် ရရှိသော သတင်းများကို ဓာတ်ပုံများဖြင့် ဝေဝေဆာဆာ ဖော်ပြပါသည်။ ထို့ ပြင် မြန်မာလိုထုတ်ဝေသော ရှေ့သို့နှင့် အင်္ဂလိပ်လို ထုတ်ဝေသော Forward တို့မှာလည်း ထင်ရှားသော လစဉ်ထုတ် စာစောင်များဖြစ်သည်။ တောင်သူလယ်သမားဂျာနယ်၊ အလုပ်သမားဂျာနယ်တို့လည်း ထွက် ပါသည်။ ထိုခေတ်ကာလ၏ သရုပ်
ကို ထင်ဟပ်ပြနေသော စာစောင် များဖြစ်သည်။

တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ကြီးက နိုင်ငံရေးခေါင်းဆောင်ဟောင်းများကို ဖိတ်ကြားပြီး ပြည်တွင်းညီညွတ်ရေးအကြံပေးအဖွဲ့ကို ဖွဲ့စည်းခြင်းမှာလည်း ထူးခြားသော သတင်းတစ်ပုဒ် ဖြစ်သည်။ Advisory Body For Internal Unity ဟု အင်္ဂလိပ်လို ရေးသည့် အဖွဲ့ဝင် ၃၃ ယောက်ပါဝင်သည်။ ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ သခင်တင်၊ သခင်သာခင်၊ ဗိုလ်ခင် မောင်ကလေး စသည့် ဖဆပလ၊ ပထစ ဝန်ကြီးဟောင်းများ၊ သခင်ချစ် မောင် (ဝိဓူရ)၊ သခင်ချစ်မောင် (မြန်အောင်)၊ ဦးထွန်းမြင့် (လင်းခေး)၊ သခင်လွင်စသည့် ခေါင်းဆောင်ဟောင်းများ၊ ဒူးဝါးဇော်လွန်း၊ ဒူးဝါး ဇော်ရစ်၊ စဝ်ဝဏ္ဏ စသည့် တိုင်းရင်းသားခေါင်းဆောင်ဟောင်းများ စသည်ဖြင့် ပါဝင်ကြသည်။ တော်လှန် ရေးကောင်စီဥက္ကဋ္ဌကြီးက ပြည်တွင်း ညီညွတ်ရေးအတွက် အကြံပေးကြ ရန်၊ ဝိုင်းဝန်းဆောင်ရွက်ကြရန်မှာ ကြားသည်။ ကာလအတန်ကြာ အစုလိုက်အဖွဲ့လိုက် တိုင်ပင်ဆွေးနွေးကြ ပြီးနောက် ဥက္ကဋ္ဌကြီးထံ အကြံပေး ချက်များ တင်သွင်းကြသည်။ မှတ်မိ နေသည်မှာ ဦးနု ခေါင်းဆောင်သော အစုက တင်သွင်း သည့်အကြံပေးချက် ဖြစ်သည်။ =ဗိုလ်နေဝင်းက ကျွန်တော့် ထံမှ သိမ်းယူသွားသော အာဏာကို ပြန်အပ်ပါ” ဟု အကြံပေးထားသည်။ အာဏာပြန်အပ်လျှင် လွှတ်တော်တွင် သင်ပုန်းချေဥပဒေတင်သွင်းပြီးဖြစ် ပြီးခဲ့သည့်ကိစ္စများကို သင်ပုန်းချေပါမည်ဟု ကတိပြုသည်။ ပြည်သူက အပ်နှင်းသောအာဏာကို ရယူရန် ဟူသည့်သဘောလည်းပါသည်။ ထို နောက်ပိုင်းတွင် ပြည်တွင်းညီညွတ် ရေးအကြံပေးအဖွဲ့ ရပ်စဲသွားသည် ဟု မှတ်မိနေပါသည်။

“အတွင်းဝန်ရုံး” သည် လွတ်လပ်ရေးမရမီကတည်းက ရှိနေသော ရုံးကြီးဖြစ်သည်။ အင်္ဂလိပ်လို Secretariet ဟုခေါ်သည်။ ဝန်ကြီး ဌာနများကို အတွင်းဝန် (Secretary) များက ကြီးမှူးအုပ်ချုပ်သည်။ အတွင်းဝန်ရာထူးကို BCS (မြန်မာနိုင်ငံ ပဋိညာဉ်ခံဝန်ထမ်း) အောင်ပြီး သူများသာ ရနိုင်သည်။ စနစ်တကျ လေ့ကျင့်ထားသော ဝန်ထမ်းများ၊ မြို့၊ အုပ်၊ ဝန်ထောက်အဆင့်မှ အတွင်း ဝန်အဆင့်အထိ အဆင့်ဆင့်တက်နိုင် သည်။ အတွင်းဝန်များကို အကြောင်း ပြု၍ ထိုရုံးကို အတွင်းဝန်ရုံးဟုခေါ်သည်။ “အတွင်းဝန်၊ တွဲဖက်အတွင်းဝန်၊ ဒုတိယအတွင်းဝန်၊ အတွင်းဝန် ကလေး” စသည်ဖြင့် အဆင့်ဆင့်ရှိ သည်။ ဆူးလေဘုရားလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ခြောက်ထပ်ရုံးကို အတွင်း ဝန်ရုံးသစ်ဟု ခေါ်သေးသည်။ ဝန်ကြီးဌာနအချို့ ထိုရုံးမှာ ရုံးထိုင်သည်။

“အတွင်းဝန်” ဆိုသော ဝေါဟာရသည် ကိုလိုနီခေတ်က စ၍အသုံးတွင် ကျယ်သော ဝေါဟာရဖြစ်သည်။ ဝန်ကြီးဌာနတွင် အုပ်ချုပ်ရေး အကြီး အကဲရာထူးဖြစ်သည်။ ပါလီမန်အ တွက် ပါလီမန်အတွင်းဝန် (Parliamentary Secretary) ဆို သော ရာထူးလည်းရှိသည်။ ပါလီမန် အတွင်းဝန်မှာ နိုင်ငံရေးရာထူးဖြစ်၍ ပါလီမန်အမတ်များထံမှ ရွေးချယ် ခန့်ထားသည်။ ဝန်ကြီးကိုယ်စား ပါလီမန်ကိစ္စများကို ဆောင်ရွက်ရ သည်။ ပါလီမန်အစည်းအဝေးတွင် ပါလီမန်အမတ်များမေးသော မေး ခွန်းများကို ဝန်ကြီးဌာနကို ကိုယ်စား ပြု၍ ဖြေကြားရသည်။ ထို့ပြင် “အတွင်းရေးအတွင်းဝန်” ဆိုသော ရာထူးလည်း ရှိသည်။ ဝန်ကြီး၏ ကိုယ်ရေးအရာရှိကို အတွင်းရေး အတွင်းဝန်ဟု တစ်ချိန်က ခေါ်သည်။ နောက်ပိုင်းတွင် ကိုယ်ရေးလက်ထောက် (Personal Assistant PA) ၊ ကိုယ်ရေးအရာရှိ (Personal Staff Officer – PSO) ဟု ပြောင်းခေါ်သည်။ ထိုခေတ်က အတွင်း ဝန်ချုပ် (Chief Secretary) ဟူသော ရာထူးလည်းရှိသည်။ အမြဲတမ်းအတွင်းဝန် (Permanent Secretary) ဟူသော ရာထူးကိုမူ ထိုခေတ်က နိုင်ငံခြားရေးရုံး (Foreign Office) မှာသာ ကြားဖူးပါသည်။

တော်လှန်ရေးကောင်စီခေတ်မတိုင်မီက ညွှန်ကြားရေးဝန် (Director) ဟူသော ဝေါဟာရတွင် ကျယ်သည်။ “မင်းကြီး” ဟူသော ဝေါဟာရလည်း တွင်ကျယ်သည်။ ပညာရေးဌာန ညွှန်ကြားရေးဝန်ကို “ပညာမင်းကြီး” ဟုခေါ်သည်။ စာစစ် အဖွဲ့အကြီးအမှူးကို “စာစစ်မင်းကြီး” ၊ ကျန်းမာရေးဌာန ညွှန်ကြားရေးဝန်ကို “ဆေးမင်းကြီး” ၊ ငွေစာရင်းဌာနအကြီးအမှူးကို “ငွေစာရင်းမင်းကြီး”၊ တိုင်းအကြီးအကဲကို “တိုင်းမင်းကြီး”၊ ရဲတပ်ဖွဲ့အကြီးအကဲကို “ရဲမင်းကြီး” စသည်ဖြင့် သုံးပါသည်။ နောက်ပိုင်းမှာ “ညွှန်ကြားရေးဝန်”ကို “ညွှန်ကြားရေးမှူး”ဟု ပြောင်းခေါ်သည်။ “ဝန်” တွေအားလုံး ပျောက်သွားသည်။ “မင်းကြီး”တွေလည်း ပျောက်သွားသည်။ ညွှန်ကြားရေးဆိုင်ရာ ရာထူးအခေါ်များ အစောပိုင်းမှာ မတည်ငြိမ်သေးပါ။ ဌာနအကြီးအကဲကို “ညွှန်ကြားရေးမှူး”ဟု အခေါ်များသည်။ အောက်အဆင့်များတွင် “စတုတ္ထညွှန်ကြားရေးမှူး”ဟူသော အခေါ်မျိုးပင် ပေါ်လာသည်။ နောက်ပိုင်းကျတော့ “ညွှန်ကြားရေးမှူး” များကို “ညွှန်ကြားရေးမှူးချုပ်”ဟု ပြောင်းလဲခေါ်ရန် အမိန့်ထွက်လာသည်။ အောက်အဆင့်များလည်း အခေါ်တည်ငြိမ်သွားသည်။ “စတုတ္ထ ညွှန်ကြားရေးမှူး” မရှိတော့။ အကြီး အမှူးကိုတော့ ဦးစီးဌာနဆိုလျှင် ညွှန်ကြားရေးမှူးချုပ်၊ ကော်ပို ရေးရှင်း/လုပ်ငန်းဆိုလျှင် ဦးဆောင် ညွှန်ကြားရေးမှူးဟု ခွဲခြားခေါ်သည်။ အင်္ဂလိပ်လို Director General -DG နှင့် Managing Director-MD ဟူ၍ ခွဲခြားခေါ်သည်။

၁၉၇၂ ခုနှစ်မှာ “အတွင်းဝန်ရုံး” ကို “ဝန်ကြီးများရုံး”အဖြစ် ပြောင်းလဲ ဖွဲ့စည်းခြင်းမှာလည်း အမှတ်တရ ဆောင်ရွက်ချက်တစ်ခုဖြစ်သည်။ ထို သို့ပြောင်းလဲသည်နှင့်အတူ “အတွင်းဝန်”ရာထူးများ ဖျက်သိမ်း၍ “ဒုတိယဝန်ကြီး”ရာထူးများ ပေါ်လာသည်။ ပြောင်းလဲရသည့် အကြောင်းကို ဌာနဆိုင်ရာ ရှင်းလင်းပွဲများ ပြုလုပ် ရာတွင် အတွင်းဝန်မှာ ကိုလိုနီခေတ် ကတည်းက အမြစ်တွယ်ခဲ့သော ဗြူရိုကရက်ရာထူးဖြစ်၍ ပယ်ဖျက်ပြီး ယခုပြည်သူက ရွေးချယ်တင်မြှောက် သောကိုယ်စားလှယ်များထဲမှ ဒုတိယ ဝန်ကြီးများ ခန့်အပ်မည်ဖြစ်ကြောင်း ရှင်းလင်းသည်ကို ကြားလိုက်ရပါသည်။ ထိုအချိန်ကစ၍ ဝန်ကြီးဌာန အသီးသီးတွင် ဒုတိယဝန်ကြီးများ ပေါ်ပေါက်လာပါသည်။

တော်လှန်ရေးကောင်စီခေတ်တွင် ထင်ရှားသော ရာထူးတစ်ခုမှာ အထူးအရာရှိ Officer on Special Duty-OSD ဖြစ်သည်။ ဌာနအသီးသီးတွင် အထူးအရာရှိများ ခန့်အပ် သည်။ များသောအားဖြင့် တပ်မတော်အရာရှိများကို ခန့်အပ်ခြင်း ဖြစ်သည်။ အထူးအရာရှိများက သြဇာအရှိန်အဝါရှိသည်။ ဌာနကိစ္စများကို စီမံခန့်ခွဲခွင့်ရှိသည်။ ဌာနများ တွင် အထူးအရာရှိများ၏ ပုံရိပ်ကများစွာ လွှမ်းမိုးနေသည်ကို တွေ့ရပါသည်။

၁၉၇၂ခုနှစ်တွင် အစိုးရအ ပြောင်းအလဲဖြစ်သည်။ တော်လှန် ရေးကောင်စီက ဖွဲ့စည်းခဲ့သော တော်လှန်ရေးအစိုးရအဖွဲ့ကို ပြည် ထောင်စုမြန်မာနိုင်ငံ အစိုးရအဖွဲ့ဟူ ၍ ပြင်ဆင်ဖွဲ့စည်းခြင်းဖြစ်သည်။ ဗိုလ်ချုပ်ကြီးနေဝင်းသည် တပ်မတော်မှ အငြိမ်းစားယူပြီး “ဦးနေဝင်း” ဖြစ်သွားသည်။ “ဗိုလ်မှူးချုပ်စန်းယု” က ဗိုလ်ချုပ်ကြီးစန်းယုဖြစ်သွားပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူရသည်။ အစိုးရအဖွဲ့တွင် ဦးနေဝင်းက ဝန်ကြီးချုပ်၊ ဗိုလ်ချုပ် ကြီးစန်းယုက ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သည်။ ယခင်ဝန်ကြီးများအဖြစ် ဆောင်ရွက်ခဲ့သည့် တပ်မတော်အရာရှိကြီးများ ဖြစ်သော ဗိုလ်မှူးချုပ်များ၊ ဗိုလ်မှူး ကြီးများလည်း တပ်မတော်မှ အငြိမ်းစားယူပြီး “ဦး” ဖြစ်သွားကာ ဝန်ကြီးများအဖြစ် ဆက်လက်တာဝန်ယူကြရသည်။ ဦးစိန်ဝင်း၊ ဒေါက်တာလှဟန်၊ ဒေါက်တာမောင်လွင်၊ ဦးသောင်း ကြည်၊ ဦးရွှေ၊ ဦးလွင် စသည့်ပုဂ္ဂိုလ် များ ဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမြုတေပါတီအဆင့်မှ ပြည်သူ့ပါတီအဆင့်သို့ ကူးပြောင်းရန် တာစူနေချိန်ဖြစ်သည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*