အလွမ်းရေလက်ကြား

အလွမ်းရေလက်ကြား
June 12, 2017 Asian Fame
အလွမ်းရေလက်ကြား

konyein

ဒီနေ့က ဆရာတင်မိုးရဲ့ အရိုးပြာ ရေဝေးမှာ ဂူသွင်းတယ်။ အဲဒီနေ့မှာ ကျွန်တော်က ဆရာတင်မိုးလို (ဆရာတင်မိုးလို..) ဇာတိလွမ်း ကဗျာဆရာဖြစ်တဲ့ ထိုင်ဝမ်ကဗျာဆရာကြီး ယီကွမ်းကျုံးရဲ့ တရုတ်လို ရှန်းချို မြန်မာလို အလွမ်းရေလက်ကြားကို ဘာသာ ပြန်ထားတဲ့ ကဗျာကို ဖတ်နေမိ၊ ခံစားနေမိတာနဲ့ တိုက်ဆိုင်နေပါရဲ့။

ဆရာတင်မိုးဟာ ဇာတိအလွမ်းသမားအဖြစ်နဲ့ ဘဝကို နိဂုံးချုပ်သွား သူပါ။ ကိုယ့်မြေကိုယ့်ရွာ ပြန်လာဖို့ ပိတ်ပင်ခံရသူပါ။ ရင်ကွဲနာကျရသူ ပါ။ ဒီကဗျာထဲက ကဗျာ ဆရာကြီးယီကွမ်းကျုံး ကတော့ သူ့ဇာတိနဲ့ နှစ် ပေါင်းလေးဆယ်ကျော်ခွဲ ပြီးမှ ဇာတိကို ပြန်ခွင့်ရခဲ့တယ်။ သူ့ ကဗျာလေးက အင်မတန်ရိုးရှင်းလှပ တဲ့ ကဗျာလေးတစ်ပုဒ် ဖြစ်တယ်ဆိုတာ ပြောပြချင်လှပါတယ်။ အဲ .. ခေါင်းစဉ်ကတော့ “အလွမ်းရေလက်ကြား” ပေါ့နော်…။

ငယ်ငယ်တုန်းက
အလွမ်းဆိုတာ…
အရွယ်သေးသေး
တံဆိပ်ခေါင်းလေး တစ်လုံးပါ။
ကျွန်တော်က ဒီမှာ
အမေက ဟိုး အဝေးမှာ။
ကြီးလာတဲ့အခါ
အလွမ်းဆိုတာ
ရှည်ရှည်မျောမျော
သင်္ဘောလက်မှတ်လေး
တစ်စောင် ပါ။
ကျွန်တော်က ဒီမှာ
ချစ်သည်းကား ဟိုး…မှာ။

နောက်တော့
အလွမ်းဆိုတာ
မှိန်မှိန်ကုပ်ကုပ်
မြေပုံအုတ်ဂူလေးတစ်လုံးပါ။

ကျွန်တော်က အပြင်မှာ
အမေက အတွင်းမှာ…
အခုတော့ဗျာ
အလွမ်းဆိုတာ
ကွေ့ကောက်နေတဲ့
ရေတိမ်တိမ် ရေလက်ကြားတစ်ခုပါ။
ကျွန်တော်က ဒီဘက်ကမ်းမှာ
ရွှေပြည်ကြီးက ဟိုးဘက်ကမ်းမှာ..။

ကိုင်း ဒီကဗျာဟာ ဆရာတင်မိုး ရဲ့ ခံစားမှုကို ကိုယ်စားပြောပြနေသလားလို့ မထင်ရဘူးလား။ ယီကွမ်း ကျုံးဟာ ၁၉-၉-၉၂ ခုနှစ်မှာ အနှစ် လေးဆယ်ကြာပြီးမှ သူချစ်တဲ့ တရုတ် ပြည်မကြီးကို ပြန်ရောက်လာသူပါ။ သူရောက်လာတော့ စာသင်ကျောင်း လေးတစ်ခုက အလွမ်းကဗျာ ဆရာ ကြီးကို သူရေးတဲ့ “အလွမ်းရေလက် ကြား” ကဗျာကို ရွတ်ဆိုကြိုဆိုကြ သတဲ့။ ကဗျာဆရာကြီးပါးမှာ မျက်ရည်တွေနဲ့လို့ ဆိုပါတယ်။ဆရာတင်မိုးကိုလည်း အသက် ထင်ရှားနဲ့ ပြန်လာပြီး အဲသလို ကြို ဆိုမှုမျိုးတွေနဲ့ ကြိုဆိုချင်လိုက်တာ။ ဒါပေမဲ့ အခွင့်အရေး မရခဲ့ဘူး။ ဇာတိလွမ်းသူချင်း အတူတူ ယီကွမ်းကျုံးကတော့ တောင်းဆိုမှုတွေတောင် တောင်းဆိုသွားသေး။

ငါသေရင်
ငါ့ကို ယန်စီနဲ့ မြစ်ဝါအကြား
မြှုပ်နှံလို့ ထားပေးကြပါ…တဲ့။

သူက “ထားပေးကြပါ..ထားပေးကြပါ..” လို့ ပြောတဲ့နေရာဟာ သူ့အဖို့ “အမေ အဖြစ်ဆုံးနေရာ” မို့တဲ့လေ။ ။

ကိုငြိမ်း (မန္တလေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*