ဓာတ်ပုံ အနေအထိုင်

ဓာတ်ပုံ အနေအထိုင်
June 5, 2017 Asian Fame
ဓာတ်ပုံ အနေအထိုင်

sawb

စိတ်ကူးတည့်ရာ တွေးကြည့်မယ်ဆိုပြီး ကင်မရာကိုင်လိုက်တယ်။ ဟုတ်ကဲ့ စိတ်ကူးတည့်ရာ တွေးကြည့်မယ်ဆိုပြီး …

ကျွန်တော်ကင်မရာ ကိုင်လိုက်တယ်။ ဓာတ်ပုံတွေရဲ့ အနေအထိုင်၊ ဓာတ်ပုံတွေရဲ့ အပြောအဆို၊ ပြီး တော့ ဓာတ်ပုံတန်မဲ့ အနွဲ့အလျ၊ အများကြီး ဒီကင်မရာတွေးတယ်။ တချို့ကင်မရာတွေ ဆိုင်ကယ်၊ တက္ကဆီ ငှားစီးပေမယ့်၊ ဒီကင်မရာ စက်ဘီးစီးတယ်။ ဒီကင်မရာဟာ ရှုခင်းကို ဓာတ်ပုံမရိုက်ဘဲ၊ အက်ဆေးကို ဓာတ်ပုံရိုက်တယ်။ နှင်းဆီပန်းကို ဓာတ်ပုံ မရိုက်ဘဲ၊ နှင်းဆီရနံ့ကို ဓာတ်ပုံရိုက်တယ်။ နောက်ဆုံးတော့ ဒီကင်မရာဟာ “မြင်း”ကို ဓာတ်ပုံမ ရိုက်တော့ဘဲ “မြင်းဖြစ်ခြင်း” ကိုပဲ ဓာတ်ပုံရိုက်တော့တယ်။ ဒါမတိုင်ခင်ကတော့ ကင်မရာဟာ မြင်းအစား “သစ်သားမြင်း” ကို ဓာတ်ပုံရိုက်ဖို့ စိတ်ကူးခဲ့သေးတာ။ နောက်တော့မှ ကင်မရာဟာ သစ်သားမြင်းထက် “မြင်းဖြစ်ခြင်း” က ပို တွေးခက်မှန်း၊ ပိုလှမှန်း၊ ပိုညီညွတ်မှန်း သူသိသွားတာ။ တစ်ရက်တော့ ကင်မရာဟာ အက်ဆေးဆီမသွားခင် စကားလုံး တွေကို အရင်ဓာတ်ပုံရိုက်ကြည့် တယ်။ အက်ဆေးကို ရိုက်ကွင်းပြင်ပ မှာ သွေးတိုးစမ်းကြည့်နေတာပေါ့။ ပြီးတာနဲ့ ကင်မရာဟာ သူ့ သူငယ်ချင်း ကဗျာဆရာအသုဘမှာ ကဗျာဆရာ့အတွက် တိုက်လေယာဉ် တွေ အလှပြပျံသန်းရင်း နောက်ဆုံး နှုတ်ဆက်ဂုဏ်ပြုကြပုံကို သူဖျတ်က နဲ “လက်” ပေးလိုက်တယ်။

ကင်မရာက သူဟာ ရသကိုးပါးလုံးကို သံပြိုင်ထွက်တဲ့ တူရိယာ မဟုတ်မှန်းလည်း သူ့ဟာသူသိတယ်။ မိခင် ဘာသာစကားကိုတောင် ကောင်း ကောင်းမသင်ခဲ့ရဘူးဆိုတာ သူ့ဟာ သူသိတယ်။ ဒါပေမဲ့ ဒီ ကင်မရာဟာ သူ့အတွက် “ပေးထားချက်”တွေကို တော့ “ကျော်”ဖတ်တယ်။ မလေးစားဘူး။ ဒီတော့ ကင်မရာအတွက် လစာထုတ်ရက်တိုင်းကလည်း “တိမ်ပြာသောနေ့”တွေ မဟုတ်ခဲ့ဘူး။ ကင်မရာမှာ “အဝေးရောက် မနက်ခင်း”ပုံကို ဒီနေ့ညမှာ ရိုက်ရဦးမယ်။ တော်ရုံလို ဒီကင်မရာ ပန္နက်ရိုက်မနေဘူး။ အားလပ်ရက်မှာ တောင် တောမီးက လောင်ဖို့အသင့် ရှိနေမှန်းလည်း ကင်မရာသိတာပဲ။ တစ်ခါတစ်ရံလည်း ကင်မရာခံရတာမျိုးလည်း ရှိတာပေါ့။ အာကာသထဲ ခရီးသွားမယ့် တက္ကစီကိုငှားစီးပြီး ဟိုရောက်မှ ကြယ်တွေမစုံတဲ့ ည ဖြစ်နေမှန်းသိရတာမျိုး။ ဗလာမပါတဲ့ ငါးပွက်ရာမျိုးမှာတောင် “ကျေးဇူးတင်ပါသည်” နှင့် တိုးရတာမျိုး။ မိုးမခသားနဲ့ ရိုက်ထုတ်လိုက်တာဟာ ဘောလုံးမဟုတ်ဘဲ ကင်မရာတစ်လုံးဖြစ်နေတာမျိုး။ အများကြီး။

မျှော်လင့်သူတို့ရဲ့ ကင်မရာလေး စက်ဘီးစီးလာတယ်။ ရှေ့ဝင်းနောက်ဝင်းလည်း ပါရဲ့။ ဒါပေမဲ့ ဘရိတ် မမိဘူး။ ဒီတော့ ရှုခင်းတွေက ကင် မရာကိုရှောင်တယ်။ ဘောလုံးပွဲ တွေက ကင်မရာကို ရှောင်တယ်။ ထွေးညိုက ကင်မရာကိုရှောင်တယ်။ မြင်းအစစ်တွေက ကင်မရာကို ရှောင်တယ်။ သမားရိုးကျ အလွမ်းတွေက ကင်မရာကိုရှောင်တယ်။ ခပ်ရိုးရိုး ကောင်းကင်ကလည်း ကင်မရာကိုရှောင်တယ်။ နောက်ဆုံး တော့ ကင်မရာဟာ ဘာမှ ရိုက်စရာမရှိတော့လို့၊ သူ့ကိုယ်သူ ပြန်ရိုက် လိုက်တယ်။

“ခွမ်း”

ကျွန်တော့်ကင်မရာ အဆိပ်မိပြီး မျောနေရာက ကိုယ့်ခေါင်းကိုယ် ကင်မရာနဲ့ ရိုက်ခွဲလိုက်တဲ့အသံ ကြောင့် အိပ်ရာကလန့်နိုးသွားတယ်။ ကျွန်တော်ရင်ဘတ်ပေါ်မှာတော့ ကဗျာဆရာ မောင်နီဦးရဲ့ “ဓာတ်ပုံ အရေးအသား”ဆိုတဲ့ ကဗျာစာအုပ် ကလေးရှိနေတယ်။ ကျွန်တော်ကလည်း ကျွန်တော်ပဲ။ ကင်မရာထဲက ရေခဲတုံးနှစ်တုံးထည့်ပြီး ဆိုဒါမပါဘဲ မော့သောက်လိုက်မိတာကိုး။

စောဘရန်ငြိမ်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*