မှတ်မိသေးတဲ့ လွယ်အိတ်လေးတွေ

မှတ်မိသေးတဲ့ လွယ်အိတ်လေးတွေ
May 30, 2017 Asian Fame
မှတ်မိသေးတဲ့ လွယ်အိတ်လေးတွေ

bagsဘာလိုလိုနှင့် ကျောင်းတွေ ပင် ပြန်ဖွင့်တော့မှာ ပါကလား။ ကျွန်တော်က အစိုးရနှင့် အဖွဲ့အစည်းထုတ် နေ့စဉ်သတင်းစာ များနှင့် ဝေးရာအရပ်မှာ ရောက်ရှိ သွားသဖြင့် ပညာသင်နှစ်တစ်နှစ် ရောက်တိုင်း ပညာရေး ဝန်ကြီးဌာနက ထုတ် ပြန်ညွှန်ကြား ထားသည် ဆို သော ဖတ်ဖူး၊ ကြားဖူးနေကျ သတင်း များကိုပင် မဖတ်ရ၊ မကြားရဘဲ ဖြစ်နေ သည်။ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီး များ၊ ဆရာ၊ ဆရာမများ အားလုံး သိရှိလိုက်နာရမည် ဆိုသည့် ညွှန်ကြား ချက်များထဲတွင် မည်သည့် အခကြေး ငွေမျှကောက်ခံခြင်း မပြုရ။ ကျောင်း ဝတ်စုံ အတွက် အတန်းတံ ဆိပ်၊ ကျောင်းတံဆိပ် ရောင်းချခြင်းမပြုရ။ ငွေကြေးနှင့် လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ လက်ခံခြင်း မပြုရဆို သည်များ သေချာပေါက် ပါဝင်နေ ဦးမည်ဖြစ်သည်။ သည်သတင်းမျိုးကို တော့ ကျွန်တော် ဝယ်ဖတ်နေသော ပုဂ္ဂလိက နေ့စဉ်သတင်းစာများက လူကို ခွေးကိုက်သည့် သတင်းမျိုးနှယ် စိတ်ဝင်စားဖွယ် အလျဉ်းမရှိဟု ယူ ဆလေရော့သလား မသိ။ ဖော်ပြခြင်း မရှိပေ။ ကျောင်းဖွင့် အမီရင်ထဲ ဒိုင်း ခနဲရောက်လာသည့် သတင်း တစ်ပုဒ် ကတော့  … မြို့မှလာသော သတင်းဖြစ် သည်။ ယင်းမြို့ပေါ်ရှိ အထက်တန်းကျောင်းကြီး တစ် ကျောင်းကို စီမံအုပ်ချုပ်သော ကျောင်းအုပ်ဆရာကြီး (ဆရာမကြီး လည်းဖြစ်နိုင် သည်) က သူ့ကျောင်း ရှိ ကျောင်းသားအားလုံးကို လွယ် အိတ်လွယ်ပြီး ကျောင်းတက်ခိုင်းခြင်း ဖြစ်သည်။ လွယ်အိတ်က လွဲပြီး ကျော ပိုးအိတ် လွယ်ပြီးပင် ကျောင်းတက်ခွင့် မပြုဟုဆိုသည်။ ကျောင်းအုပ်ကြီး၏   ထုတ်ပြန်ကြေညာချက် အပေါ် ဝေဖန်သံတွေ ထွက်လာ သည်။ ထိုသတင်းက လူမှုကွန်ရက် စာမျက် နှာပေါ် ရောက်လာသောအခါ ကြိုက်သူ၊ မကြိုက်သူတို့၏ အသံ comment တွေလည်း ညံသွားသည်။

ဘာမျှမကြာလိုက် ပညာရေးဝန် ကြီးဌာန၏ ညွှန်ကြားချက် မဟုတ်ဘဲ ကိုယ့်စိတ်ကူးနှင့် ကိုယ် အမိန့်ထုတ် ခဲ့သော ကျောင်းအုပ်ကြီးအား သတိ ပေးလိုက်ကြောင်း သတင်းထွက်လာ ပြီး ကျောင်းအုပ်ကြီး၏ အမိန့်လည်း လေထဲမှာ ပျောက်သွားသည်။

မပျောက်သည်က ကျွန်တော့် မျက်စိထဲ မြင်ကျန်ရစ်သည့် ပုံရိပ် လေးများ။ ကျွန်တော့် မျက်စိထဲမှာ လွယ်အိတ်လေးတွေ ကိုယ်စီလွယ် ထားသည့် ကျောင်းသား၊ ကျောင်းသူ လေးများကို မြင်ယောင်နေသည်။ သူတို့မျက်နှာများကို ကျွန်တော် မှတ် မိသည်လည်းရှိ၊ မမှတ်မိ သည် လည်း ရှိသည်။ အများစုက ကျွန်တော့် သူငယ်ချင်းများ။ ကျွန်တော့်ကိုယ် ကျွန်တော် လည်း ပြန်မြင်သည်။ ရုပ် ပုံလွှာတချို့က စွဲလမ်းခဲ့ဖူးသော ရုပ်ရှင် သရုပ်ဆောင်များဖြစ်နေ သည်။ ပြီးတော့ ကျွန်တော့်သမီးလေး တွေ။ ပြီးတော့ ချစ်သည်းညှာဆွေ။

ကျွန်တော် ပထမဆုံး လွယ်ဖူး သည့် လွယ်အိတ်ကလေးက ကျွန် တော့်ဒူးကို ကျော်ပြီး ခြေသလုံးအထိ ရောက်အောင် ရှည်နေခဲ့သည်။ လွယ်အိတ်ထဲမှာ ကျောက်သင်ပုန်း၊ ကျောက်တံ၊ ပေတံသာပါသည်။ လမ်းသွားရင် ကျောက်သင်ပုန်း ထည့်ထားသည့် လွယ်အိတ်နှင့် ဒူး တိုက်မိပြီး ဖတ်လတ် ဖတ်လတ်ဖြစ်နေ တတ်သည်။ တစ်နှစ် တစ်တန်းအောင် ပြီး ယခုခေတ် အခေါ် အတန်းကူး ပြောင်းရတိုင်း လွယ်အိတ်အသစ်လေး ထဲ ထည့်ရသည့် စာအုပ်တွေက များသည်ထက် များလာသည်။ စာအုပ် အလေးချိန်ကြောင့် လွယ်အိတ် အထက်ထောင့် နေရာက နေ ပြဲလိုက်လာတတ်သည်။ အလယ် တန်းကျောင်းသားဘဝမှာတော့ လွယ်အိတ် နှင့်ပင် စာအုပ်တွေက မဆံ့ချင်သဖြင့် စာအုပ်တချို့ကို စက် ဘီးကယ်ရီယာမှာ ညှပ်ယူကာ ကျောင်းတက်ခဲ့ရသည်။ သည့်ထက် အတန်းကြီးလာသည့် အခါမှာ ကား လွယ်အိတ်ထဲ စာအုပ်များများ ထည့် မလာချင်တော့။ ကိုယ့်အိမ်နှင့် ကျောင်းက အဝေးကြီးမို့ နေ့လယ် ကျောင်းဆင်း ထမင်း စားပြန်ရင် စာအုပ်လဲထည့်ဖို့ကလည်း မဖြစ်နိုင် သဖြင့် လိုအပ် သလောက် ထည့်လာရ သောကြောင့် အတန်းဖော် သူငယ် ချင်းတချို့ ထက်တော့ ကျွန်တော့်လွယ် အိတ်က ပြည့်တင်းနေပြန်သည်။ သောကြာနေ့လို ရုပ်ရှင်ရုံများမှာ ဇာတ်ကားသစ် လဲသည့် အခါမှာကား ကျွန်တော့် လွယ်အိတ်လေးက ပြား ချပ်ချပ်ဖြစ်နေတော့သည်။

ကျွန်တော်တို့က လွယ်အိတ်ကို စလွယ်သိုင်း လွယ်လေ့ရှိသည်။ ပုဆိုး ချက်ပြုတ်အောက်နား ဒယဥ့်တိုက်၊ အင်္ကျီအပေါ်ကြယ်သီး ၂လုံးဖြုတ်၊ လွယ်အိတ်စလွယ်သိုင်း၊ လွယ်သည် က ကျွန်တော်တို့ စတိုင်။ သို့တိုင် မိဘ ဆရာကို ကြောက်တတ်သည့် ကုပ် ကမြင်းကျွန်တော်သည် ကျောင်းခန်း ထဲအဝင်နှင့် အိမ်အပြန်မှာတော့ ပုဆိုးတိုအောင် ပြင်ဝတ်သလို ရင် ဘတ်က ကြယ်သီးတွေ စုံအောင် လည်း ပြန်တပ်မြဲ ဖြစ်ပါသည်။

အတန်းထဲမှာ ကျွန်တော်တို့ ထိုင်သည့်နေရာက ရှေ့ဆုံး သို့မဟုတ် ကျောင်းသူတွေ နောက်က ခုံတန်းမှာ ဖြစ်သည်။ ထို့ကြောင့် ရှေ့ခုံမှာ ထိုင် နေသည့် ကျောင်းသူလေး တွေ၏ လှုပ်ရှားမှုကို မြင်နေရသည်။ ကျောင်းသူတစ်ယောက်က ဆရာ စာသင်နေသည်ကို နားထောင်နေ ရင်း သူ့လက်ကလေးတွေနှင့် လွယ် အိတ်အမြိတ်စ များကို ဆံကျစ်ကျစ် သလို ကျစ်နေတတ်သည်။ သူငယ် ချင်းမ တစ်ယောက်ကတော့ လွယ် အိတ်ထဲမှာ ဝှက်ထည့် ယူလာသော အချဉ်ပေါင်းကို အသာလေး နှိုက်ပြီး ဆရာ့အလစ် သူ့ပါးစပ်ထဲ ထည့်တတ် သည်။ ဝင်းဝင်းခင်ဆိုသည့် ကျွန် တော်သူငယ်ချင်း မကတော့ စကား ပြောလျှင် သူ့ပါးစပ်လေး ဖုံးသည် အထိ လွယ်အိတ်နှင့် ကွယ်ပြီး ပြော တတ်သည်။ လွယ်အိတ်လေး ကွယ် နေသောကြောင့် သူ့ပုလဲသွယ်သွား လှလှလေးများကို မမြင်ရတတ်သော် လည်း သူ့မျက်လုံး ကြည်ကြည် ရွှန်း ရွှန်းလေးကို မြင်နေရသည်ကပင် ကြည်နူးစရာကောင်းလှသည်။ တရုတ်မ ခင်စန်းရီကား ကျွန်တော် စတာနောက်တာ မခံနိုင်ဖြစ်ပြီဆို မျက်နှာကြီးနီလာပြီး သူ့လွယ်အိတ် နှင့် ကောက်ထုလေ့ ရှိသည်။ တစ်ခါ မှာတော့ ကျွန်တော့် သူငယ်ချင်းကြီး မောင်စိန်လှတစ်ယောက် သူ့လွယ် အိတ်ထဲက ကွန်ပါဘူးစောင်းနှင့် ထိပြီး အီစလံဝေသွားဖူးသည်။ ကျွန် တော်တို့ အပြောင် အပြက် လုပ်သည့် အထဲမှာ လွယ်အိတ် အမြိတ်ချင်း ပူးချည်ပေးထားတာလည်း ပါသည်။

ကျောင်းသူတော်တော်များများ က လွယ်အိတ်လွယ်တာကိုပင် ကျွန်တော်တို့ ကြည့်ကောင်းအောင် လွယ်တတ်လှသည်။ လွယ်အိတ်ထဲက အလေးချိန်ကို သူတို့ပခုံးပေါ် တင် မထားဘဲ လက်မောင်းပေါ် လွှဲ ယူပြီး လှလှလေး လမ်းလျှောက် တတ်သည် ကပင် လွယ်အိတ် လွယ်ခြင်း အနု ပညာဟု ဆိုရမလား မသိချေ။ မန်း သူလေးတွေမို့ လွယ်အိတ် လွယ်ခြင်း အနုပညာအပြင် စက်ဘီးစီးခြင်း အနုပညာ ကလည်း ပိုင်ဆိုင်ထားကြ သေးသည်။

ကျွန်တော်တို့၏ သောကြာနေ့ First Day, First Show တစ်ပွဲ မှာတော့ ကိုညွှန့်ဝင်းကြီးနှင့် မခင်ယု မေတို့ကို လွယ်အိတ်လေးများ လွယ်လျက်သား ကြည့်ရသည်။ ဒါရိုက်တာ မောင်ဝဏ္ဏ၏ “ပန်းတွေ နှင့်ဝေ” လေ။ မင်းသားနှင့် မင်းသမီး တို့ အသက်အရွယ်က ရန်ကုန် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ အဖြစ် မလိုက်ဖက်လှသည့်တိုင် မောင်ဝဏ္ဏ၏ အနုပညာကြောင့် “ပန်းတွေနှင့်ဝေ” ကို ယနေ့ ထက်တိုင် စွဲလမ်းနေခဲ့သည်။ ကျွန်တော်တို့ ချစ်ခင် လေးစားရသော မောင်ဝဏ္ဏ သည်ပင် ရူပနှင့် မေဝင်းမောင် တို့ကို “ချစ်တဲ့ သူငယ်လေ”မှာ လွယ်အိတ် လေးတွေ လွယ်ခိုင်းခဲ့ပြန်သည်။

ကျွန်တော်တို့ သမီးများ ခေတ် မှာ ရီမြင့် ရုပ်ရှင်ထုတ်လုပ်ရေး ကိုဇော်မြင့်ကြီး၏ “ဒဏ္ဍာရီ”ကိုပင် ညွှန်းရပါတော့မည်။ ဒါရိုက်တာ မောင်တင်ဦး ၏ အသက်သွင်းမှုနှင့် အတူ ဇင်ဝိုင်း၊ မေသန်းနုနှင့် သူငယ် ချင်းတစ်စုကို လွယ်အိတ်လေးတွေ ကိုယ်စီနှင့် မန္တလေး တက္ကသိုလ် ကျောင်းသားကျောင်းသူများ အပီ အပြင်ဖြစ်စေခဲ့သည်။ ပြီးတော့ ကျော်သူ၏ မာနမင်းသား စတိုင်က လည်း မိုက်သည်။ လွယ်အိတ်သိုင်း ကြိုးကို ထုံးပြီး လွယ်ထားသည့် သူ့ စတိုင်လ်အတိုင်း ကလေးတွေ အတုခိုး ကာ လွယ်ကြကုန်သည်။

သမီးကြီးလွယ်လေ့ရှိသည့် လွယ်အိတ်မှာတော့ သိုးမွေးဘော လုံးလေးတွေ၊ ပန်းဖွားလေးတွေ ပါလေ့ရှိသည်။ သူတို့လေးတွေ ငယ် ငယ်တုန်းက ကျောင်းဖွင့်ပြီ ဆိုလျှင် မိတ်ဆွေကြီး ကြံတိုင်းအောင် ကိုအောင်မင်းတို့ ဇနီးမောင်နှံထံက လွယ်အိတ် လက်ဆောင် ရတတ်သည်။

ကျောင်းသား ဘဝမှာ လွယ် အိတ်လွယ်ရသည်ကို သဘော မကျ တတ်သော ကျွန်တော်သည်ကား သည်အသက်အရွယ် ထဲမှာ ဘောပင် နှင့်ခဲတံ၊ ခသမမနခအငသည စညေ ၊ ခဲဖျက်၊ correction pan ရှုဆေးဘူး၊ ဆေးကတ်၊ စုံစီနဖာပါသည့် အိတ် တစ်အိတ်၊ ပိုက်ဆံအိတ်၊ စာအုပ်၊ စာကြည့်မျက်မှန်ဘူး၊ လက်ကိုင်ဖုန်း စသည့် မရှိမဖြစ် ပစ္စည်းများ ထည့်ယူ ခဲ့ရသည်။ လွယ်အိတ် မပါဘဲ သွား သည့်နေ့ လက်က ကိုင်သွားသည့် ပစ္စည်းတစ်ခုခု တွေ့ရာချထားမိခဲ့ တတ်သည်။ လွယ်အိတ်ကြီး နှင့်ပင် မင်္ဂလာဆောင် အခမ်းအနားထဲလည်း ဝင်ချင်ဝင်တတ်သည်။

တချို့က စာရေးဆရာမို့ လွယ်  အိတ်လွယ်တာလားဟု မေးသည်။ ရန်ကုန် ရောက် မိတ်ဆွေ စာရေးဆရာ များ လွယ်အိတ် မလွယ်ကြ သည်ပင် ကြာပေါ့။ ဆရာကိုရိုးကွန့်တို့၊ ဆရာ ကြည်လင်အေး တို့ဘာတို့၊ မန္တလေး မြို့မှာပင် စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ၊ သတင်းစာဆရာ အတော်များများ လွယ်အိတ်မလွယ် ကြတော့တာ သတိထားမိသည်။ ကျွန်တော် ကတော့ ယနေ့အချိန် အထိ ထန်းရိပ်ညို လွယ်အိတ် ကို ပခုံး က မချစတမ်း လွယ်ထားသူဖြစ်သည်။ တစ်နှစ်က ပြင်ဦးလွင်တွင် ကျင်းပ သည့် ထန်းရိပ်ညိုပွဲ တစ်ပွဲမှာ ကျွန် တော် စကားပြောခွင့်ရတော့ ကျွန် တော့်ထိုင်ခုံပေါ်မှာ လွယ်အိတ်ချ မထားဘဲ ပခုံးမှာ ထန်းရိပ်ညို လွယ် အိတ် လွယ်ပြီးပင် အမှတ်တရစကား ပြောခဲ့သည်။

ကျွန်တော့်မှာ ထန်းရိပ်ညိုလွယ် အိတ်တွေ ရောင်စုံရှိသည်။ တချို့ အသစ်အတိုင်း။ ဒါတင်လား မက သေး။ သိုက်ထွန်းသက် အမည်ထိုး ထားသည့် ကချင် လွယ်အိတ်တစ်လုံး လည်းရှိသည်။ သည်လွယ်အိတ်လေး ကိုတော့ အစ်ကိုကြီး ဦးသန်းဆွေ (ဥတ္တရလမင်း) က လက်ဆောင်ပေး ထားခြင်းဖြစ်သည်။ ကြံကြံဖန်ဖန် အဝတ်ဘီဒို ထဲခြဝင်ပြီး သည်လွယ် အိတ်လေးကိုမှ ရွေးကာခြကိုက် သွားခဲ့ သည်။ ခြကိုက်သည့်နေရာမှာ ကိုင်းကြိုးနေရာ ဖြစ်သဖြင့် တော် သေးသည်ဟု ဆိုရပါမည်။ မြို့မတူရိ ယာအသင်း စိန်ရတု လွယ်အိတ်၊ မန္တလေးမြို့ အရပ် နန်းတည်အနှစ် ၁၅ဝပြည့် လွယ်အိတ်၊ ဆရာကြီး ဦးတင်မိုး အမှတ်တရ လွယ်အိတ်၊ ဟံသာဝတီဦးဝင်းတင် အမှတ်တရ လွယ်အိတ်လေး များကိုလည်း အမှတ် တရအဖြစ် သိမ်းဆည်းထားသည်။ ဟံသာဝတီ ဦးဝင်းတင် အမှတ်တရ လွယ်အိတ် မှာ နှစ်လုံးရှိသဖြင့် တစ်လုံးကို သမီး မဆင့်ညိမ်းအေးက သူ့ဆရာ နိုင်ငံခြားသားအား ပြည် တော်ပြန် လက်ဆောင်ပေးလိုက် ရာ မြန်မာနိုင်ငံ အကြောင်း နောကျေ အောင် သိထားသော သူတို့ဆရာ မှာ ကခုန်သည် အထိ ပျော်ရွှင် သွား ကြောင်း ကြားရသည်။

ဆရာမောင်မိုးသူ က “လွယ် အိတ်တစ်လုံးနှင့် ရွာစဉ်လည်” ဆို သည့် ခေါင်းစဉ်ဖြင့် စာပေအနုပညာ လောက အတွေ့အကြုံ အများ အပြား ရေးခဲ့သည်။ အသက်ရှစ်ဆယ်ကျော် ကျွန်တော်တို့ ဆရာလည်း လွယ် အိတ် တစ်လုံးနှင့် မြို့ထဲလည်မှ လည် နိုင်ပါတော့ မလားမသိ။ ကျန်းမာ သည်ဆိုငြား ဆရာ့အသက်က ရှစ်ဆယ်ကျော်မင့်ကိုး။ တန်ဖိုးကြီး အိုင်တီပစ္စည်းတွေ၊ စမတ်ဖုန်းတွေ ကိုင်လေ့ရှိသော ခေတ်၏ ရှေ့ပြေး အဘိုးကြီး ကျွန်တော်တို့ ဆရာကို (ဆရာကြီးကိုလေး – အင်းဝဂုဏ်ရည်) ကိုတော့ လွယ်အိတ်တစ်လုံး လွယ်ပြီး လည်း တွေ့ချင်တွေ့သည်။

လွယ်အိတ်မပါဘဲ တီရှပ်နှင့် ဘောင်းဘီ နှင့်လည်း တွေ့ချင် တွေ့ရ တတ်သည်။ ဆရာကိုကတော့ ၈၁၊ ၈၂ ဆိုသည့် ဂဏာန်းတွေကိုပင် သူ့ထုံးစံအတိုင်း ၁၈၊ ၂၈ အာ (R)ပြီး လူငယ်ပုံ ဖမ်းနိုင်ဆဲဖြစ်သည်။

ဆရာတို့ တက္ကသိုလ်ကျောင်း သားဘဝကမူ လွယ်အိတ် တစ်လုံး ပခုံးပေါ်က မချစတမ်း အမြဲရှိနေလိမ့် မည်ဟု ခန့်မှန်းရသည်။ ဆရာတို့ သူငယ်ချင်း ကဗျာဆရာ ကသာဝင်း ကြွယ်၏ “ခေါင်းလောင်းသံ” ကဗျာ စာအုပ်ထဲမှာ ပါသည့် “ဝိဇ္ဇာကြီး” ဆိုသည့် အိုင်ချင်းကဗျာ တစ်ပုဒ်ထဲ ကနှယ် ရှိမည်ထင်၏။ “သူ့ပခုံးမှာ လွယ်အိတ်ပြာကို တစ်ဝါတစ်နှစ် လက်လေးသစ်ဂျီး (ကြေး)ထပ်ထပ် စုတ်ပြတ်မှ ပစ်မယ်လို့ လွယ်လေးရော့ လားတော်”ဆိုသည့် စာဆိုနှင့် အညီလေ။ သည်စာရေးရင်း ချစ် ကြောက်ကြည်ညိုရသော ဆရာ ကြည် (ဦးကြည်အောင်) မျက်နှာကြီး ပြေးမြင်ရပြန်သည်။

စာရေးဆရာတွေ၊ ကဗျာဆရာ တွေ လွယ်အိတ်ကိုယ်စီ လွယ်ခဲ့ကြ သည့် ကာလများအကြောင်း စဉ်းစား ရင်း တောင်လေးလုံး စာပေပွဲတွေ မှာ ကြုံရပုံလေး များလည်း သတိရမိ သေးသည်။ တောင်လေးလုံး ပွဲတစ်ပွဲ မှာ စာပေမြတ်နိုးသူ မိတ်ဆွေ တစ်ယောက်နှင့် ဆုံသည်။ သူကလွယ် အိတ်လွယ်ထားသည့် သူတိုင်းကို လက်ညှိုးထိုးထိုးပြီး သည်ဆရာက ဘယ်သူလဲ ချည်း မေးနေသည်။ ထိုစဉ် က တောင်လေးလုံး စာပေပွဲ များကို သူပုန်သူကန် အလား သတ် မှတ်ထားခိုက်။ ထိုပွဲတွေမှာ ကျွန် တော်တို့ မမြင်ဖူးသော မျက်နှာ အများ အပြား မြင်တွေ့ခဲ့ရသည်။ စာရေးဆရာ ယောင်ဆောင်ထား သော ကိုရွှေထောက်လှမ်းရေးများက လည်း လွယ်အိတ်လေးတွေ ကိုယ်စီ နှင့်။ ကျွန်တော့် မိတ်ဆွေကြီးက လွယ်အိတ်လေးတွေ ကိုယ်စီနှင့်။ ကျွန်တော့်စာပေ မိတ်ဆွေကြီးက “သူကဘယ်သူလဲ ဆရာသိုက်” ဟု လုပ်ကပြန်တော့ “သူ့ကလောင်က ကိုကိုထောက်လေ၊ ခင်ဗျားမသိဘူး လားဗျာ”ဟုသာ ဆိုခဲ့ရလေသည်။

သိုက်ထွန်းသက်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*