တော်လှန်ရေးကောင်စီမှာ ၂

တော်လှန်ရေးကောင်စီမှာ ၂
May 23, 2017 Asian Fame
တော်လှန်ရေးကောင်စီမှာ ၂

mkm

တော်လှန်ရေးကောင်စီ တက်ပြီးနောက် တောတွင်းလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်သည့် လှုပ်ရှားမှုများကို သတင်းစာ၊ ရေဒီယိုတို့တွင် ဖတ်ရကြားရသည်။ ၁၉၆၃ ခုနှစ်တွင် အစိုးရက အထွေ ထွေ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ထုတ်ပြန်သည့်အတွက် တောတွင်း အဖွဲ့အစည်းများ အစိုးရနှင့် ငြိမ်း ချမ်းရေး ဆွေးနွေးရန် ရန်ကုန်သို့ လာရောက်ကြသည်။ ဗမာပြည် ကွန်မြူနစ်ပါတီ၊ အလံနီကွန်မြူနစ်ပါတီ၊ မဒညတ (မြန်မာ့ဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု) စသည့် အဖွဲ့များဖြစ်သည်။

သတင်းစာတွေထဲမှာ ဗိုလ်ဇေယျ၊ ရဲဘော်ဌေး၊ ရဲနီကျော်ဝင်း စသည့်တောတွင်းမှ ပုဂ္ဂိုလ်များ မိသားစုနှင့် တွေ့သည့်ပုံ၊ မိတ်ဆွေ များနှင့်တွေ့သည့်ပုံများ တွေ့ရသည်။ အင်တာဗျူးတွေမှာ ပြောသည့် စကားတွေကို ဖော်ပြသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မြန်မာ့အသံက တိုက်ရိုက်အသံလွှင့် ပေးသည်။ အစိုးရဘက်က ဗိုလ်မှူး ကြီးလှဟန်၊ ဗိုလ်မှူးကြီး စောမြင့် စသည့်ပုဂ္ဂိုလ်များ ပါဝင်ဆွေးနွေးသည်။ အဖွဲ့အစည်းများဘက်က မန်းဘဇံ၊ ရဲဘော်ဌေး၊ ဗိုလ်ဇေယျ စသည့်ပုဂ္ဂိုလ်များ၏အသံကို ကြားရ သည်။ (သတင်းစာထဲမှာ ဖော်ပြရာတွင်” ဗိုလ်ဇေယျမှ” ၊” ရဲဘော်ဌေးမှ” စသည်ဖြင့် “မှ” အသုံးတွေ ထိုအချိန်ကစပြီး တွင်ကျယ်လာသည်ကိုလည်း သတိပြုမိပါသည်။)

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျက မိသားစုနှင့် တွေ့ဆုံပြီး ပြောကြ ဆိုကြပုံများကို သတင်းစာမှာအကျယ်တဝင့် ဖော်ပြသည်။ ဗိုလ်ဇေယျ၏သမီး ဒေါ်ခင်မာလာ၊ သမက် ကော်လိပ်ဂျင်နေဝင်းနှင့် မြေးများ စုပေါင်းရိုက်ထားသော ဓာတ်ပုံကိုလည်း တွေ့ရသည်။ နောက်ဆုံးတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်သွားပြီး တောထဲသို့ ပြန်သွားကြပုံများကို “သူတို့ပြန်ကြ လေပြီ” ခေါင်းစဉ်ဖြင့် သတင်းစာမှာ တွေ့ရသည်။ စိတ်မကောင်းစရာ ဖြစ်သည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ရသည့် အကြောင်းကို ရှင်းလင်းသည့် ရှင်းလင်းပွဲတစ်ခုကို ကျွန်တော် ပုသိမ်မှာတက်ရသည်။ ထိုအချိန်က ကျွန်တော်သည် ပုသိမ်ကောလိပ်မှာ တာဝန်ထမ်းဆောင်နေသည့်အတွက် တက်ခွင့်ကြုံရခြင်းဖြစ်သည်။ ရှင်းလင်းပွဲတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးကြီး တင်ဦး (ယခု အယ်န်အယ်လ်ဒီ ဦးတင်ဦး) ကိုယ်တိုင်တက်၍ရှင်းပြ သည်။ မှတ်မိနေသည်မှာ ဗိုလ်မှူးကြီးတင်ဦးကစင်မြင့်ပေါ်တွင် သူ့အတွက် ပေး သည့်ပန်ကာကို သူ့အတွက် သီး သန့်မလုပ်ပါနှင့်ဟုဆိုပြီး ပြန်သိမ်း ခိုင်းခြင်းဖြစ်သည်။ ဇာတ်ရုံထဲမှာ ပရိသတ်က ချွေးတလုံးလုံးနှင့် နား ထောင်နေချိန်တွင် ပန်ကာဖွင့်ရန် မသင့်ဟု ဗိုလ်မှူးကြီးတင်ဦးက ယူဆပုံရသည်။ ရှင်းလင်းသည့် စကားများတွင် တင်စားသုံးသွားသော စကားတစ်ခွန်းကိုလည်း မှတ်မိနေသည်။ ငြိမ်းချမ်းရေး ဆွေး နွေးရာတွင် တောတွင်းအဖွဲ့များက အစိုးရကို သူတို့သွားမည့်နေရာ ရောက်အောင် မီးတိုင်ကလေးကိုင်ပြီး လမ်းပြရသည့်လူလို သဘောထားနေသည်ဟု တင်စားပြီး၊ “မိုင်ဒိုင်ကီး” အစိုးရလို့ သူတို့က သဘောထားတယ် ဟု စကားလိမ်နှင့် ပြောသွားခြင်း ဖြစ်သည်။

နောက်အတွေ့အကြုံတစ်ခုက “တရားမဝင် ငွေစက္ကူ” ကိစ္စမှာ တက္ကသိုလ် ဆရာ၊ ဆရာမများလုပ် အားပေးရခြင်းဖြစ်သည်။ ၁၉၆၄ ခုနှစ်၊ မေလတွင် နွေရာသီ ကျောင်း ပိတ်ရက်ကာလဖြစ်၍ ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနတွင် မွမ်းမံသင် တန်းတက်ရသည်။ တစ်နေ့တွင် သင်တန်းသို့အသွား ဆရာ၊ ဆရာမ များ စုဝေးနေသည်ကို တွေ့ရသည့် အတွက် စုံစမ်းကြည့်ရာ ဆရာ၊ ဆရာမအားလုံး တရားမဝင် ငွေစက္ကူ များ စာရင်းကောက်ရန် လုပ်အား ပေးရမည်ဖြစ်၍ ဦးဝိစာရလမ်းရှိ အင်ဗွိုင်းခန်းမ (တပ်မတော်ခန်းမ) သို့ သွားရမည်ဖြစ်ကြောင်း သိရသဖြင့် လူစုပြီးသွားကြသည်။ ထိုအချိန်က ကျပ်တစ်ရာတန်၊ ကျပ်ငါးဆယ် တန် ငွေစက္ကူများကို တရားဝင်ငွေ အဖြစ်မှ ရပ်စဲကြောင်း၊ တော်လှန် ရေး ကောင်စီက အမိန့်ထုတ်ပြန်ပြီး စဖြစ်သည်။ တာဝန်ရှိသူများက လုပ်အားပေးမည့် အစီအစဉ်ကို ရှင်းပြပြီး ဆရာ၊ ဆရာမများကို ကားကြီး များဖြင့် အင်းစိန်သို့ ခေါ်သွားသည်။ အင်းစိန်အကျဉ်းထောင်နားက အထက်တန်းကျောင်းမှာ စုရပ်လုပ် ပြီး တစ်ဖွဲ့လျှင် ၃ယောက်ခွဲ၍ တစ်အိမ်တက်ဆင်း တရားမဝင် ငွေစက္ကူ စာရင်းကောက်ရန် နေရာခွဲပြီး လွှတ်သည်။ ကျွန်တော်တို့အဖွဲ့မှာ ကထိကဆရာမကြီး ဒေါ်သန်းဆွေ က ခေါင်းဆောင်၍ ကျွန်တော်နှင့် ဆရာမတစ်ယောက်၊ ပေါင်း ၃ ယောက်က အင်းစိန်ဘိုကုန်းက အိမ် တွေကို တစ်အိမ်တက်ဆင်းလိုက်ပြီး တရားမဝင် ငွေစက္ကူရှိ၊ မရှိ မေးရသည်။ ရှိလျှင် ငွေစက္ကူကို လက်ခံပြီး စာရင်းကောက်ရသည်။ ကျွန်တော် တို့သွားသော အိမ်များကတော့ ငွေစက္ကူမရှိကြောင်းပြောသူများ သည်။ နေပူထဲမှာ တစ်နေကုန်လှည့် ပြီး ညနေကျမှ စုရပ်သို့ ပြန်ရသည်။ ထို့နောက် စာရင်းများ၊ ငွေစက္ကူများ စုစည်းသည်။ ညစာအဖြစ် ထမင်း ထုပ်များ ဝေငှသည်။ စားသောက်ပြီးတော့ ကားများဖြင့် ကျောင်းသို့ပို့ပေး သည်။ ထိုအလုပ်ကို တစ်ပတ်လောက် လုပ်ရပါသည်။ ဆရာ၊ ဆရာမများ စုစုဝေးဝေး ပြောဆိုသွားလာရသည့်အတွက် ပင်ပန်းပေမယ့်လည်း ပျော် ပါသည်။

ပြဿနာတစ်ခု ကြုံရပါသေးသည်။ ထိုအချိန်က ကျွန်တော့်လက်ထဲမှာ ကျပ်တစ်ရာတန်ရော၊ ကျပ်ငါးဆယ်တန်ရော တစ်ရွက်မှမရှိပါ။ ရှိသူများက ငွေအပ်သည့်ဌာနများ တွင် သွားအပ်ရသည်။ ထိုအချိန်တွင် ငွေကြေးချမ်းသာသော ဆွေမျိုး တစ်ယောက်က မလာစဖူး အိမ် ရောက်လာသည်။ ပြီးတော့ ကျွန်တော့် နာမည်နှင့် ငွေဘယ်လောက် အပ် ပေးပါဟု အကူအညီ တောင်းသည်။ သူတို့လက်ထဲမှာ တရားမဝင် ငွေ စက္ကူတွေ အများကြီး ရှိနေသည့် အတွက် တစ်ယောက်တည်း တရား ဝင်အပ်နှံ၍ မရသောကြောင့် လူ ခွဲပြီးငွေအပ်ဖို့ စီစဉ်ခြင်းဖြစ်သည်။ ကျွန်တော်ကအပ်မပေးနိုင်ကြောင်း ပြောလိုက်တော့ မျက်နှာပျက်ပြီး ပြန် သွားပါသည်။ ကျွန်တော့်ကို ငွေအပ် မပေးရ ကောင်းလားဆိုပြီး စိတ်ဆိုး ကြသည်။ တော်တော်ကြာကြာ အခေါ်အပြော မလုပ်တော့ပါ။ ထို စဉ်က အတွေ့အကြုံတစ်ခု ဖြစ်ပါ သည်။ ငွေရှိသူတွေ သောကရောက် ပြီး ငွေအပ်နှံဖို့ ကိစ္စကို နည်းအမျိုး မျိုးနှင့် လုံးပန်းနေကြသည်။ ထို အချိန်တွင် အပ်စရာ ငွေစက္ကူတစ် ရွက်မျှပင် မချမ်းသာသော ကျွန်တော့် အဖြစ်ကို တွေးပြီးပြုံးမိပါသည်။

တရားမဝင် ငွေစက္ကူတွေ လက်ခံသည့်ကိစ္စတွေပြီးတော့ ထိုငွေစက္ကူများကို စနစ်တကျ စာရင်းပြုစုသည့် အလုပ်ကို ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်း သဘင် ခန်းမမှာ ဆောင်ရွက်ရသည်။ တက္ကသိုလ်ဆရာ၊ ဆရာမများ လုပ် အားပေးရသည်။ တိုင်းအလိုက် အဖွဲ့ များခွဲပြီး ငွေစက္ကူနံပါတ်များကို ပုံစံမှာဖြည့်သွင်းသူကသွင်း၊ ဂဏန်း ပေါင်းစက်တွေ၊ Punch machine တွေနှင့် စာရင်းပြုစုသူက ပြုစုနှင့်စည်စည်ကားကားရှိသည်။ ဆရာ၊ ဆရာမတွေက ပုံစံဖြည့်သည့်အလုပ် ကို အဓိကလုပ်ရပြီး ပြင်ပမှ လာ ရောက် ဆောင်ရွက်ရသော အဖွဲ့များ က စက်များဖြင့် စာရင်းပြုစုကြသည်။ စစ်တိုင်းအလိုက် အဖွဲ့တွေခွဲထားပြီး တိုင်းမှူးများကိုယ်တိုင် လာရောက်၍ စစ်ဆေးကြည့်ရှုသည်။

ဆရာ၊ ဆရာမများ စိတ်သက် သောင့်သက်သာဆောင်ရွက်နိုင်အောင် ခန်းမထဲမှာ သီချင်း အေးအေးကလေးတွေ ဖွင့်ပေးထားသည်။ မာမာအေး၏ “မန္ဒာလီ”တို့၊ “မောင်ပေါက်ကျိုင်းလိုလူစား”တို့၊ စန္ဒ ရားချစ်ဆွေ၏ “ချစ်အားငယ်ရသူမယ်”တို့၊ ကိုမင်းနောင်၏ “တက္ကသိုလ် ကျောင်းသူတစ်ဦး”တို့ကို ငြိမ့်ငြိမ့် ညောင်းညောင်း နားထောင်ရင်း အလုပ်လုပ်ရသည်မှာ တစ်မျိုးထူးခြားသည်။ မနက်တိုင်း အလုပ်ပြီးလျှင် တစ်နေ့ ၃ကျပ် ၁၅ပြား ထုတ်ပေးသည်။ နေ့တွက်ထမင်း စားရိတ်ဖြစ်သည်။ ပိုက်ဆံထုတ်ပြီး တော့ သိပ္ပံဆောင်တို့၊ ဝိဇ္ဇာဆောင် တို့က စားသောက်ဆိုင်တွေမှာ ထမင်းများ စားကြသည်။ ထမင်း တစ်ပွဲ ၁ကျပ်ဆိုတော့ လက်ဖက်ရည်ပါ သောက်နိုင်သေးသည်။ နေ့လယ် ပိုင်း အလုပ်ဆက်လုပ်ပြီး ညနေ အလုပ်ပြီးတော့ ကားများဖြင့် အိမ် တိုင်ရာရောက် လိုက်ပို့ပေးသည်။ မနက်ကျတော့လည်း ကားကြီးများ ဖြင့် လာကြိုသည်။ လမ်းထိပ်ထွက် စောင့်ရုံဖြစ်သည်။ ဆရာ၊ ဆရာမများ ၏ လုပ်အားဖြင့် လုပ်ကြရသည်မှာ တစ်လကျော်၊ နှစ်လလောက်ကြာမည် ထင်ပါသည်။ အားလုံးကိစ္စတွေပြီး တော့ ငွေအပ်နှံသူများကို တရားဝင် ငွေများ (သတ်မှတ်သည့်အတိုင်း အတာအထိ) ပြန်ထုတ်ပေးသည်။

တချို့သူငယ်ချင်းတွေက သိမ်ကြီးဈေးဘက်မှာ ငွေလက်ခံဌာန တွေဖွင့်ပြီး ငွေစက္ကူတွေ လက်ခံရ ကြောင်း ပြောပြကြသည်။ စီးပွားရေး သမားများက မသမာသောနည်းဖြင့် လက်ထဲမှာ ငွေတွေအများကြီး ကိုင်ထားသည့်အတွက် အစိုးရက ငွေစက္ကူများကို တရားမဝင် ကြေညာပြီး ထိုငွေများ ထွက်လာအောင် လုပ်ခြင်းဖြစ်သော်လည်း မျှော်လင့် ထားသလောက် ငွေများထွက်မလာဟု ပြောကြဆိုကြသည်ကို ကြားရပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*