ရုံပေါ်ရောက် ရုပ်ရှင်

ရုံပေါ်ရောက် ရုပ်ရှင်
May 16, 2017 Asian Fame
ရုံပေါ်ရောက် ရုပ်ရှင်

CEMA

ရုံပေါ်ရောက်လို့ ရုပ်ရှင်ခေါ်တာလို့ ကျွန်တော်ပြောခဲ့၊ ရေးခဲ့ဖူးတယ်။ ရုံပေါ်မရောက် ရင်ဘာလဲ၊ မမေးပါနဲ့ အားလုံးသိပါတယ်။ ရုပ်ရှင်ကို ရုံပေါ်တင်ရင် ရုပ်ရှင်ပဲ ဖြစ်စေချင်တယ်။ အဓိကကတော့ မြန်မာ့ရုပ်ရှင် ဗျူဟာမမြောက်သေးဘူး။ ဘာလို့လဲဆိုတော့ ပြိုင်အားမရှိသေးလို့ပါ။ အားပြိုင်မှုက အရည်အသွေးကို တွန်းအားပေးပါတယ်။ ကျွန်တော်တို့ ပြိုင်တာရှိပါတယ်။ ဘာလဲဆိုရင် ရိုက်ရက်ပါ။ ရိုက်ရက်ပြိုင်ကြတယ်။ တစ်ဦးက ၁၅ရက်နဲ့ အပြီးရိုက်တယ်။ နောက် တစ်ဦးက ၁ဝရက်နဲ့၊ နောက်ဆုံး တစ်ဦးက ၇ရက်နဲ့ အပြီးရိုက်တယ်။ အနုပညာရှင်တွေလည်း ပျော်တာ ပေါ့။ ရိုက်ရက်တိုတိုနဲ့ အလုပ်ပြီး တာ၊ အချိန်တိုတိုနဲ့ လုပ်အားခတွေ ရတာ။ နေ့စားတွေက မကိုက်တော့ မေတ္တာပို့တာပေါ့။ ရုပ်ရှင်အမည်တပ် ပြီး ရုပ်ရှင်မရိုက်ကြဘူး။ အဲဒီမြန်နှုန်းတွေကြောင့် သရုပ်ဆောင်တွေ က ရိုက်ရက်နည်းနည်းပဲ ပေးကြတယ်။

ဒါရိုက်တာဆိုတာကလည်း ဘယ်သူရိုက်ရိုက် ဒါရိုက်တာဖြစ်တာပဲ။ ဒါကြောင့် ကိုမိုးဦးက တရားဝင် ပြောသွားတာ။ ခလုတ်တိုက်တိုင်း ဒါရိုက်တာဖြစ်နေလို့၊ သူ့အနေနဲ့ ဒါရိုက်တာ အမည်မတပ်တော့ပါဘူး တဲ့။ ကျော်ဇောလင်း(အတွေးပုံရိပ်)လို့ပဲ စာတန်းထိုးတော့မယ်တဲ့။ ဟိုအရင်က ဒါရိုက်တာနေရာ တစ်နေရာရဖို့ ၁၅နှစ်လောက် ပေးဆပ်ရတယ်။ ခုတော့မလိုတော့ ဘူး။ ရက်ပိုင်းနဲ့ ဒါရိုက်တာဖြစ်ကုန် ကြပြီ။ ဒီတော့လည်း ဇာတ်ကားတွေ ဖောင်းပွကုန်တာပေါ့။ အဲဒါတွေ အား လုံးသိမ်းကြုံးရုံပေါ်ရောက်သွား တဲ့အခါကျမှ ပရိသတ်အဆုံးအဖြတ် ပေးလိုက်တော့တာပဲ။ တစ်ပတ် ၇ရက်နဲ့ ရုံပေါ်ကဆင်းသွားရတယ်။ တချို့သုံးရက်နဲ့ကို ရုံထဲပရိသတ်မရှိ တော့ဘူး။ ကျန်တဲ့၎ရက်ကို လူကြား မကောင်းတဲ့ အရေအတွက်နဲ့ ပြနေ ရတယ်။ ဒါမျိုးတွေ ၇ကားလောက် ဆက်တိုက်ဖြစ်သွားတော့ ရုံရှင်ဘက် က အားနာရခက်သွားပြီ။ နောက်ဆုံး တော့ ဘယ်သူမပြု မိမိမှုပါ။

အခုတော့ ရုံရှင်၊ ဇာတ်ကားရှင် စနစ်ကိုပြောင်းဖို့ အခြေအနေက ဖန်တီးလာပြီ။ အဲဒီအခါကျ ရုံရှင်က ဦးစားပေးရွေးချယ်တဲ့ စနစ်ကို အသုံး ပြုပြီ။ အရင်ဆုံးရုံမှာ ရုပ်/သံ cinema level အဆင့်မီမမီ စစ်တော့မယ်။ OK မှ ရှေ့ဆက်မယ်။ မဟုတ်ရင် သူ့ဘက်က ငြင်းခွင့်ရှိတယ်။ ဒါ နိုင်ငံတကာ ရုပ်ရှင်ရုံပြသတဲ့ စနစ်ပါ။ ပြီးရင်ဇာတ်လမ်းအရည် အသွေး၊ ပရိသတ်လက်ခံမှု အတိုင်းအတာတွေ ခန့်မှန်းပြီးမှ ရုံတင်ခွင့် ပေးလာတော့မယ်။ ဒါဆို ကျွန်တော်တို့ရဲ့ ရုပ်ရှင်ဇာတ်ကား အတော် များများ ဘယ်လမ်းကို ရွေးချယ်ကြမှာလဲ။ ဒါနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ မလေးနဲ့ အိန္ဒိယ Bollywood ရုံပြသရေး စနစ်လေ့လာဖို့ ကျွန်တော်ခရီးစဉ် ပြင်ဆင်ထားပြီးပါပြီ။

တချို့မြန်မာရုပ်ရှင်ဇာတ်ကားတွေ ရုပ်သံပိုင်းဆိုင်ရာ နိုင်ငံတကာမှာ သွားရောက်ဆောင်ရွက်ထားသလို၊ ဇာတ်လမ်းအရည်အသွေးကောင်း တွေလည်း ရှိကြတယ်။ ဒါကအနည်း စုပါ။ ရင်းနှီးမြှပ်နှံမှုများတာကိုး။ ရုံတွေအပြိုင်အဆိုင်ဖြစ်လာရင် ဇာတ်ကားတွေကို အပြိုင်ရုံတင်ဖို့ ဖြစ်လာမှာ။ အဲဒီအခါ ထုတ်လုပ်ရေးဘက် ကလည်း တန်ဖိုးမြင့်လာနိုင်သလို၊ ဈေးကွက်လည်း အားကောင်းလာလိမ့်မယ်။ ဥပမာရုံရှင်က ၅ဝ/၅ဝ ပြမယ် ဆိုရင် တစ်ခြားရုံတွဲက ၅၅ ပေးတာ မျိုးအပြိုင်ဖြစ်လာနိုင်တယ်။ ကားရှင်ကလည်း ကားအရမ်းမာ နေတော့ ၆ဝ တောင်းတာမျိုးရှိလာနိုင်တယ်။ အဲဒီလိုဖြစ်ဖို့ ကားရှင်က ရင်းနှီးမြှပ်နှံမှု အား ကြီးမားထားရမယ်။ အရည်အသွေးကောင်းတွေရှိလာရမယ်။ ပရိသတ် တစ်ခဲနက်တောင်းဆိုတာမျိုးတွေ ရှိလာမယ်။ ဒါမှ ဈေးကွက် စီးပွားရေး ဖွံ့ဖြိုးလာမှာ။

ဒါဆို ကျွန်တော်တို့ မြန်မာ့ ရုပ်ရှင်ရင်းနှီးမြှပ်နှံမှုက အရေးကြီးလာပြီ။ ကမ္ဘာ့နိုင်ငံရုပ်ရှင်တွေမှာ တော့ သူတို့အစိုးရတွေက ဖေးမကူညီမှုတွေရှိနေတယ်ဆိုတာ ငြင်းဖွယ် မရှိပါဘူး။ ကျွန်တော်တို့ ဒီမိုပြည် သူ့အစိုးရအနေနဲ့လည်း ကူညီလာနိုင်မှာပါ။ ဥပမာ .. ရုပ်ရှင်ရုံ တည် ဆောက်နိုင်ရေးအတွက် မြေနေရာ အခက်အခဲများ ရှိခြင်း၊ မြို့ပြ ဖွံ့ဖြိုး စည်ကားဖို့ရာတွင် ရုပ်ရှင်ရုံသည် မပါမဖြစ်၊ မရှိမဖြစ်သော ရင်းနှီးမြှုပ်နှံမှုပါ။ မဖွံ့ဖြိုးသေးခင် အခွန်စည်းကြပ်မှု၊ ဖွံ့ဖြိုးဆဲအခွန်စည်းကြပ် မှု အစရှိတာတွေကို ကူညီလာနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ ကျွန်တော်လေ့လာထားသလောက် အိန္ဒိယရုပ်ရှင်တွင် နိုင်ငံနှင့် လူမျိုးအကျိုးပြုအကြောင်းအရာ ဇာတ်ကားတွေ အံဝင်ခွင်ကျပါလာပါက အမြတ်ခွန်လျော့ပေးခြင်းဖြင့် အစိုးရမှ ကူညီပေးထားပါတယ်။

တစ်လောက ကျွန်တော် London ဆိုသော အိန္ဒိယရုပ်ရှင် ဇာတ်ကားတစ်ကားကြည့်ဖြစ်တယ်။ မင်းသားက ဗြိတိသျှသားကို ပြောနေပုံမှာ ” ကျုပ်တို့အိန္ဒိယနိုင်ငံမှာ သတင်းစာပေါင်း ၅၆ဝဝ ရှိတယ်။ ဘာသာစကား ၂၁ခုနဲ့ မဂ္ဂဇင်း ၃၅ဝဝဝ ရှိတယ်။ စာဖတ်သူပေါင်း ၂၁ သန်းရှိတယ်။ ကျုပ်တို့နိုင်ငံသား တွေ လပေါ်ရောက်ပြီးပြီ။ ဆရာဝန်၊ အင်ဂျင်နီယာ၊ သိပ္ပံပညာရှင်၊ it ပညာရှင်တွေ အများဆုံးရှိလာပြီ။ ခု တတိယအကြီးဆုံးနိုင်ငံဖြစ်လာပြီ။ ဒါဟာဘယ်သူ့ကိုမှ မထင်မသေးတတ်လို့ပဲ” တဲ့။

သူပြောသွားတာတွေဟာ သူ့နိုင်ငံအတွက် ဂုဏ်ယူစရာတွေချည်းပါပဲ။ အဲဒီလို ဇာတ်နဲ့ အံဝင်လာတာမျိုး ပါဝင်လာရင်၊ နိုင်ငံအစိုးရကိုက အမြတ်ခွန်ကို သိသိသာသာ လျော့ပေးတယ်။ တချို့ဆို ကင်းလွတ်ခွင့် တောင်ပေးတာ။ ဒါအစိုးရအနေနဲ့ ရုပ်ရှင်ကို ကူညီရာရောက်တယ်။ ဒါကြောင့် မြန်မာ့ရုပ်ရှင်ကို အစိုးရဝန်ကြီးဌာနဘက်မှာ ကူညီပေး ဖို့ လိုအပ်တဲ့အထဲမှာ ဆင်ဆာလည်း အလွန်အရေးကြီးပါတယ်။ အိန္ဒိယရုပ်ရှင်မှာ ဆင်ဆာရှိပါတယ်။ အဓိက အချက်၃ချက်ကိုပဲ တားမြစ်ထား တယ်။ (က) ကလေးသူငယ်အရေး၊ (ခ) ထိတ်လန့်ဖွယ်ပြသရာတွင် ရုံတွင်း ပရိသတ်နှလုံးရပ်သွားနိုင်သည်ကို ရှောင်ကြဉ်ရန်၊ (ဂ) အမျိုးသမီး အရေးကို အလွန်အကျွံဖိနှိပ်ပြီး မပြရန်တို့ပဲဖြစ်တယ်။ ကျန်အချက်အလက်အားလုံး လွတ်လပ်ခွင့်ပေးထားတယ်။ မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးတွင် ဆင်ဆာမှများစွာ ဖြေလျော့ပေးသင့်ပါတယ်။ လွတ်လပ်စွာ ဇာတ်လမ်းတည်ဆောက်ခွင့် ပေးသင့်ပါတယ်။ ဆင်ဆာမှ ဇာတ်ကား ၄ ကားမျှ အဖြတ်အတောက် လုံးဝမရှိသဖြင့် ဘာကြောင့်ဖြတ်ရသည်၊ ဘာကြောင့်မဖြတ်ရသည်တို့ ကို တွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းသည်သာ သင့်မြတ်ဆုံးဖြစ်ပါတယ်။

ဆင်ဆာအဖွဲ့ကို ပြန်ကြားရေး ဝန်ကြီးဌာနမှ ၉/၉၆အရ မြန်မာ့ရုပ် ရှင်ဥပဒေတွင် ရေးဖွဲ့တည်ဆောက် ထားပြီး၊ ဗီဒီယိုကို ၈/၉၆ အရ ဆင်ဆာအဖွဲ့ဖွဲ့ထားခြင်းကို ကျွန် တော်လေ့လာသိရှိထားပါတယ်။ သို့အတွက် ဖွံ့ဖြိုးလာစေရန် တိုးတက်မှု အစိတ်အပိုင်းတွင် အရေး ပါသော ဆင်ဆာဖြတ်တောက်မှု လွတ်လပ်ခွင့်ကို ပေးနိုင်ခြင်းကလည်း အစိုးရဝန်ကြီးဌာနမှ ပူးပေါင်းပါဝင် ကူညီရာ ရောက်စေနိုင်ပါတယ်။ ထို့အတူ မြန်မာ့ရုပ်ရှင်အရည် အသွေးမြင့် ဇာတ်ကားကောင်းများ ဖန်တီးထုတ်လုပ်ရန် အချိန်ကျရောက် လာပြီဖြစ်တယ်ဆိုတာကို အထူးဂရုစိုက်ရတော့မယ်။ စည်းကမ်းနဲ့ စနစ်ကိုလေးစားလိုက်နာခြင်းဟာ အောင်မြင်ခြင်းပဲ ဖြစ်ပါတယ်။ အောင်မြင်တယ်၊ ကျရှုံးတယ် ဆိုတာ ကျွန်တော်တို့ ဘယ်လောက် အားထုတ်မှု ပြုသလဲဆိုတဲ့ အပေါ် မူတည်နေပါတယ်။

ဒါရိုက်တာ မောင်ဗေဒါ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*