နှင်းဖြူဖြူသန့်

နှင်းဖြူဖြူသန့်
May 16, 2017 Asian Fame
နှင်းဖြူဖြူသန့်

soberd

” နှင်းနှင်းကြီးလာရင် ဘာလုပ်မှာလဲ ”
“မေမေလုပ်မယ် ”

နှင်းဖြူဖြူသန့်က ယခုလိုဖြေ လိုက်တိုင်း လူကြီးတွေက သဘောကျစွာရယ်ကြသည်။ သူကလေး၏ အဖြေကို သဘောကျသဖြင့် ခဏခဏမေးကြသည်။ ခဏခဏမေး၍ ခဏခဏဖြေရလျှင် နှင်းဖြူဖြူ သန့်လေးကစိတ်မရှည်ဖြစ်လာပြီး ခဏခဏမေးနေကြတာပဲဟု ပြန်ပြောတတ်သည်။

” ကြည့်စမ်းပါဦး၊ ညည်း သမီး က အခုကတည်းက လင်ယူဖို့စိတ်ကူးနေပြီ”
“နှင်းနှင်း လင်မယူပါဘူးဆို” နှင်းဖြူဖြူသန့်ကလည်း မျက်စိမှိတ် ပြန်အော်တတ်သည်။ မေမေလုပ်မယ်ဆို တော့ လင်ယူရမှာပေါ့အေဟု ထပ်ပြီးစကြပြန်သည်။

“မေမေက လင်မယူပါဘူး၊ဖေဖေယူတာ”

နှင်းဖြူဖြူသန့်လေးက ထပ်အော်ပြန်သည်။ သူကလေးကအော်လေ၊လူကြီးတွေက စလေနှင့်ဆူညံနေတော့သည်။ဖွားဖွားကဝင်တဲ့ပြီး ညည်းတို့ကလေးကို ဘာအတတ်တွေ သင်ပေးနေကြတာလဲ၊ ဂန်းမတွေ ဟုဟန့်မှငြိမ်သွားကြသည်။ဖွားဖွား မရှိရင်တော့ နှင်းဖြူဖြူသန့်ကို စပြီး ရင်းစနေတော့သည်။ ယခုနောက် ပိုင်းမှာတော့ ဖွားဖွားကပြောထား သဖြင့် ဒီလိုတွေမေးရင်မဖြေနဲ့ ဆို သည့်အတိုင်း နှင်းဖြူဖြူသန့်လေးက မဖြေတော့ဘဲနေသည်။ မဖြေဘဲနေပြန်တော့လည်း နှင်းနှင်းက စကားမပြောတတ်သေးဘူးတော့ဟု စကြပြန်သည်။

“ပြောတတ်တယ်၊ပြောတတ်တယ်။ ဖွားဖွားကမပြောနဲ့ဆိုလို့ မပြောတာ”
“စကားမပြောတတ်သေးဘူးဟေ့၊ဟောဒီမှာ နှင်းနှင်းလေးက သုံးတန်းရောက်တာတောင် စကားမပြောတတ်ရှာသေးဘူးဟေ့”
“ပြောတတ်တယ်၊အများကြီးပြောတတ်တယ်၊ နှင်းနှင်းကြီးရင် မေမေ့လိုထမင်းချက်မယ်၊အဝတ်လျှော်မယ်၊မီးပူတိုက်မယ်၊တံမြက်စည်းလှဲမယ်”
“ဟယ် ဒါဆိုလင်မယူတော့ဘူးပေါ့”
“မယူဘူး၊မေမေနဲ့နေမယ်၊ ဖေဖေနဲ့နေမယ်၊ ဖွားဖွားနဲ့နေမယ်၊ ဖိုးဖိုး နဲ့နေမယ်၊ မောင်လေးနဲ့နေမယ်”

နှင်းနှင်းလေးကဝင်ပြော၍မရအောင် ဆက်တိုက်ပြောချလိုက်သည်။ မေမေကတော့သဘောကျနေလေသည်။ မေမေ့သမီးက တော်လာပြီဟေ့ဟူ၍လည်း ကျေနပ်စွာပြောလေသည်။လေးတန်းတက်လာပြီးနောက် နှင်းဖြူဖြူသန့်ကလေးရဲ့အဖြေတွေက ပြောင်းလာသည်။

“နှင်းနှင်းအင်္ကျီချုပ်မယ်”
“နှင်းနှင်း အိမ်ဆောက်မယ်”
“နှင်းနှင်းအရုပ်ဆွဲမယ်”
“နှင်းနှင်းဆရာမလုပ်မယ်”
“နှင်းနှင်းဆရာဝန်လုပ်မယ်”

နှင်းဖြူဖြူသန့်ကလေးမှာ ပတ်ဝန်းကျင်မှာသူကလေးမြင်တာတွေအားလုံးကို သူလုပ်ချင်တာတွေ အဖြစ်ဖြေတတ်လာသည်။ဆော့ ကစားတော့လည်း သူစိတ်ဝင်စား တာကိုပဲ ဆော့တတ်သည်။ အင်္ကျီချုပ်တမ်းဆော့သည်။ပန်းချီရေးတမ်းဆော့သည်။ဆရာမလုပ်တမ်းကစား သည်။ ဆရာဝန်လုပ်တမ်းကစား သည်။ သူကလေးရဲ့အရုပ်ကလေးတွေကလည်း သူကလေးကစားပုံပြောင်းတိုင်း လိုက်ပြောင်းနေကြရသည်။

“နှင်းနှင်းရေ့၊သမီးဆော့ပြီးရင် သေချာပြန်သိမ်းနော်၊မေမေလည်း ထမင်းချက်ပြီးရင် အားလုံးဆေးကြောပြီးသိမ်းတယ်နော်၊ အဝတ်လျှော်ပြီးရင် သိမ်းတယ်နော်၊ဖွမ ထားရဘူး၊ကိုယ်ဆော့တဲ့အရုပ်တွေလည်း သေချာသိမ်းရတယ်နော်၊ဒါမှလိမ္မာတဲ့ကလေးဖြစ်မှာနော် နှင်းနှင်း”

“ဟုတ်ကဲ့မေမေ၊ နှင်းနှင်း အား လုံးသိမ်းထားတယ်။ စက္ကူပုံးထဲမှာ ထည့်သိမ်းထားတယ်မေမေ”
“မေမေ့သမီးကလိမ္မာပြီးသား ပဲ။ ဒါကြောင့်မေမေကချစ်တာ”

မေမေကချစ်တယ်ဟုပြောလျှင် နှင်းဖြူဖြူသန့်လေးက အတော်သဘောကျလေသည်။ မေမေက ချီးကျူးလျှင်နှင်းဖြူဖြူသန့်ကလေးကျေနပ်နေတတ်သည်။မေမေသ ဘောကျအောင်လည်း လိုက်လုပ်တတ်သည်။ မေမေ့ကိုလည်းလိုက်တုပြီးလုပ်တတ်သည်။ မေမေသဘောကျအောင်၊ဖေဖေသဘောကျအောင်၊ဖိုးဖိုးဖွားဖွားတို့သဘောကျအောင်လိုက်လုပ်သည်။ နှင်းဖြူဖြူ သန့်ကလေးက မေမေ့သမီးဖြစ်သည်။ မေမေပြောတာကိုပဲအတည်ယူသည်။ တစ်ရက်ကတော့ နှင်းဖြူဖြူသန့် ကလေးကထူးထူးခြားခြားပြောလာ သည်မှာ နှင်းနှင်းကြီးလာရင် မုန့်ပျားသလက်ရောင်းမယ်မေမေဟူ၍ဖြစ်သည်။ ခါတိုင်းသူများမေးမှဖြေတတ်သည့် နှင်းဖြူဖြူသန့်လေးက သူကိုယ်တိုင်မမေးဘဲပြောလာတော့မေမေရော၊ဖွားဖွားရောမျက်လုံးပြူးသွားရသည်။

“ကြည်ကြည် ညည်းသမီးကတော့ အတတ်ကောင်းတွေတုနေပြီ”
“နှင်းနှင်းကဘာလို့မုန့်ပျား သလက် ရောင်းချင်တာလဲသမီးရဲ့”

“မုန့်ပျားသလက်ဆိုင်မှာလူတွေ အများကြီးပဲမေမေရဲ့၊အကြာကြီးစောင့်ရတယ်။ ဖွားဖွားကပြောတယ်။ နှင်းနှင်းမုန့်ရောင်းတမ်းကစားတော့ ဝယ်စားတဲ့လူလည်းမရှိဘူးတဲ့။ ဈေးရောင်းတယ်ဆိုတာ ဝယ်တဲ့လူများရတယ်တဲ့”

“ဗုဒ္ဓေါ၊ မှားပါတယ် ဒေါ်နှင်း နှင်းရယ်”
“ဖွားဖွားက မှားတာပြောတာပေါ့”

နှင်းဖြူဖြူသန့်လေး ထောက်လိုက်သည့်စကားကြောင့်ဖွားဖွား မျက်လုံပြူးသွားသည်။ မေမေကတော့ နှင်းဖြူဖြူသန့်လေးကိုပြော မည့်စကားကိုစဉ်းစားနေသည်။ “ဖွားဖွားပြောတာမမှားဘူး နှင်းနှင်းရဲ့၊ဖွားဖွားပြောတာကဈေးရောင်းရင်ဝယ်တဲ့လူများမှဆိုတာ မှန်တယ်။ နှင်းနှင်းမုန့်ပျားသလက်လုပ်တာတွေ့တယ်မဟုတ်လား”

“တွေ့တယ်မေမေ”
“မီးနဲ့လုပ်ရတာလေ။ မီးနဲ့လုပ်ရတော့ မီးပူတယ်လေသမီး။ နှင်းနှင်း စတိုးဆိုင်ကြီးတွေ ရောက်ဖူးတယ်မဟုတ်လား”
“ရောက်ဖူးတယ်လေ၊မေမေနဲ့ သွားတာ။ လူတွေမှအများကြီးပဲ”
“ဖွားဖွားပြောတာကအဲဒါမျိုးပြောတာ။ နှင်းနှင်းကစတိုးဆိုင်ရောင်းတာကြိုက်လား၊မုန့်ပျား သလက်ရောင်းတာ ကြိုက်သလား။ မုန့်ပျားသလက်ရောင်းတာက မီးပူ တယ်။ စတိုးဆိုင်ရောင်းတာက မီး မပူဘူး။ နှင်းနှင်းဘာကိုကြိုက်လဲ”

” နှင်းနှင်းစတိုးဆိုင်ပဲ ရောင်းမယ်မေမေ။ နှင်းနှင်းကြီးလာရင်စတိုးဆိုင်ရောင်းမယ်မေမေ ”
“နှင်းနှင်းကလုပ်ချင်တာတွေ အများကြီးပဲ။ နှင်းနှင်းဘာပဲလုပ်လုပ်စာတတ်ဖို့လိုတယ်သမီးရဲ့။ နှင်းနှင်း က စာတတ်အောင်အရင်သင်ရမယ်။ စာတတ်ရင် နှင်းနှင်းလုပ်ချင်တာတွေ အကုန်လုပ်လို့ရတယ်သမီး”

“ဟုတ်ကဲ့မေမေ”

နှင်းဖြူဖြူသန့်လေးမှာ မေမေ က စာတတ်အောင်အရင်သင်ဟုပြောလိုက်တော့ နှင်းနှင်းစာကျက်တော့မယ်မေမေဟု ဆိုကာလွယ်အိတ်ကို ယူလိုက်သည်။ စာအုပ်တွေကိုထုတ်ပြီး စာကျက်တော့သည်။နှင်းဖြူဖြူသန့်လေးရဲ့ စိတ်ဝင်စားစွာအော်ကျက်နေသော အသံကိုကြားရတော့ ဖွားဖွားက ခေါင်းတညိတ်ညိတ်လုပ်နေသည်။ “ခေတ်ကာလသားသမီးများ တတ်လိုက်ကြတာကွယ်။ သူတို့ကို စကားပြောရတာတောင် မလွယ်ဘူး”

“သူတို့အရွယ်ကစူးစမ်းတဲ့အ ရွယ်ကိုးမေမေရဲ့။ စကားပြောတာလည်းသူတို့ နားဝင်အောင်ပြောမှ ရတာ။ ကျောင်းမှာကကလေးတွေ အများကြီးရှိတာလေ။ တချို့မိဘတွေက ကလေးပဲဆိုပြီး အလေး မထားဘဲကလေးတွေရှေ့မှာတွေ့ ကရာပြောကြတာ။ ကလေးတွေက အဲဒါကိုအဟုတ်မှတ်ပြီး မှတ်ထားတတ်တယ်။ အတုယူတဲ့အခါကလေးဆိုတော့ လူကြီးလိုမတွေးတတ်ဘူးလေ။ အတုယူမိရော။ ဒါကြောင့် တချို့ကလေးတွေ အရွယ်နဲ့မလိုက်အောင်ဆဲတတ်နေကြတာပေါ့။ သူတို့က ဆဲတာကိုဆဲတာလို့တော့ သိ တယ်။ ဘယ်လိုအဓိပ္ပာယ်လဲ ဆိုတာ သိကြတာမဟုတ်ဘူး။ ဒါကြောင့် ကလေးရဲ့ပတ်ဝန်းကျင်က အရေးကြီး တယ်။ သူ့ပတ်ဝန်းကျင်ကနေသူဘာတွေရလာသလဲဆိုတာ သူတို့ဆီက တစ်ဆင့်မပြတ် လေ့လာနိုင်မှရတာလေ” အဖွားကတော့ ခေါင်းတညိတ်ညိတ်ပဲ လုပ်နေတော့သည်။နှင်းဖြူဖြူသန့်လေးရဲ့ စာကျက်သံရပ်သွားပြန်သည်။

“မေမေ မေမေရေ့”
“ဘာလဲသမီး။ ဘာမရတာ ရှိလို့လဲ” နှင်းဖြူဖြူသန့်လေးရှိရာကိုလျှောက်လာရင်း မေမေက မေးသည်။

“မေမေ ဒီနေ့လေ၊ ဆရာမက နှင်းနှင်းကိုလိမ္မာတယ်၊ တော်တယ်လို့ပြောတယ်။ ဆရာမက နှင်းနှင်း ကို အမြဲတမ်းပဲအဲဒီလိုပြောတယ်”
“နှင်းနှင်းက တကယ်လိမ္မာတာ ကိုးသမီးရဲ့”
“ပြီးတော့ဆရာမကပြောတယ်။ သမီးမေမေကသိပ်တော်တာပဲတဲ့၊ ဆရာမနဲ့ မေမေကသူငယ်ချင်းလားဟင်”
“နှင်းနှင်းဆရာမနဲ့မေမေနဲ့မ သိပါဘူး”
“အဲဒါဆို ဆရာမက မေမေတော်တယ်ဆိုတာ ဘယ်လိုသိတာလဲမေမေ” မေမေက သဘောကျစွာရယ်လိုက်ပြီး နှင်းဖြူဖြူသန့်လေးရဲ့ ခေါင်းကိုပွတ်သပ်ကာ ပြုံးပြုံးလေးပြောလိုက်သည်။

“နှင်းနှင်းက လိမ္မာပြီးတော်တယ်ဆိုတော့ နှင်းနှင်းရဲ့မေမေကလည်း တော်မှာပဲလို့ ထင်လို့နေမှာပေါ့သမီးရဲ့”
“ဆရာမက မေမေ့သူငယ်ချင်း လည်းမဟုတ်ဘဲနဲ့သိတယ်နော်”
“သိတာပေါ့သမီးရဲ့။ ဆရာမက စာတတ်တယ်လေ။ နောက်ဆိုရင်နှင်းနှင်းက ကြီးလာမယ်။ စာတွေ လည်း တတ်လာမယ်။ အဲဒါဆိုရင်နှင်းနှင်းကလည်း ဆရာမလိုပဲသိလာမှာလေ သမီး”

“နှင်းနှင်း စာတွေတတ်အောင်သင်မယ်”
“ဒါပေါ့သမီးရဲ့။ သမီးကတော်အောင် ကြိုးစားရင်၊ လိမ်လိမ်မာမာနေရင် မေမေ့ကိုလည်းလူတွေကတော်တယ်လို့ ပြောကြမှာပေါ့သမီးရဲ့၊မေမေ့ကိုမတော်စေချင်ဘူးလား သမီး”

“မေမေက တော်တယ်လေ”
“သမီးပိုတော်ရင် မေမေ့ကိုလူတွေက ပိုတော်တယ်လို့ပြောကြမှာလေ”
“မေမေ နှင်းနှင်းပိုတော်အောင်လုပ်မယ်နော်”
“မေမေ့သမီးကတော်လေ၊မေမေကလည်း တော်လေဖြစ်မှာပေါ့ သမီးရဲ့”
နှင်းဖြူဖြူသန့်လေးက သဘောကျသွားပြီး စာအုပ်ဆီမျက်လုံးရောက်သွားသည်။ စာဆက်မကျက်သေးဘဲ စဉ်းစားသလိုလုပ်နေပြီး မေမေဟုခေါ်လိုက်ပြန်သည်။

“ဘာပြောချင်လို့လဲသမီး”
“ဆရာမကကော တော်လား မေမေ”
“တော်တာပေါ့သမီးရဲ့။ ဘာဖြစ်လို့လဲ”
“မေမေက ဆရာမနဲ့မသိဘဲ ဆရာမတော်တာ ဘယ်လိုသိတာ လဲဟင်”
“မေမေကလည်း စာတတ်တယ်လေသမီးရဲ့။ မေမေ့သမီးတော်တာ ဆရာမတော်လို့ပေါ့။ ဆရာမကတော်တော့ နှင်းနှင်းကိုတော်အောင်သင်ပေးနိုင်တယ်လေ”နှင်းဖြူဖြူသန့်လေးက မျက်လုံးကလေးမှိတ်ပြီး စဉ်းစားနေသည်။ “ဟုတ်တယ်နော်မေမေ။ ဆရာ မကတော်တယ်။ စာတွေလည်း အများကြီးပဲတတ်တယ်နော်””သမီးတော်လေလေ ဆရာမ လည်း ပိုတော်လေလေပေါ့”

နှင်းဖြူဖြူသန့်လေးက စဉ်းစားနေပြန်သည်။လူကြီးလေးတစ်ယောက်လို စဉ်းစားနေပုံကို မေမေက ချစ်မက်စွာပြုံးပြီး ကြည့်နေသည်။
“ဟင် မေမေကလည်း၊စောစောကပြောတော့ နှင်းနှင်းတော်လေလေ မေမေကပိုတော်လေလေဆို။ ခုကျတော့ နှင်းနှင်းတော်လေလေ ဆရာမကလည်း ပိုတော်လေလေတဲ့။ မေမေကလည်းဘာမှန်းလဲမသိဘူး” မေမေက သဘောကျစွာရယ်သည်။ “နှင်းနှင်းတော်လေလေ မေမေက ပိုတော်လေလေ။ အဲဒါမေမေ က နှင်းနှင်းရဲ့ မေမေဖြစ်လို့လေ။ နှင်းနှင်းတော်လေလေ ဆရာမကပိုတော်လေလေ။ အဲဒါဆရာမက နှင်းနှင်းရဲ့ဆရာမဖြစ်လို့လေ” “တကယ်လားမေမေ””တကယ်ပေါ့သမီးရဲ့” နှင်းဖြူဖြူသန့်လေး သဘော ကျသွားသည်။ ကျေနပ်သွားသည်။သူကလေးရဲ့ စာကျက်သံတွေက လည်း အားတက်သရောရှိနေလေတော့သည်။

စိုးဘားဒိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*