တော်လှန်ရေး ကောင်စီခေတ်မှာ – ၁

တော်လှန်ရေး ကောင်စီခေတ်မှာ – ၁
May 16, 2017 Asian Fame
တော်လှန်ရေး ကောင်စီခေတ်မှာ – ၁

mkm

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက် နေ့ကစ၍ “တော်လှန်ရေး ကောင်စီခေတ်” စတင်သည်ဟု ဆိုရပါလိမ့်မည်။ တော်လှန်ရေး ကောင်စီက တော်လှန်ရေးအစိုးရ အဖွဲ့ကို ဖွဲ့စည်းသည်။ မြန်မာ့ ဆို ရှယ်လစ်လမ်းစဉ်ပါတီ တည်ထောင် သည်။ ၁၉၇၄ ခုနှစ်တွင် လမ်းစဉ်ပါတီကို အမြုတေပါတီမှ ပြည်သူ့ ပါတီအဖြစ် ပြောင်းလဲပြီး ပြည်သူ့ လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲ များ ပေါ်လာသည်။ တော်လှန်ရေး ကောင်စီဖျက်သိမ်းပြီး နိုင်ငံတော်ကောင်စီဖွဲ့စည်းသည်။ ထို့ကြောင့် ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်ကာလကို “တော်လှန်ရေးကောင်စီခေတ်” ဟု ခေါ်နိုင်ပါသည်။

ကျွန်တော်ထိုအကြောင်းများကို ရေးရာတွင် စာအုပ်စာတမ်းများ ကို ကိုးကားရန် မရည်ရွယ်ပါ။ တက္ကသိုလ်ကျောင်းသားဘဝမှ ဝန်ထမ်းဘဝသို့ ရောက်ပြီး ဖြတ်သန်း ရသော ထိုကာလတွင်ကိုယ်တိုင် ကြုံရတွေ့ရသော အကြောင်းများကို သိသလောက် ကြုံသလောက် ပြန် ရေးပြရန်သာ ရည်ရွယ်ပါသည်။ ပြန် စဉ်းစားပြီး သတိရသည့် အကြောင်းများကို ရေးပါမည်။

တော်လှန်ရေးကောင်စီဖွဲ့စည်း ပုံနှင့် ပတ်သက်၍ သတိပြုမိသော အချက်တစ်ချက်ရှိပါသည်။ တော်လှန် ရေးကောင်စီကို ထိပ်တန်းတပ်မတော် အရာရှိကြီးများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည့်အတိုင်း ကာကွယ်ရေးဦးစီး ချုပ်ကစ၍ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် (ကြည်း၊ ရေ၊ လေ)တို့ အစဉ် အတိုင်းပါဝင်ပါသည်။ ထို့နောက် စစ်ရေးချုပ်နှင့် စစ်ထောက်ချုပ်ဟူသော အရာရှိကြီး ၂ ဦး၏ အစဉ်တွင် တော်လှန်ရေး ကောင်စီမှာ စစ် ထောက်ချုပ် ဗိုလ်မှူးချုပ် တင်ဖေ ပါဝင်သော်လည်း စစ်ရေးချုပ် မပါ ဝင်သည်ကို သတိပြုမိခြင်းဖြစ်သည်။ နောက်ပိုင်းတွင်လည်း တပ်မတော် အရာရှိကြီးများကို အစီအစဉ်အတိုင်း ဖော်ပြရာတွင် စစ်ရေးချုပ်နှင့် စစ် ထောက်ချုပ်ကို အမြဲတွဲ၍ ဖော်ပြ လေ့ရှိကြောင်း သတင်း စာများအရ သိရသည့်အတွက် တော်လှန်ရေး ကောင်စီမှာ စစ်ထောက်ချုပ်မပါ ခြင်းကို ပို၍မှတ်မိနေပါသည်။ သတိ ရစရာ ဖြစ်ရပ်တစ်ခုရှိပါသည်။ ထို စဉ်က ရန်ကုန်မှာ ထင်ရှားသော ဓာတ်ပုံဆိုင်ကြီးတစ်ဆိုင်သို့ ဓာတ်ပုံ ရိုက်ဖို့သွားရာ ဧည့်ခန်းတွင် ဗိုလ်ချုပ် ကြီးနေဝင်းကစ၍ တော်လှန်ရေး ကောင်စီဝင်များ၏ ကိုယ်တစ်ပိုင်း ပုံကြီးများကို ခန့်ခန့်ညားညား ချိတ်ဆွဲထားသည်ကိုတွေ့ရပါသည်။ အခြားတစ်ဖက်မှာ တပ်မတော်အရာ ရှိ တစ်ဦး၏ ပုံခပ်သေးသေးကို ချိတ်ဆွဲထားပါသည်။ အောက်မှာ “စစ်ရေးချုပ် ဗိုလ်မှူးချုပ် မောင်မောင် ကျော်ဝင်း” ဟု ရေးထားသည်။ “သူက တော်လှန်ရေးကောင်စီမှာ မပါဘူး လေ”ဟု ဓာတ်ပုံဆိုင်မှ ပုဂ္ဂိုလ်တစ် ယောက်က ပြောပြသည်ကိုလည်း ကြားခဲ့ရပါသည်။ ဘာကြောင့် မပါသည်ကိုတော့ မသိပါ။ ထင်မြင်ချက်လည်း ပေးစရာ မရှိပါ။ မပါ ကြာင်း သတိပြုမိသည့်အချက်ကိုသာ ဖော် ပြခြင်းဖြစ်ပါသည်။

တော်လှန်ရေးကောင်စီတွင် ဖော်ပြပါ အရာရှိကြီးများအပြင် စစ်ဌာနချုပ်တိုင်းမှူးများနှင့် တခြား စစ်အရာရှိကြီးများ ပါဝင်ကြောင်း တွေ့ရသည်။ တော်လှန်ရေးအစိုးရ အဖွဲ့မှာတော့ တော်လှန်ရေးကောင် စီဝင် အများစုပါဝင်ပြီး တော်လှန် ရေး ကောင်စီဝင်မဟုတ်သူအချို့ လည်း ပါသည်။ ဦးသီဟန်နှင့် ဒုတိယ ဗိုလ်မှူးဘနီတို့ဖြစ်ကြောင်း ထိုစဉ်က မှတ်သားဖူးသည်။ စကားရပ်များ ပြောင်းလဲရာတွင် “နိုင်ငံတော် သမ္မတ” အစား “တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ”၊ “နိုင်ငံတော်ဝန်ကြီးချုပ်” အစား “တော်လှန်ရေးအစိုးရအဖွဲ့ ဥက္ကဋ္ဌ”ဟု ပြောင်းလဲနိုင်ဖို့ ကြေညာချက်ထုတ်သည်ကိုလည်း တွေ့ရ သည်။ ပြည်နယ်ကောင်စီများကို ဖျက်သိမ်းပြီး ပြည်နယ်ဦးစီး အဖွဲ့များဖွဲ့စည်းသည်။

တော်လှန်ရေးကောင်စီတက် ပြီး ရက်ပိုင်းအတွင်း မတ်လ ၂၇ ရက်နေ့တွင် ကျင်းပသော တပ်မတော် နေ့အခမ်းအနားတွင် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိန်ဝင်းတက်ရောက် မိန့်ခွန်းပြော သည်။ ထိုနေ့က တော် လှန်ရေးပန်းခြံ သို့ သွားကြည့်ရင်း မိန့်ခွန်းကို အနီး ကပ် နားထောင်ခဲ့ရသည်။ နောက်နေ့သတင်းစာများတွင် ရန်ကုန်မှာ ဗိုလ်မှူးချုပ် စိန်ဝင်းပြော သော မိန့်ခွန်းကို ထောက်ခံကြောင်း၊ မန္တလေးမှာ အနောက်မြောက် တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် စန်းယုပြောသော မိန့်ခွန်းကို ကန့် ကွက်ကြောင်း သတင်းစာဆရာများ၏ ဆုံးဖြတ်ချက်ကို သတင်းစာများမှာ တွေ့ရသည်။

၁၉၆၂ ခုနှစ်၊ ဇူလိုင်လမှာ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ စတင်တည်ထောင်သည့် ကြေညာ ချက်ကို ဗိုလ်မှူးကြီးစောမြင့်က အသံ လွှင့်ကြေညာသည်ကို ကြားရသည်။ “လူနှင့်ပတ်ဝန်းကျင်တို့၏ အညမည သဘောတရား” ဟူသော အသုံးအနှုန်း တွင်ကျယ်လာသည့်စာအုပ်လည်း ထွက်လာသည်။

ကျွန်တော်ထိုနှစ်က ပထမနှစ် ဂုဏ်ထူးတန်းတက်နေသည်။ ဇူလိုင် လ ၇ ရက်နေ့ ကျောင်းများတွင် တကသ အဆောက်အအုံမှာ သီချင်း သံများ၊ အလံများဖြင့် စည်စည် ကား ကား ဖြစ်နေသည်ကို တွေ့ရသည်။ “တို့ကျောင်းသားတွေ၊ တို့ကျောင်း သားတွေ၊ ကျွန်ပညာရေး စနစ်ကို မလိုလားသည်။ သခင်ပညာရေး စနစ်ကိုသာ တို့လိုလားသည်” ဆိုသော သီချင်းသံကို ဝေဝေစည်စည် ကြားရ သည်။ နေ့တစ်ဝက် အတန်းပြီး တော့ ပြန်အထွက်တွင် တကသမှာ တော် တော်လူစည်နေပါပြီ။ အစည်း အဝေးရှိသည့်အတွက် ကျောင်းသား ပရိသတ်စည်ကားနေသည်။ ခါတိုင်း ဆိုလျှင် ကျွန်တော်တို့ သူငယ်ချင်း တစ်စုလည်း တက်ရောက်နားထောင် နေကျဖြစ်သည်။ ထိုနေ့မှာတော့ ဆရာကြီးဇေယျကို စာမေးရန် ကြို တင်ချိန်းထားသဖြင့် အစည်းအဝေး မတက်ဖြစ်တော့ပါ။ ညနေကျတော့ အိမ်ပြန်ခဲ့သည်။ နောက်နေ့ မနက် စောစောမှာ ပြင်းထန်သော ပေါက် ကွဲသံကြီးနှင့်အတူ ကျွန်တော်တို့ နေထိုင်ရာ တောင်ဥက္ကလာပရှိ အိမ် သွပ်မိုးများ တဂျမ်းဂျမ်း မြည်သွား သည်။ ခဏအကြာမှာ ရေဒီယိုရှိ သော အိမ်ကသူငယ်ချင်း လာပြော သည့်အတွက် အကျိုးအကြောင်းကို သိလိုက်ရသည်။ မနေ့ညနေပိုင်းမှာ ကျောင်းသားများကို လက်နက်ကိုင် စစ်သားများက ပစ်ခတ်သည့်အတွက် အများအပြား ထိခိုက်သေဆုံး ကြောင်း သိရသည်။ ကြောက်စရာ အသံကြီးမှာ တက္ကသိုလ်ကျောင်းသား များသမဂ္ဂ (တကသ) အဆောက်အ အုံကြီးကို ဖြိုခွဲဖျက်ဆီးလိုက်သည့် အသံကြီးဖြစ်သည်။ ကျွန်တော် ကျောင်းသို့ ချက်ချင်းသွားသည်။ ကုက္ကိုင်းမှာ ကားများ ပိတ်ထား၍ ခြေကျင်လျှောက်ရသည်။ အင်းယား လမ်းကျတော့ ရှေ့ဆက်သွား၍ မရ တော့ပါ။ သံဆူးကြိုးများဖြင့် ပိတ် ထားသည်။ ကြုံရာကားစီးပြီး မြေနီ ကုန်းဘက်က ပြန်ပတ်ပြီး လာကြည့် တော့ တကသ အဆောက်အအုံကြီး ထက်ပိုင်းကျိုးကျနေသည်ကို ခပ် လှမ်းလှမ်းမှ မြင်ရသည်။ သတင်းစာ တွေထဲမှာ ထိုဓာတ်ပုံကြီးနှင့်အတူ သတင်းပါလာသည်။ ကြေကွဲဖွယ် ဇူလိုင် ၇ ရက် အရေးအခင်းကို ကြုံတွေ့ရ သလောက်ဖော်ပြခြင်း ဖြစ်သည်။

နောက်နေ့မှာ ဗိုလ်ချုပ်ကြီး နေဝင်းက အသံလွှင့်မိန့်ခွန်းပြော သည်။ တကသ အဆောက်အအုံကို “ကျူငုတ်မကျန်” ဖြိုဖျက်လိုက်သည်ဟု သုံးနှုန်းသည့်အတွက် စိတ်မကောင်း ဖြစ်ရသည်။ “ဓားဓားချင်း၊ လှံလှံချင်း ရင်ဆိုင်မည်”ဟု မိန့်ခွန်းမှာ ပြောသွား သည်။ ထို့နောက် အင်္ဂလန်သို့ ထွက် သွားသည်။

မှတ်မိနေသည်မှာ ရက်ပိုင်း အကြာ ဇူလိုင် ၁၉ ရက်နေ့မှာ ကျင်းပသော အာဇာနည်နေ့တွင် “တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်အောင်ကြီး” တက်ရောက် ၍ ပန်းခွေချ အလေးပြုသည့် သတင်း ဖြစ်သည်။ အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုများ ကို ဗိုလ်မှူးချုပ်အောင်ကြီး တွေ့ဆုံ နှုတ်ဆက်နေသည့် ဓာတ်ပုံများကို သတင်း စာမှာတွေ့ရသည်။ ဗိုလ်ချုပ် ကြီးနေဝင်းက ဗိုလ်မှူးချုပ်အောင်ကြီး ကို တော်လှန်ရေးကောင်စီဥက္ကဋ္ဌအဖြစ် တရားဝင် တာဝန်လွှဲခဲ့သည့် အတွက် ဤသို့သုံးနှုန်းခြင်းဖြစ်သည်။

ထိုနှစ်ထဲမှာပင် ကမ္ဘာအေး ကုန်း မြေမှာအမျိုးသားစာပေ ညီလာခံ ကြီး ခြိမ့်ခြိမ့်သဲသဲ ကျင်းပသည်။ စာရေးဆရာများ တက်ရောက်၍ စာ တမ်းတွေဖတ်ကြ၊ ဟောကြ ပြောကြ သည်ကို ရေဒီယိုမှ ကြားရသည်။ ကျွန်တော့်မှာ စာကလေး ပေကလေး မတောက်တ ခေါက်ရေးနေချိန် ဖြစ် သည့်အတွက် စာပေညီလာခံနှင့် အလှမ်းဝေးပါသည်။ မြန်မာစာဌာန မှာ ကျွန်တော်တို့ဆရာ ဦးဖိုးကျော် မြင့် (မြန်စာဂုဏ်ကျော်မြင့်) ညီလာ ခံတက်ပြီး ပြန်ပြောပြသည့်အကြောင်း များလောက်သာ ကြားရပါသည်။ နောက်တော့ ညီလာခံမှာ တင်သွင်း သည့် စာတမ်းတွေကို တစ်စုတည်း ဖတ်ရပါသည်။

“အုန်းတော”၊ “ဒူးယား” ၊ “ပုပ္ပါး”၊ “ခပေါင်း”တို့မှာ လယ်သမားညီလာခံများ ကျင်းပသည်။ တော်လှန်ရေး ကောင်စီဥက္ကဋ္ဌကြီး တက်ရောက်၍ မိန့်ခွန်းပြောသည်။ လယ်သမား၊ အလုပ်သမား၏ သင်္ကေတအဖြစ် စပါး နှံနှင့်ပင်နယမ်တို့ နောင်အခါ နိုင်ငံ တော်အလံမှာ ပါဝင်လာသည် အထိ အရေးပါလာသည်။

၁၉၆၃ ခုနှစ် အစပိုင်းလောက် မှာ ကြေညာချက်တစ်ခု ထွက်လာသည်။ “ဗိုလ်မှူးချုပ် အောင်ကြီးနုတ်ထွက်ခြင်း” ဖြစ်သည်။ နုတ်ထွက်ပြီး မချမ်းဘောသို့ ထွက်ခွာသွား သည့်သတင်းကို သတင်းစာများမှာ တွေ့ရသည်။ ထိုသတင်းကြောင့် အများအံ့သြကြရသည်။ ဗိုလ်မှူးချုပ် အောင်ကြီးမှာ ကုန်သွယ်ရေးဌာနကို တာဝန်ယူ ကြီးကြပ်နေသော ဝန်ကြီး ဖြစ်သည်။ ရှမ်းစော်ဘွားများ တာဝန် စွန့်လွှတ်ရေးကိစ္စတွင် ဦးဆောင် ဆွေးနွေးသည့်ပုံများကို တွေ့ရသည်။ တက်ြ<ွကသွက်လက်စွာ လှုပ်ရှားနေ သူဖြစ်သည်။ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) လည်းဖြစ်သည်။ အင်္ဂလိပ်သတင်းစာများတွင် VCGS Aung Gyi ဟု အတိုကောက်ရေးသည် ကိုပါ မှတ်မိနေသည်။ (Vice Chief of General Staff ကို အတိုကောက် သုံးနှုန်းခြင်းဖြစ်သည်။) ရေဒီယိုမှလည်း မိန့်ခွန်းများ မကြာခဏ ကြားရသည်။ ဗိုလ်မှူးချုပ်အောင်ကြီး နုတ် ထွက်တော့ အနောက်တိုင်း စစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စန်းယုက ဒုတိယကာကွယ်ရေး ဦးစီးချုပ် (ကြည်း)ဖြစ်လာသည်။ ဗိုလ်မှူးကြီး ချစ်မြိုင်က ကုန်သွယ်ရေးဝန်ကြီး ဖြစ်လာသည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*