ဗမာပြည်ကို ရုပ်ရှင် ဘယ်တုန်းက စရောက်သလဲ

ဗမာပြည်ကို ရုပ်ရှင် ဘယ်တုန်းက စရောက်သလဲ
May 8, 2017 Asian Fame
ဗမာပြည်ကို ရုပ်ရှင် ဘယ်တုန်းက စရောက်သလဲ

Mg Thit Lwin

နည်းနည်းပြောပါရစေ။ ရုပ်ရှင်သက်တမ်း နှစ်၁ဝဝ ပြည့်တော့မယ်တဲ့။ ဒီအသံတွေ ကြားနေရတယ်။ မြန်မာ့ရုပ်ရှင် သက်တမ်းကို ဆိုလိုတာ ဖြစ်တယ်။ ရုပ်ရှင်ဆိုတဲ့ အနုပညာတစ်ရပ် ဘယ်အချိန်လောက်ကများ မြန်မာတွေ စတင်ထိတွေ့ဖူးသလဲ။ အဲဒီအစ၊ အစမှာ ရုပ်ရှင်ကို ဗမာတွေက ဘယ် လိုမြင်သလဲ။ ဘယ်လိုခံစားသလဲ ဆိုတာကလည်း တွေးကြည့်ချင်စရာ ပေပဲ။ သတင်းအစအနလေးတွေ လိုက်ကောက်ကြည့်ချင်စရာပေပဲ။ တွေ့တဲ့ အစအနလေးတွေကို ရှာဖွေ ကြ၊ ဆက်ကြည့်ကြဖို့လည်းကောင်း တာပဲ။ တွေ့ထားလည်း ဆက်ပေးကြ။ ပြင်စရာရှိပြင်၊ ဖြုတ်စရာရှိဖြုတ်၊ လှပတဲ့သမိုင်းတစ်ရပ်၊ သပ်သပ်သန့် သန့်၊ အတည်အတံ့ဖြစ်ဖို့ ကြိုးပမ်း အားထုတ်ကြစေချင်ပါတယ်။ တွေ့ခဲ့ တာလေးတော့ တင်ပြလိုက်ပါတယ်။

ဗမာရုပ်ရှင်လုပ်ငန်း သက်တမ်း နှစ် ၅ဝထဲသို့ ရောက်ပြီ၊ ရွှေရတု သဘင် ဆင်ယင်ကျင်းပဖို့လည်း ပြင်ဆင်နေကြပြီ။ ဗမာရုပ်ရှင်သမိုင်း တစ်စောင်တဖွဲ့ ပြုစုဖို့လည်း စိုင်းပြင်း နေကြလေသည်။ ဗမာအမျိုးသားများ ရုပ်ရှင် လုပ်ငန်း စတင်လုပ်ကိုင်သည်မှာ ၁၉၂ဝပြည့်နှစ်က ဦးထွန်းရှိန်၏ ဈာပနသတင်းကားကို လန်ဒန်အတ် ဦးအုန်းမောင်က ရိုက်ကူးပြသသည် က စတင်သည်ဟု အမှတ်အသား ပြုကြသည်။ ဦးထွန်းရှိန်မှာ ဦးဘဖေ၊ ဦးပုတို့နှင့် ဘိလပ်သို့ ဟုမ္မရူး အုပ်ချုပ် ရေး သွားရောက်တောင်းဆို ခဲ့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်၍ သူ့ဈာပန ရုပ်ရှင်သတင်းကားသည် တစ်ခါ တည်း ကျော်ကြားလူသိများသွား သည်။ ဦးထွန်းရှိန်မှာ နိုင်ငံက စိတ်ဝင်စားသော ပုဂ္ဂိုလ်ဖြစ်၍ လည်းကောင်း၊ ရုပ်ရှင်လုပ်ငန်းမှာ လည်း ဗမာအမျိုးသားများက ပထမ ဆုံး ရိုက်ကူးသည့် လုပ်ငန်းဖြစ်၍ လည်းကောင်း၊ ထိုသတင်းကားမှာ အောင်မြင်သည်။ ပြည်သူက စိတ်ဝင် စားကြလေသည်။ ထို့ကြောင့် ဗမာ့ရုပ်ရှင်လုပ်ငန်းအစကို အမှတ် အသားပြု၍ လွယ်ကူလေသည်။

သို့သော်လည်း ဗမာပြည်သို့ “ရုပ်ရှင်” ဘယ်အချိန်က စတင် ရောက်ရှိလာသည်ကိုမူ ယခုအထိ တိကျသည့် အမှတ်အသား မရှိသေးပေ။ ရုပ်ရှင်ဖခင်ကြီးဖြစ်သည့် လန်ဒန်အတ် ဦးအုန်းမောင်နှင့်တကွ အခြားရုပ်ရှင်ပညာရှင်ကြီးများပင် ရုပ်ရှင်စတင်ရောက်ရှိသည့်ကာလကို တိကျစွာ မပြောနိုင်အောင် ရှိကြရ သည်ဟု ဆိုလေသည်။ အများကမှန်းဆ၍ ဆိုကြသည် မှာ ၁၉၁ဝခုနှစ်ထက် နောက်မကျဟု ဆိုလေသည်။ ဒဂုဏ်ပဦးဘတင် ရေးသားခဲ့သည့် “ကျွန်ုပ်နှင့် မြန်မာ ရုပ်ရှင်လောက” အမည်ရှိ စာအုပ်တွင် ၁၉၁ဝခုနှစ်၌ ဗမာပြည်သို့ ရုပ်ရှင် ဆိုက်ရောက်ပြီဟု ရေးလေသည်။

ဤသို့လျှင် ဗမာပြည်ကို ရုပ်ရှင် စတင်ဝင်ရောက်သည့်အချိန်ကို အတိအကျ မပြောနိုင်ဘဲ မှန်းဆနေရသဖြင့် ဗမာသတင်းစာ သမိုင်းပြု စုရေးအတွက် အထောက်အကူ ပြုနိုင်ရန် သတင်းစာ အဟောင်းများ ကို ရှာဖွေလေ့လာရင်း ဗမာရုပ်ရှင် သမိုင်းအစ သဲလွန်စများကိုလည်း သတိထားကာ ရှာဖွေလေ့လာမိသည်။ သို့ဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၇ဝခန့် ၁၉၁ဝခုနှစ်က ထုတ်ဝေခဲ့သည့် ဟံသာဝတီသတင်းစာ အဟောင်း များတွင် သတင်းတစ်ပုဒ်ကို တွေ့ရ သည်။ ထိုသတင်းသည်ပင် ဗမာပြည် သို့ ရုပ်ရှင်စတင်ဝင်ရောက်သည့် သဲလွန်စဟု ယူဆမိသည်။

ထိုသတင်းမှာ “အလွန်ထူးဆန်းသော ဓာတ်မီးနှင့် အရိပ်ပြပွဲအကြောင်း”ဟူ၍ ခေါင်းစဉ်တပ်ထား သည့်သတင်းဖြစ်သည်။ ဟံသာဝတီ က ထို “အရိပ်ပြပွဲ” သည် ဗမာပြည်သို့ ယခင်က မရောက်စဖူးသေးဟု သတင်းပေးသည်။ အံ့သြချီးမွမ်း၍ မကုန်နိုင်အောင် ထူးဆန်းသော အတတ်ပညာဖြစ်သည်ဟုလည်း ဆို၏။ ထိုအလွန်ထူးဆန်းသော ဓာတ်မီးစက်ကိရိယာများဖြင့် ပြသော အရိပ်ပြပွဲထဲတွင် မြင်ရသည့်လူများ ၏ လှုပ်ရှားမှုများမှာ “ပကတိလူပင် ဖြစ်သည်ဟု ထင်မှတ်လောက်အောင် အမူအရာသွားလာဟန်မှစ၍ ပီသ ထင်ရှားသောကြောင့် အလွန်အံ့ဖွယ် ကောင်းကြောင်း” နှင့်လည်း သတင်းပေး ဖော်ပြထားလေသည်။

ဤအလွန်ထူးဆန်းသော ဓာတ် မီးနှင့် အရိပ်ပြပွဲ သတင်းသည် ဗမာပြည်သို့ ရုပ်ရှင်ရောက်လာသည့် သဲလွန်စကို ပေးသော သတင်းဖြစ် လိမ့်မည်ဟု ထင်ပါသည်။ ဤအတိုင်း ဆိုသော် ဗမာပြည်ကို ရုပ်ရှင် ရောက်လာသည့် အချိန်ကာလနှင့် ပတ်သက်၍ မှန်းဆကြသည့် ကာလ ထက် ၁ဝနှစ်ခန့်စောပေသည်။ ထို့ ထက် “မြန်မာနိုင်ငံသို့ တစ်ကြိမ်တစ်ခါမျှ မရောက်စဖူး” ဆိုသော အချက်ကို သတိပြုရပါမည်။ သဲလွန်စကားရပါပြီ။ ထိုသဲလွန် စအတိုင်း လိုက်ရန်များစွာ ရှိပေ သေးသည်။ ဟံသာဝတီက ထိုသတင်း ကို ဖော်ပြသောနှစ်မှာ ၁၉ဝ၁ ခုနှစ် ဖြစ်သည်။ ကမ္ဘာ့ရုပ်ရှင် သမိုင်းအစ မှာ ပြင်သစ်နှင့် အမေရိကန်က ၁၈၉၅ခုနှစ်တွင် စသည်ဟု ဆိုလေ ရာ ဗမာပြည်ကို ရုပ်ရှင်ရောက်လာ သည်မှာ ကမ္ဘာ့ရုပ်ရှင်သမိုင်းဦးကာလပင်ဖြစ်လေသည်။

ထို့ကြောင့် ထိုအခါက ရောက် လာသည့် ပြစက်များမှာ ဘယ်လို ပြစက်မျိုးလဲ။ ပြစက်များကို မစ္စကွစ် ကုမ္ပဏီက ဖြန့်ချိသည်ဟု သတင်းပေး သောကြောင့် မစ္စကွစ်ကုမ္ပဏီက မည်သို့ ဖြန့်ချိသလဲစသည်ဖြင့် ဆက်လက်လေ့လာကြရပါဦးမည်။ ဤသတင်းမှာ ဗမာရုပ်ရှင်သမိုင်း အတွက် အထောက်အကူ ပြုနိုင်သည့် သတင်းဖြစ်သောကြောင့် ဟံသာဝတီ က သတင်းပေး ဖော်ပြပုံကို မူရင်းအတိုင်း တင်ပြလိုက်ပါသည်။

အလွန်ထူးဆန်းသော ဓာတ်မီးနှင့် အရိပ်ပြပွဲအကြောင်း

ဤမြန်မာနိုင်ငံသို့ တစ်ကြိမ်တစ် ခါမျှ မရောက်စဖူး အနောက်ဘက် ဥရောပတိုက်သားတို့ အတတ်ပညာ အစွမ်းဖြင့် ပြုလုပ်ကြံစည်အပ်သော ဓာတ်မီးနှင့် အရိပ်ပြသော အတတ် ပညာသည် အံ့သြချီးမွမ်း၍ မကုန်နိုင် အောင် ထူးဆန်းသော အတတ်ပညာ ဖြစ်ကြောင်း။

ထိုအတတ်ပညာ၏ အလွန်ထူး ဆန်းသော အဖြစ်ကို အနည်းငယ်မျှ ဖော်ပြရလျှင် အင်္ဂလိပ်စစ်သည် တပ်သားတို့နှင့် ဒပ်ခ်ျလူမျိုး စစ်သည် တပ်သားတို့သည် တောင်ကုန်းအရပ် မြေပြင်အရပ်များတွင် ခြေလျင်စစ် သည် တပ်သားတို့နှင့် မြင်းစီးသူရဲ စစ်သည်တပ်သားတို့ အမြောက် လက်နက်များနှင့် အပြင်းအထန် ဆိုင်ပြိုင်တိုက်ခိုက်ကြပုံကို လည်းကောင်း၊ ထို့ပြင် ရေကြောင်း အရပ်တွင် သဘောင်္နှင့် တိုက်ခိုက်ရာ ရေမြုပ်လက်နက်နှင့် ပစ်ခတ်တိုက် ခိုက်ရှိနေကြပုံကို လည်းကောင်း၊ ထို့ ပြင် အင်္ဂလိပ် ကျွမ်းသမားတို့ ဘားကစားသောပုံကို လည်းကောင်း၊ ထို့ပြင် ကုလားလက်ဝှေ့သတ်သမား တို့ ထိုးဝှေ့သတ်ခတ်ကြပုံကို လည်း ကောင်း၊ ထို့ပြင် လှပယဉ်ကျေးသော အင်္ဂလိပ်မ ကလေးများ ကပြပုံကို လည်းကောင်း၊ ပြသသည်မှာ ပကတိ လူပင်ဖြစ်သည်ဟု ထင်မှတ်လောက် အောင် အမူအရာ သွားလာဟန်မှ စ၍ ပီသထင်ရှားသောကြောင့် အလွန်အံ့ဖွယ်ကောင်းကြောင်း။

ထိုအတတ်ပညာကို မစ္စကွစ် ကုမ္ပဏီတို့က ပြသ၍ ကျွန်ုပ်တို့ ကိုယ်တိုင် ဒိဋ္ဌထင်ထင် ရှုမြင်ရကြောင်း၊ ၎င်းဓာတ်မီး စက်ကိရိယာ များကို ဝယ်ယူ၍ အရပ်ရပ် မြို့ရွာ များသို့ ပြသရလျှင် များစွာ အကျိုး ကျေးဇူး ဖြစ်ထွန်းဖွယ် လက္ခဏာ ရှိကြောင်း၊ ၎င်းစက်ကိရိယာကို ဝယ်ယူ လိုက ရန်ကုန်မြို့ ကုန်သည် လမ်း သံစုံသေတ္တာ ရောင်းချသော မစ္စကွစ် ကုမ္ပဏီတို့ တိုက်ဆိုင်တွင် မှာထားဝယ်ယူ ရရှိနိုင်ကြောင်း။

(ဟံသာဝတီသတင်းစာ ၁၉ဝ၁ခု ဧပြီလ ၆ရက် )

မောင်သစ်လွင် (လူထု)
(ဟံသာဝတီ သတင်းစာ ၁၅၊ ၂၊ ၁၉၇ဝ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*