နဂ္ဂတစ် မကြွင်းကျန်ရစ်သော ချစ်ခြင်းမေတ္တာပုံရိပ်များ

နဂ္ဂတစ် မကြွင်းကျန်ရစ်သော ချစ်ခြင်းမေတ္တာပုံရိပ်များ
May 8, 2017 Asian Fame
နဂ္ဂတစ် မကြွင်းကျန်ရစ်သော ချစ်ခြင်းမေတ္တာပုံရိပ်များ

theit tun thite

ကျွန်တော့်မိဘများက သာမဏေရပဗ္ဗဇ္ဇ သားရှင်ပြု အလှူမင်္ဂလာကျင်းပချိန် မှာ ကျွန်တော်ပင် လူပျိုဖော်ဝင်ခဲ့ပြီ။ သို့သော် ” မိဘတွက်နှစ်ဝါ၊ ကိုယ့် တွက်တာ တစ်ဝါပေါ့၊ မယ့်တွက်တာ ဝါမဆက်ပါနှင့်၊ လူထွက်ပါတော့” ဟူ၍ လွမ်းတစောင့်မျှော်မည့် ချစ် ဖော်လည်း ပီပီပြင်ပြင်မရှိသေး။ ရှင် ပြုပွဲကလည်း မန္တလေးမှာမဟုတ်ဘဲ ရန်ကုန်အထိသွားလုပ်တာမို့ စိန်ပန်း ရပ်သူ ဘယ်အပျိုချောမျှလည်း ယမ်း ယောင်ကာ ကွမ်းတောင်လွတ်ကျစရာ ဘာအကြောင်းမျှမရှိခဲ့။ အလှူ နေ့မနက်မှာတော့ အသံချဲ့စက်က ဗြောသံကြားရသည်နှင့် ကျွန်တော့် အစ်မက တရှုံ့ရှုံ့ငိုတော့သည်။ အစ်မငိုသည်ကိုမြင်ရတော့ ကျင့်သားရထား ပြီးဖြစ်သည့်အတိုင်း အသံ မထွက်ဘဲ မျက်ရည်ပေါက်ပေါက်ကျခဲ့သည်။

“အို ..ယောက်ျားလေးဆိုတာ ဘယ်တော့မှမငိုရဘူးကွ။ ငိုချင်ရင် တံတွေးမျိုချပစ်လိုက်”

အစ်မငို၍ လိုက်ငိုနေသော ကျွန်တော့်ကို ကျွန်တော့်ခေါင်းပေါ်ရှိ ဘိုကေလေးအား ပွတ်သပ်ပေးရင်း ကြင်နာစွာ နှစ်သိမ့်သွားခဲ့လေသူ ကြီးနှင့် သူ၏အကြံပေးစကားကိုလည်း ကျွန်တော့်တစ်သက် မမေ့နိုင်ခဲ့ပေ။ ထိုအန်ကယ်ကြီးက ဒေါက်တာ မောင်မောင်တဲ့။ နိုင်ငံတော်တရား သူကြီးချုပ်၊ နောင်နိုင်ငံတော်သမ္မတ။

ကျွန်တော်က အန်ကယ်ကြီးကို မော့ကြည့်လိုက်တော့ သူ့စကား မှတ် ထားဆိုသည့်သဘောပါသော အပြုံး နှင့် လက်ညှိုးတစ်ချောင်းထောင်ပြ ကာ ကျွန်တော်တို့ မောင်နှမအနားက ခွာသွားသည်။ အစ်မက သူ့မျက်ရည် တွေကို ချက်ချင်းသုတ်ပစ်ပြီး ကျွန်တော့်ပါးပြင်ပေါ်ရှိ မျက်ရည်စ တွေကိုလည်း တို့ပတ်ပဝါနှင့် အသာ လေးဖို့ပေးသည်။

ကျွန်တော်မျက်ရည်ကျခဲ့သည် ကို အမေများ မြင်သွားလေမလားဆို ပြီး ဟိုဟိုသည်သည် လှမ်းကြည့်မိသေးသည်။ တော်ပါသေးရဲ့။ အမေက အနားမှာမရှိ။ ပြောရဦးမည်။ ကျွန်တော်က “အမေ” ဟု ခေါ်သူမှာ မွေးစားအမေသာဖြစ်သည်။ ကျွန်တော့်အစ်မနှင့် နှမလေးကတော့ ကျွန်တော်၏ မွေးစားအဖေနှင့် အမေကို “ဘဘကြီး”၊ “ကြီးကြီး”ဟု ခေါ်ကြသည်။ ကျွန်တော်ကတော့ မွေးစားမိဘများ ခေါ်ခိုင်းသည့်အတိုင်း အဖေရင်းအမေရင်းကို “ဘဘကြီး၊ “ကြီးကြီး”ဟု ပြောင်းပြန် ပြန်ခေါ်ခဲ့ရသည်။

Daw Pa Da Myar Khin

ကျွန်တော်၏ကြီးကြီး (အမေရင်း)နှင့် ကျွန်တော်၏အမေ (မွေးစားအမေ)တို့မှာ အမေညီအစ်မ အရင်းများက မွေး၍ ညီအစ်မ တစ်ဝမ်းကွဲတော်စပ်ပါသည်။ ကျွန်တော့်မွေးစားအမေ၏ အဖေက အိမ်ရှေ့စံ ကနောင်မင်း၏ မြေးတော် ထိပ်တင်ဖိုးကိုယ်တော်ကြီး ဖြစ်သည်။ သို့သော် ကျွန်တော်က အရပ်သူ အဘွားဘက်က တော်စပ် သူမို့ ဆွေတော်မျိုးတော် မဟုတ်ပါ။ ထို့ကြောင့် အိမ်ရှေ့တော်၏ မြစ်ဖြစ် သူက မွေးစားသော ကျွန်တော့်မှာ မွေးစားသားအဖြစ် မလုံမလဲ ဖြစ်ရ သည့်အထဲ အနွယ်တော်ယောင် ယောင် ဘာယောင်ယောင်ပါဖြစ်ရ ပြန်သဖြင့် ဒေါင်းတို့အလယ် ကျီး ကန်းရောက်နေသလို ခံစားရလေ့ ရှိပါသည်။

ယခုလည်း ကျွန်တော်၏ ရှင်ပြု အလှူပွဲကို ဒေါင်းတို့အလယ်မှာ လာရောက်ကျင်းပပြန်သည်။ သို့ သော် ကျွန်တော်၏ မိဘနှစ်ပါးက ရန်ကုန်မြို့သို့ လိုက်ပါမလာနိုင်။ အဘွားနှင့် ကျွန်တော့်အစ်မ၊ ကျွန်တော့်မွေးစားအမေ၏ ညီမ မိသားစုတို့သာ လိုက်ပါလာကြသည်။ ကျွန်တော့်အလှူသို့ လိုက်မလာနိုင် သော်လည်း အမေတို့ ကုသိုလ်ပါဝင် သည်ကို ကျွန်တော်သိသည်။ အလှူ ပွဲမတိုင်မီ တစ်ည အမေရောက်လာ ပြီး သူ့အစ်မလက်ထဲသို့ လက်ကိုင်ပု ဝါနှင့် ထုပ်ထားသော ပစ္စည်းလေး တစ်ခုလာပေးသည်။ ထိုပစ္စည်းမှာ အမေ့ရွှေဘီးလေးတစ်ချောင်းဖြစ် ကြောင်း နောင်မှာ ကျွန်တော့်အစ်မ က ပြောပြသည်။ သည်တုန်းက အမေက သူ့အစ်မကို ပြောခဲ့သည့် စကားကိုလည်း မှတ်မိနေသည်။

” မမတို့သားအလှူကို ကျွန်မတို့ ပါလိုက်ရင် ဒီတိုက်နှစ်လုံး ဘယ်သူ စောင့်ရှောက်မှာလဲ။ မမတို့ပဲ စိတ်ချ လက်ချသွားကြပါ။ မမပြန်လာမှ အလှူပွဲဓာတ်ပုံတွေ ကြည့်ရရင် ကျေနပ်ပါပြီ” တဲ့။

အလှူနေ့မနက် ဗြောသံကြားတော့ အစ်မက မန္တလေးမှာ ကျန်ရစ် သည့် မိဘနှစ်ပါးကို သတိရပြီး ငိုသည်။ ကျွန်တော်က မွေးစားသား တစ်ယောက်၏ အမျိုးအမည်မသိ သော ခံစားမှုနှင့် မျက်ရည်ကျပေ လိမ့်မည်။ ကျွန်တော်မျက်ရည်ကျနေသည်ကို မြင်သည့်အန်ကယ်ကြီးက ..

“ယောက်ျားလေးဆိုတာ ဘယ်တော့မှ မငိုရဘူးကွ။ ငိုချင်ရင် တံတွေးမျိုချလိုက်” ဟု ကြင်နာစွာ နှစ်သိမ့်၍ အကြံပေးစကားဆိုသွားသည်။ ထိုအချိန်ကတည်းက ကျွန်တော် တံတွေးမျိုချတတ်ခဲ့သည်။ အန်ကယ်ကြီးက ဒေါက်တာ မောင်မောင်တဲ့။ ကျွန်တော့်အလှူမှာ ထင်ရှားကျော်ကြားသူ တော်တော် များများြ<ွကရောက်ချီးမြှင့်ကြသည်။ တော်လှန်ရေးကောင်စီအစိုးရအဖွဲ့ နိုင်ငံခြားရေးတာဝန်ခံ (နိုင်ငံခြားရေး ဝန်ကြီး) ဦးသီဟန်နှင့်ဇနီး၊ ဗိုလ်မှူး ကြီး တင်သိန်းလူနှင့် ဇနီးတို့က ကျွန်တော့်အလှူလာ ထင်ရှားကျော် ကြားသူတွေထဲမှာ အရှိန်အဝါ အကြီးဆုံးဖြစ်လိမ့်မည် ထင်သည်။ အန်ကယ်ဦးသီဟန်နှင့် အန်ကယ် တင်သိန်းလူတို့ကလည်း ကျွန်တော့်ကို အတော်လေးချစ်ခင်ခဲ့ဖူးသည်။ အန်ကယ်ဦးသီဟန် အငြိမ်းစားယူ အပြီး အန်ကယ်တို့ဇနီးမောင်နှံ ဦးဆောင်သည့် ပါရမီနှင့်အဖွဲ့ မန္တလေးလာကြတိုင်း ကျွန်တော်တို့တိုက်မှာသာ တည်းလေ့ရှိသည်။ တစ်ခေါက်တော့ အဖေ့စက်ဘီးကြီး ကို သူကနင်း၊ ကျွန်တော်က နောက် မှာထိုင်ပြီး စိန်ပန်းရပ်ထဲရှိ သံရည်ကျို အလုပ်ရုံတွေဆီ လှည့်ပတ်ကြည့် သည်။ ထိုသို့ ကြည့်ရှုလေ့လာရင်း စိန်ပန်းသံရည်ကျို လုပ်ငန်းများမှာ တစ်ချိန်ကျ သည့်ထက်ကြီးကျယ်သည် ထက် အရေးပါလာမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များအား ဟောကိန်းထုတ်သွားခဲ့သည်။

အန်ကယ်ဗိုလ်မှူးကြီးတင်သိန်းလူနှင့်ကတော့ မွေးစားဖခင်၏ အမျိုးများရှိရာ မုံရွာမြို့တွင် သင်္ကြန် ရေပက်ခံကားတစ်စီးနှင့် အတူ လည်ဖူးသည်။ အန်ကယ်က “သား နာမည်ဘယ်သူလဲ” ဟု မေးတော့ ဆွေတော်မျိုးတော်တွေ အကြားသိ ထားသည့် ကျွန်တော့်နာမည် ပြောချ လိုက်သဖြင့် ဟက်ဟက်ပက်ပက် ရယ်သည်။ ကျွန်တော့်နာမည် တင်သိန်းဇော်ဆိုတော့။

ကျွန်တော့်အလှူသို့ လာရောက် ကြသော ထင်ရှားကျော်ကြားသူများ ထဲတွင် မွေးစားအဖေ၏ မရီးဘက် က မောင်တော်စပ်သူ ဗိုလ်မှူးကြီး သူရထွန်းတင်တို့ ဇနီးမောင်နှံလည်း ပါသည်။ ထိုစဉ်က အန်ကယ်ဦးထွန်း တင်က အလုပ်သမား ညွှန်ကြားရေး ဝန်ရာထူးမှာ ရှိဦးမည်။ နောင်ဝန်ကြီး ချုပ် သူရဦးထွန်းတင်ပဲပေါ့။ ပြီးတော့ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာဦးမျိုးမင်း၊ ဆီးရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာ ဦးမြသောင်း၊ နောက် ကျွန်တော်တို့ အဘွားနှင့် ကျွန်တော်တို့ မွေးစား ဖခင်ကြီး၏ အချစ်တော် ရုပ်ရှင် မင်းသားကြီး၊ ဒါရိုက်တာ အေဝမ်း ဦးတင်မောင်။ အေဝမ်းဦးတင်မောင် ကို အဘွားက ရုပ်ရှင်ရိုက်တာ ကြည့် ချင်သည်ဟု ပူဆာသဖြင့် အေဝမ်းခြံ ထဲမှာ ရိုက်နေသော “ကိုယ်ရယ်တိုး ရယ် စိုးစိုးရယ်” ရုပ်ရှင်ဇာတ်ကား ရိုက်ကွင်းသို့ ခေါ်သွားပြီး ပြခဲ့ဖူး သည်။ ကျွန်တော့်မှာ ဒေါ်ခင်သန်းနု လက်မှတ်ရေးထိုးထားသော ဓာတ်ပုံ လေးတစ်ပုံပင်ရှိသေးရဲ့။ ကျွန်တော့်အလှူမှာ ဘာ ကြောင့်သည်လို ထင်ရှားကျော် ကြား သူတွေ တော်တော်များများ လာ ရောက်ချီးမြှင့်ကြပါသလဲဆိုတော့ အမေ့ ဘကြီးဘုန်းကြီး၏ ဘုန်းတန် ခိုးကြောင့်ဟုပင် ဆိုရပါလိမ့်မည်။

ရှင်ပြုအလှူမင်္ဂလာ ကျင်းပရာ ဌာနကား ရန်ကုန်မြို့၊ စမ်းချောင်းမြို့ နယ်၊ ကြည့်မြင်တိုင်ဘူတာ အရှေ့ တောင်ထောင့်ရှိ မဟာမြိုင်ကျောင်း တိုက်မှာဖြစ်သည်။ မဟာမြိုင် ဆရာ တော်ဘုရားမှာ မဟာမျိုး၊ မဟာနွယ် မင်းသားတစ်ပါးဖြစ်ပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းမိသားစုလည်း ကိုးကွယ်ခဲ့သည်ဟု သိရသည်။ မဟာ မြိုင်ဘုန်းဘုန်း၏ ခမည်းတော်မှာ သူ့ကျွန်မခံ နယ်ချဲ့ကိုတော်လှန်ခဲ့ သော တက်နွဲတိုက်စားမင်းသား ထိပ်တင်မှတ်ဖြစ်ပြီး မယ်တော်မှာ ခင် ဆင့်ဖြစ်သည်။ ငယ်မည်မှာ ထိပ်တင်လှဖြစ်သည်။ တက်နွဲ မင်းသား၏ မြောက်သားတော် ထိပ်ခေါင်တင်ကောင်း၊ သမီးတော် ကြီး သားတော်နှစ်ပါးတို့ပါ မန္တလေး မှ ထွက်ပြေးတိမ်းရှောင်ကြရသည်။ ကိုယ်လုပ်တော်ခင်ဆင့်နှင့် ရှစ် နှစ်သားအရွယ် သားတော်ထိပ် တင်လှလည်းပါသည်။ ထိပ်တင် ကောင်းနှင့် ခင်ဆင့်တို့က တောထဲ မှာ တစ်နေရာစီခွဲနေရသည်။ မင်းသားထိပ်တင်မှတ်က တောထဲ မှာ ငှက်ဖျားရောဂါနှင့် ကံတော် ကုန်သည်။ ခင်ဆင့်တို့ သား အမိက တက်နွဲတိုက်စား မင်းသားထိပ်တင် မှတ်ကိုးကွယ်သည့် ဆရာတော် နှင့်အတူ ရွှေဘိုအနောက်မြောက် မဟာမြိုင်တောစပ်ရှိ အင်ကြင်း ရွာမှာ ကျန်ခဲ့ကြသည်။ ထိပ်တင် မှတ်ကံတော်ကုန်သဖြင့် သားတော် ကလေးမှာ အန္တရာယ်ပိုရှိလာ သာ ကြောင့် ဆရာတော်က ယုံကြည် ရသော ဒကာဇနီးမောင်နှံထံတွင် ငွေသုံးပိဿာပေး၍ စောင့်ရှောက် စေသည်။ ဗြိတိသျှစစ်တပ် လာ ရှာချိန်မှာ မင်းသားလေးကို ရက်ကန်းစင်အောက် တောင်းနှင့် အုပ်ကာ ဝှက်ခဲ့ရသည်ဟု ဆိုသည်။

မင်းသားလေး၏ လုံခြုံရေးအတွက် ဆရာတော်က ဒီပဲယင်းရှိ ကိုးဂိုဏ်းချုပ်ရွှေကျင်ဆရာတော်ထံ ပို့ပြီး ရှင်သာမဏေပြုစေသည်။ မယ်တော်ခင်ဆင့်ကိုလည်း သီလရှင် လုပ်စေပြီး စစ်ကိုင်းဘက်ပို့ လိုက် သည်။ ရွှေကျင်ဆရာတော်သည် မန္တလေးမြို့ အနောက် ဝိသုဒ္ဓါရုံ တိုက် တည်ထောင်သောအခါကိုရင် ထိပ်တင်လှလေးကိုလည်း မန္တလေး လိုက်ပါစေပြီး စာဝါဆည်းပူးစေ သည်။ စာဝါပြည့်စုံချိန်မှာ ရှေးဦး စောင့်ရှောက်ခဲ့သော မဟာမြိုင်တော မှ ဆရာတော်ြ<ွကလာသည်။ ကိုရင် ထိပ်တင်လှ၏ ဆန္ဒနှင့်အညီ ဝိဿနာ ဓူရ ကျင့်ကြံအားထုတ်ရန် ဆရာတော် က ကိုရင်ထိပ်တင်လှလေးအား မဟာမြိုင်တောသို့ ခေါ်ဆောင်သွားခဲ့သည်။

အိမ်ရှေ့စံကနောင်မင်းသား၏ မြေးတော် ကိုရင်ထိပ်တင်လှ၏ ရဟန်းဘွဲ့ မှာ ဘဒ္ဒန္တစန္ဒာသူရိယ ဖြစ်သည်။ မဟာမြိုင်တောမှသည် မုံရွာအနီး ရွှေဘ တောင်၊ ကရင်ပြည်နယ် ဒေါနတောင်၊ သထုံမြသပိတ်တောင်၊ နေမိန္ဒရတောင်ခြေ စစ်စေးတော၊ ဥက္ကံမြို့အရှေ့ဘက် မြစိမ်းတောင်၊ သထုံမုတ်ကျွန်း၊ မြင်းက ကုန်းအနီး စီးလေးဘုရား၊ စလေမြို့အနီးကိုးမြို့ ရှင်တောင်၊ နံယောရွာ၊ သန်လျင်ကျောက်တန်း ပါဒကြီးဘုရားအနီး ကျိုက်ကမော့တောင်တို့မှာ လှည့် လည် သီတင်းသုံး တရားအားထုတ်ခဲ့သည်။

ကျွန်တော့်မွေးစားမိဘများနှင့် ဆက်သွယ်မိသည်က မန္တလေးမြို့ နှစ် တစ်ရာပြည့်ပွဲတော် ကျင်းပခိုက်မှာ ဖြစ်သည်။ မဟာမြိုင်ဘုန်းဘုန်းက ဘိုးတော် ကနောင်မင်း လုပ်ကြံခံရ သော နေရာမှာ တည်ထားကိုးကွယ်ခဲ့သည့် စန္ဒာမုနိ စေတီတော်ကိုလည်း ပြုပြင်ခဲ့သည်။ ကျွန်တော်တို့မိသားစုသည် မဟာမြိုင်ဆရာတော် ဘုရားကြီး၏ မွေးနေ့ပွဲ နှစ်စဉ်ကျင်းပသည့် တန်ဆောင်မုန်းလတိုင်း ရန်ကုန်ဆင်း လေ့ရှိသည်။ ဘုန်းဘုရားမွေးနေ့ပွဲမှာ ပုဏ္ဏားပျံကျော်အေး ရုပ်သေးအဖွဲ့ နှစ်စဉ်ကပြသည်။ ရုပ် သေးချည်း သက်သက်မဟုတ်၊ ရုပ်သေးအဖွဲ့သားများက လူကိုယ်တိုင် တင်ဆက်သည့် ပြဇာတ်၊ ကဇာတ်များလည်းပါသည်။ ဘုန်းဘုရား မွေးနေ့ပွဲမှာပင် ရွှေလိပ်ပြာအငြိမ့်ကိုလည်း ကြည့်ဖူးခဲ့သည်။

မဟာမြိုင် ကျောင်းတိုက်တွင် “မဟာဆွေတော်မျိုးတော် အဖွဲ့ချုပ်” ဆိုင်းဘုတ်တင်ထားသည်။ ဆွေတော်မျိုးတော် မင်းသားဆရာတော်ကို မင်းတုန်း မင်းအနွယ်တော် နန်းတော်ကြီးဘက်ကရော၊ အိမ်ရှေ့စံအနွယ် တော်များပါ ကိုးကွယ်ကြသည်။ ထင်ရှားကျော်ကြားသူ တော်တော်များများက ထွက်ရပ်ပေါက် ဆရာတော်တစ်ပါးအဖြစ် ဆည်းကပ်ကိုးကွယ်ကြပုံလည်းရသည်။ ကျွန်တော့်ရှင်ပြုအလှူမင်္ဂလာသို့ လူကြီးမင်းအများပြားြ<ွကရောက် ချီးမြှင့်ကြခြင်းမှာ မဟာမြိုင်ဆရာတော် ဘုရားကြီး၏ ဂုဏ်ကျေးဇူးတော် ကြောင့်ပင်ဖြစ်သည်။ မဟာမြိုင် ဘုန်းဘုန်းချီးမြှင့်သည့် ကျွန်တော့် ကိုရင်ဘွဲ့မှာ =ရှင်သံဝရ+ဖြစ်သည်။ ဆရာဆူးငှက်၏ ကလောင်ခွဲ တစ်ခု ဖြစ်သော “သံဝရ” ထက် အတော်လေး စောပါသည်။

အလှူအဝင်ညက မဟာမြိုင် ကျောင်းတိုက်သို့ ချောမောလှပသော အန်တီကြီးတစ်ယောက် ရောက်လာသည်။ အမေတို့ ညီအစ်မနှင့် ကျောင်းနေဘက် သူငယ်ချင်းဟုဆိုသည်။ သူတို့ သူငယ်ချင်းသုံးယောက်စကားတွေ ပြော မကုန်နိုင်ဘဲ ဖြစ်နေကြသည်။ အန်တီကြီး ပြန်သွားတော့ အမေ့ကို “ချောတယ် နော်” ဟု ပြောမိသည်။ အမေက “အမေနဲ့ ဘယ်သူပိုချောလဲ” ဟု ပြန်မေးသည်။ ပြီးတော့ “ဟန်ကျလိုက်တာ။ ငါ့သားအလှူပုံတွေ သူဓာတ်ပုံရိုက်ပေးမယ်လို့ ပြောသွားတယ်”ဟုလည်း ဆိုသည်။ ဖျတ်ခနဲဆို မန္တလေးမှာ ကျန်ခဲ့သည့် အမေ့ပြောစကားကို ပြေးသတိရသည်။ အပြန်မှာ အမေ့ကို အလှူဓာတ်ပုံတွေ ပြရချေတော့ဟု
ဝမ်းသာသွားသည်။

အလှူနေ့မှာလည်း ဓာတ်ပုံတွေ တကယ်ရိုက်ခဲ့သည်။ အန်ကယ် ဒေါက်တာမောင်မောင်တို့နှင့်ပုံ။ အန်ကယ်ဦးသီဟန်တို့နှင့်ပုံ၊ ဗိုလ်မှူးကြီး တင်သိန်းလူ၊ အန်တီစု ဇနီးမောင်နှံတို့နှင့်ပုံ။ ကျွန်တော်ဆံချသည့်ပုံ၊ သင်္ကန်း ဝတ်နှင့်ပုံ၊ ဘုန်းဘုရားအား လက်အုပ်ချီ ရှိခိုးကန်တော့နေသည့်ပုံများ။ ထိုဓာတ်ပုံများက မန္တလေးမြို့သို့ ကျွန်တော်တို့ပြန်ရောက်သည်အထိ ရောက်မလာ။ တစ်လကြာလည်း ရောက်မလာ။ နှစ်လကြာလည်း ရောက် မလာ။ အမေစာလှမ်းရေးပြီး ဆက်သွယ်မေးမြန်းတော့ သူ့သူငယ်ချင်း ဓာတ်ပုံ ဆရာမကြီးက ဝမ်းနည်းစွာ အကြောင်းပြန်သည်။ ဓာတ်ပုံ ဖလင်တွေအားလုံး ပျက်ကုန်သည်တဲ့။ ကျွန်တော့်မွေးစားအမေက အိမ်သို့ အလှူမင်္ဂလာ ဖိတ်စာ တစ်စောင် ရောက်လာတိုင်း သူ့သူငယ်ချင်း အပေါ် မကျေမချမ်းစကားဆိုသည်။ မည်သူ့ကိုမဆို ခွင့်လွှတ်နားလည်ပေးဖို့ အမြဲအဆင်သင့်ရှိတတ်သူ ကျွန်တော့် မိခင်ရင်းကတော့ “ပျက်သွားတာ ဘာတတ်နိုင်မှာလဲ မမရယ်” ဟု ဆိုရှာသည်။

ကျွန်တော့်အလှူမှာ မေတ္တာဖြင့် ဓာတ်ပုံရိုက်ပေးခဲ့သော အမေ့သူငယ် ချင်းကြီးကား ကျန်းမာစွာ သက်ရှိထင်ရှားရှိပါသေးသည်။ ထိုအမျိုးသမီးကြီး မှာလည်း ထင်ရှားကျော်ကြားလှသော မန္တလေးသူကြီးပင်ဖြစ်ပါသည်။ ယခု အခါ အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ ဖို့စ်လော်ဒါဒေးမြို့မှာ နေထိုင်လျက် ရှိပါသည်။ မြန်မာနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ် သည့် စာရေးဆရာ၊ ဆရာမများကိုလည်း နှစ်စဉ်ထောက်ပံ့မှု ပေးနေသူဖြစ်ပါ သည်။ မေလ ၁၄ ရက်တွင် အသက် ၉၃ နှစ်ပြည့်တော့မည်ဟု သိရပါသည်။ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း ပထမအကြိမ် အလုပ်အမှုဆောင် အဖွဲ့ဝင် စာရေးဆရာမကြီးလည်းဖြစ်ပါသည်။ မန္တလေးမြို့မှ ခန့်ခန့်ကြီး ဓာတ်ပုံတိုက်ပိုင်ရှင် ဒေါ်ခင်မမကြီး၊ ကလောင်အမည် “ပတ္တမြားခင်” ပင် ဖြစ်ပါသတည်း။ ဆရာမကြီး မွေးနေ့မှသည် အသက်တစ်ရာနှစ်ကျော် ရှည်စေကြောင်း ဆုတောင်းမေတ္တာပို့သရင်း မိခင်များနှင့် အဒေါ်ကိုပါ ပေါင်းစည်းရည်စူးကာ ရှိခိုးကန်တော့ လိုက်ရပါသည်။

သိုက်ထွန်းသက်
ကိုးကား – ကုန်းဘောင်အလွန် (ပထမအုပ်) ၊ မောင်သန်းဆွေ (ထားဝယ်)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*