ထွန်းလင်း​ရောင်

ထွန်းလင်း​ရောင်
May 5, 2017 Asian Fame
ထွန်းလင်း​ရောင်

sartd

” မေ မေမေ”
တစာစာအော်ခေါ်နေသော ထွန်းလင်းရောင်အသံကြောင့် မေမေအထိတ်တလန့်ဖြစ်သွားသည်။ မီးဖိုချောင်ထဲကနေ ဧည့်ခန်းထဲကို ထွက်လာသည်။

“သားလေး သားလေးဘာဖြစ်တာလဲ” ထွန်းလင်းရောင်လေးမှာ ကျောင်းကပြန်လာလာချင်း လွယ်အိတ်ကိုပစ်ချပြီး သူ့မေမေကိုလှမ်းအော်လိုက်ခြင်း ဖြစ်သည်။ စိုးရိမ်တကြီးထွက်ပြေးလာသော မေမေ့ ကို တွေ့လိုက်ရတော့မှ မောနေသောရင်ကိုဖိပြီး အမောဖြေလိုက်သည်။

“သားလေးပြောလေ၊ သားလေးဘာဖြစ်လာတာ လဲ”
“မေမေ ၊မေမေဘယ်မှမသွား ဘူးနော်”
” မသွားပါဘူးသားရဲ့၊ ဘာဖြစ်လို့လဲ၊မေမေအိမ်မှာရှိတယ်လေ”
“ဖေဖေ ကကောဟင်၊ ဖေဖေ လည်းဘယ်မှမသွားဘူးမဟုတ်လား ဟင်”
“မသွားပါဘူးသားရဲ့၊ဘယ်သူကဘာပြောလိုက်လို့လဲသား”

ထွန်းလင်းရောင်လေးမှာ ဘာဆက်ပြောရမှန်းမသိတော့ဘဲ မေမေ့ကို ပြေးဖက်လိုက်သည်။ မေမေက ထွန်းလင်းရောင်လေးကို ပြန်ဖက်ပြီး ကျောကိုသပ်လိုက်သည်။ထွန်းလင်းရောင်လေးက မေမေ့ကို ကျစ်ကျစ်ပါအောင်ဖက်ထားသည်။

“မေမေက သားမေမေပါနော်၊အမြဲတမ်းသားမေမေပါနော်”
“ဟုတ်တယ်လေသားရဲ့၊မေမေက အမြဲတမ်းသားမေမေပေါ့”

ထွန်းလင်းရောင်လေးပြုံးလိုက်သည်။ မေ့မေ့ကိုအားပါးတရနမ်း လိုက်သည်။ မေမေကလည်း ထွန်း လင်းရောင်ကို ပြန်နမ်းလိုက်သည်။
“မေမေ မေမေ မေမေ မေမေ” ထွန်းလင်းရောင်လေးက မေမေဟူ၍ အဆက်မပြတ်ခေါ်နေတော့သည်။ ထွန်းလင်းရောင်လေးရဲ့မေမေမှာ ယနေ့မှာ ထူးထူးခြားခြားဖြစ်လာသော သားဖြစ်သူရဲ့ပုံစံကို နားမလည်နိုင်ဖြစ်နေသည်။ ထွန်းလင်းရောင်လေးကို အမွေစားအမွေခံအဖြစ်မွေးစားခဲ့သည်မှာ တစ်နှစ်ကျော်နေလေ ပြီ။ ပထမတန်းကိုပင်တက်နေပြီဖြစ်သော ထွန်းလင်းရောင်လေးမှာ ယနေ့မှာမှထူးထူးခြားခြား အမေအိမ်မှာရှိမရှိကို စိုးရိမ်တကြီး အပြေး အလွှားမေးသဖြင့် ကျောင်းမှာတစ်ခုခုဖြစ်လာလို့များလားဟု စိတ်ပူသွားသည်။ ထွန်းလင်းရောင်လေးကို ကိုအောင်မြင်ထွန်းနှင့် မရွှေလရောင်တို့ မမွေးစားမီက သူတို့မှာသားလေးတစ်ယောက်ရှိသည်။ သားလေးရဲ့နာမည်က ထွန်းလင်းရောင်ဖြစ်သည်။ မရွှေလရောင်တို့ရွာကို အသွား ကားမှောက်ပြီး ထွန်းလင်းရောင်လေးဆုံးပါးသွားရသည်။ မရွှေလရောင်မှာလည်း ဒဏ်ရာတွေရသွားပြီး နောက်ထပ်ကလေးထပ်မရနိုင်တော့ပေ။ မရွှေလရောင်မှာ သားလေးစိတ်ဖြင့် အိပ်ရာထဲလဲနေခဲ့ရာ အတော်ကလေး ကြာတော့မှ ပြန်ထူလာနိုင်ခဲ့သည်။ လူကကျန်းမာထူထောင်လာသော်လည်း စိတ်ကတော့သားလေးကို လွမ်းနာကျနေရလေသည်။ ကိုအောင်မြင်ထွန်းမှာ သားစိတ်ဖြင့် လွမ်းနာကျနေသော ဇနီးသည်ကို ဘယ်လိုလုပ်ပေးရမှန်းမသိအောင်ဖြစ်နေရသည်။ မရွှေလရောင်ရဲ့မွေးနေ့တွင် မိဘမဲ့ကလေးများကျောင်း ကို သွားလှူရာမှ မိဘမဲ့ကလေးတစ်ယောက်ကို အမွေစားအမွေခံသား အဖြစ်မွေးစားရန် ဖြစ်လာသည်။

စစ်ပွဲကြောင့်အဖေရော အမေ ပါ ဆုံးရှုံးသွားရသော ကလေးတစ်ယောက်ကို သူတို့ဇနီးမောင်နှံ တွေ့ လိုက်တော့ မင်တက်သွား ရသည်။ ထိုကလေး ကဆုံး ပါးသွားသည့် ထွန်းလင်းရောင်လေးနှင့် အတော့်ကိုတူနေသည်။ မရွှေလရောင်မှာ ထိုကလေးကိုတွေ့တာနှင့်ပြေးဖက်ကာ မလွှတ်တော့ဘဲ လက်ကိုကိုင်ထားလိုက်တော့သည်။ ထိုကလေးကိုမွေးစားဖို့ ချက်ချင်းဆုံးဖြတ်လိုက်သည်။ တာဝန်ခံဆရာမကြီးနှင့်တွေ့ဆုံ ကာ မွေးစားဖို့တောင်းကြသည်။

“သားလင်းလင်း၊ သားအတွက်ဖေဖေနဲ့မေမေရပြီသား”

ဆရာမကြီးကပြောတော့ ကလေးက မျက်လွှာပင့်ကာ ကိုအောင်မြင်ထွန်းနှင့်မရွှေလရောင်ကိုကြည့်နေသည်။ ဆရာမကြီးရဲ့လက်ကိုလည်း ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်။

“လင်းလင်း၊ မေမေကြီးပြော တာကြားတယ်နော်” ကလေးက ဘာမှမပြောဘဲ ဆရာမကြီးကိုပဲ လက်မလွှတ်တမ်း ကိုင်ထားသည်။ ကြောက်ရွံ့နေဟန်လည်းတူသည်။”သား လင်းလင်းနော်၊ မေမေတို့နဲ့အတူလိုက်ခဲ့နော်၊ သားကို မေမေ တို့သားအဖြစ်မွေးစားမယ်နော်သား” မရွှေလရောင်ကလက်ကမ်းတော့ ကလေးက ဆရာမကြီး ရင်ထဲ ကို တိုးဝင်သွားသည်။

“ဖေဖေနဲ့မေမေ မလာဘူးလားမေမေကြီး” ကလေးပြောလိုက်သောစကားကြောင့် ကြားရသူတွေရင်ထဲနစ်သွားသည်။

“ဒါ လင်းလင်းရဲ့ ဖေဖေနဲ့မေမေပဲလေ သား” ဆရာမကြီးက ပြောလိုက်သည်။မရွှေလရောင်ကလည်း ခေါင်းညိတ်ပြီးဟုတ်တယ်လေသားဟုပြောကာ လက်ကမ်းလိုက်သည်။

“မေမေကြီးပြောတော့ သားဖေဖေနဲ့မေမေက ပြန်လာခေါ်မယ်ဆို” မရွှေလရောင်ရင်ထဲဆစ်ခနဲဖြစ်သွားသည်။ဆရာမကြီးလည်း ဘာ ဆက်ပြောရမှန်းမသိတော့ပေ။

“ဒါ လင်းလင်းရဲ့ဖေဖေနဲ့မေမေပဲလေသား၊ ခုလာခေါ်တာပေါ့”
“မဟုတ်ဘူး မဟုတ်ဘူး” ကလေးက ဆရာမကြီးရင်ထဲ တိုးဝင်ရင်း ပြောလိုက်သည်။ မရွှေလရောင်မှာမျက်ရည်ကျလာသည်။ ကလေးလက်ကလေးကိုကိုင်ပြီး နှစ်သိမ့်လိုက်သည်။

“မေမေတို့နဲ့လိုက်ခဲ့ပါသားရယ်၊အိမ်ပြန်ကြရအောင်နော်”
“သားလင်းလင်း၊မေမေကြီးပြောတာနားထောင်နော်၊သားရဲ့ဖေဖေနဲ့မေမေက သားကို ကျောင်းထားပေးကြမယ်လေ”
“တကယ်လားဟင်မေမေကြီး”
“တကယ်ပေါ့သားရဲ့၊လင်းလင်းကျောင်းတက်ချင်တယ် မဟုတ်လား”
“ဟုတ်”
“သားကျောင်းတက်ရမှာပေါ့သားရဲ့၊မေမေတို့ကသားကိုကျောင်းထားပေးမယ်၊ သားစားချင်တာကျွေးမယ်၊ သားလိုချင်တာ အားလုံးဝယ်ပေးမယ်လေ”
“တကယ်”
“တကယ်ပေါ့သားရဲ့၊ သားကမေမေ့သားပဲဟာ”

ကလေးက ဆရာမကြီးရင်ခွင်ထဲကထွက်ပြီး မရွှေလရောင်လက်ကိုကိုင်လိုက်သည်။ မရွှေလရောင်က ကလေးကိုချီလိုက်သည်။ လင်းလင်း ကလေးကို မရွှေလရောင်တို့မွေးစား လိုက်ကြတော့သည်။ မရွှေလရောင်က ကလေး အမည်လင်းလင်းကို သူ့ကလေးရဲ့ အမည် ထွန်းလင်းရောင်အမည်ကိုပေးလိုက်သည်။ ထွန်းလင်းရောင်ကလေးမှာ ဖေဖေမေမေအသစ် အိမ်တွင်တဖြည်းဖြည်းနေသားကျ လာသည်။ ဖေဖေနှင့်မေမေကလည်း ထွန်းလင်းရောင်လေးကို ဂရုစိုက်ကြသည်။ အထူးသဖြင့်မေမေက ပို၍ဂရုစိုက်ကာ သည်းသည်းလှုပ်ဖြစ်နေလေသည်။ ကျောင်းနေချင်သော ထွန်းလင်းရောင်ကလေးကို မူကြိုကျောင်းကို စောစောပို့ကြသည်။

“မေမေ မေမေ” ထွန်းလင်းရောင်လေးရဲ့အော်ခေါ်သံကြောင့် မီးဖိုချောင်ထဲကနေ မေမေပြေးထွက်လာသည်။

“သားသား ဘာဖြစ်လာလို့လဲ” ကျောင်းကပြန်လာသော ထွန်း လင်းရောင်လေးမှာ မေမေ့ကိုမော့ ကြည့်ပြီး စကားပြောဖို့ဆွံ့နေသလို မောလည်းမောနေရှာသည်။

“မေမေ သားကျောင်းမထွက်ရပါဘူးနော်”
” ဘာလို့ထွက်ရမှာလဲ သားရဲ့၊ သားကကျောင်းတွေတစ်တန်းပြီးတစ်တန်းတက်ရဦးမှာလေ၊အကြာကြီးကျောင်းတက်ရဦးမှာလေ”
“တကယ်လားမေမေ”
“တကယ်ပေါ့သားရဲ့၊ သားက အခုမှကျောင်းစတက်တာလေ”
“ဟုတ်မေမေ၊ သားကျောင်း အကြာကြီးတက်မှာနော်”
” တက်ရမှာပေါ့သားရဲ့၊ စိတ်ချ၊ဖေဖေနဲ့မေမေက သားကိုကျောင်း အကြာကြီးတက်ခိုင်းပြီး လူတော်ကြီးလုပ်ခိုင်းမှာ”
“ဟေး”

ထွန်းလင်းရောင်လေးပျော်သွားသည်။ လွယ်အိတ်ကိုပစ်ချပြီး ဆော့ရန်ပြေးထွက်သွားသည်။ ထွန်း လင်းရောင်လေးရဲ့မေမေကတော့ ထွန်းလင်းရောင်လေးကိုကြည့်ပြီး စဉ်းစားနေသည်။ တလောကလည်း ဖေဖေနဲ့မေမေအိမ်မှာရှိလားဟု စိုး ရိမ်ပြီး ပြေးချလာခဲ့သည်။ ယခုတစ်ခါ ကျောင်းကထွက်ရမှာလားဟု အမောတကောပြေးလာပြီး မေးနေ ပြန်သည်။ ကျောင်းမှာ တစ်ခုခုများ ဖြစ်လာလို့လားဟုတွေးပြီး စိတ်ပူသွားသည်။ ထွန်းလင်းရောင်ကလေးကို ယခုအတိုင်းပစ်မထားဘဲ ဆရာမနှင့် တိုင်ပင်ဦးမှပဲဟု မရွှေလရောင်ဆုံး ဖြတ်လိုက်သည်။ အနာတရဖြစ်ခဲ့သော သားလေးရဲ့နှလုံးသားထဲသို့ နောက်ထပ်အနာတရတွေ ထပ်တိုး မလာဖို့လိုသည်။ အတန်းထဲက ကလေးတွေနှင့် အဆင်ပြေမပြေကို လည်း စုံစမ်းကြည့်ရပေဦးမည်။ နောက်နေ့မှာတော့ ထွန်းလင်းရောင်လေးကို မရွှေလရောင်ကိုယ်တိုင်ကျောင်းလိုက်ပို့သည်။ အတန်း ပိုင်ဆရာမနှင့်တွေ့ကာ ထွန်းလင်းရောင်လေးအခြေအနေကို မေးကြည့် ရသည်။ ” ကျွန်မက ထွန်းလင်းရောင်လေးရဲ့မေမေပါ ဆရာမ”

” သြော် ဟုတ်ကဲ့ အစ်မ၊ ထွန်း လင်းရောင်လေးက ကျောင်းသိပ် ပျော်တာအစ်မရဲ့၊ တခြားကလေးတွေနဲ့မတူဘူး၊ကျောင်းရောက်လာရင်ပျော်နေတာ၊ လိမ္မာတယ်၊ စာလည်း ကြိုးစားတယ်၊ အတန်းဖော်တွေနဲ့လည်း တည့်တယ်” “ကျေးဇူးပါပဲဆရာမရယ်၊ ကျွန်မလည်း ကလေးအခြေအနေလေးမေးကြည့်ဦးမယ်ဆိုတာ ဆရာမ နဲ့မတွေ့ဖြစ်တာနဲ့ အခုမှပဲမေးရတော့တာ”

“စိတ်ချအစ်မရေ၊အစ်မသားက လူတော်လေးပါ”

“အတန်းဖော်တွေနဲ့လည်း တည့်တယ်ဆိုတော့ တော်သေးတာပေါ့၊ အိမ်မှာက တစ်ယောက်တည်းဆိုတော့ အဖော်မရှိဘူးလေ၊ အဖော်တွေနဲ့မှ တည့်ပါ့မလားလို့ကျွန်မက စိုးရိမ်နေတာ”” တည့်တယ်အစ်မ၊ တစ်ခါမှရန်ဖြစ်တယ်လို့မရှိဘူး၊ အိမ်မှာအဖော်မရှိလို့ဘဲ ဒီမှာအဖော်မက်နေတာ နဲ့တူတယ်””ကလေးအဆင်ပြေတယ်ကြားတော့ဝမ်းသာတယ် ဆရာမရယ်၊ တစ်ခုခုထူးခြားတာရှိရင် ကျွန်မကို ဖုန်းဆက်ပေးပါနော်””စိတ်ချပါအစ်မ၊ ကလေးက အဆင်ပြေပါတယ်”

အတန်းပိုင်ဆရာမကို ဖုန်း နံပါတ်ပေးပြီး ပြန်လာခဲ့သော မရွှေလရောင်မှာ ထွန်းလင်းရောင်နှင့်ပတ်သက်၍ တစ်ခုခုကိုစိတ်ထဲထင့်နေသည်။ ကျောင်းမှာအဆင်ပြေတယ်ဆိုတော့ ကျောင်းအတွက်စိတ်ချသွားသည်။

“မေမေ မေမေ”

ထွန်းလင်းရောင်လေး ကျောင်း က ပြန်လာ၍ မေမေဟုအော်ခေါ် ပြီဆိုလျှင် မရွှေလရောင်ရင်ထဲ ထိတ်ခနဲဖြစ်ဖြစ်သွားရသည်။ ယခုလည်း အမောတကောခေါ်နေသော ထွန်း လင်းရောင်ခေါ်သံကြောင့် အဝတ်လျှော်နေရာကနေ မရွှေလရောင်ထွက်ပြေးလာရသည်။

“ဘာလဲသား၊သားဘာပြောချင်လို့လဲ” အမောဖြေနေသောသားကို ကြည့်ပြီး မေမေက ရင်မောနေလေ သည်။
“မေမေ သားမှာဘာလို့အစ်ကိုတွေ၊အစ်မတွေမရှိတာလဲ” ထွန်းလင်းရောင်လေးအမေးကြောင့် မရွှေလရောင်ရင်ထဲဆို့သွား သည်။ သားဖြစ်သူကိုလည်း သတိ ရသွားသည်။ ရင်ထဲကစကားတွေက အပြင်ကိုထွက်မလာဘဲ လည်ချောင်း ထဲတွင်နင်နေသည်။

“ဟင်မေမေ ၊ညီလေးတွေ ညီမလေးတွေကော မရှိဘူးလားဟင်” ထွန်းလင်းရောင်လေးက သူ့မေမေလက်ကိုကိုင်ပြီး မေးနေသည်။

“ရှိတာပေါ့သားရဲ့”
“ဟင် ဟုတ်လားမေမေ၊ဒါဆို ဘ ယ်မှာလဲဟင်” မရွှေလရောင်အောင့်မထားနိုင်တော့ဘဲ ငိုချလိုက်သည်။ ထွန်းလင်းရောင်လေးက သူ့မေမေကိုကြည့်ရင်း ကြောင်နေသည်။

“သားမှာအစ်ကိုတစ်ယောက်ရှိတယ်သားရဲ့”
“ဟုတ်လား၊ ခုဘယ်မှာလဲ မေမေ” မရွှေလရောင်ဆီက အဖြေ ထွက်မလာဘဲရှိုက်သံတွေသာထွက်လာသည်။

“ဟင် မေမေငိုနေတယ်၊ဘာ ဖြစ်လို့လဲဟင်”
“သားအစ်ကိုကိုသတိရလို့ပေါ့သားရယ်”
“အစ်ကိုကဘယ်သွားနေတာလဲဟင် မေမေ”
“သားအစ်ကိုကမရှိတော့ဘူး သား၊ သေသွားပြီ”
“ဟင် အစ်ကိုကလည်းဘာလို့သေသွားရတာလဲ”
“ဟိုဓာတ်ပုံကိုကြည့်လေသား၊ သားနဲ့သားအစ်ကိုနဲ့ မတူဘူးလား” ထွန်းလင်းရောင်ကမိသားစု ဓာတ်ပုံကို မော့ကြည့်သည်။

“အဲဒါ သားသားပုံလေ”
” အဲဒါသားသားပုံမဟုတ်ဘူး သားရဲ့၊သားရဲ့ကိုကိုလေ”
“သားလည်းမပါဘူး”
“အဲဒီတုန်းက သားမရှိသေးဘူးလေ”
ထွန်းလင်းရောင်လေးတွေသွား သည်။ မရွှေလရောင်မှာ မိသားစု ဓာတ်ပုံကိုကြည့်ပြီး သားကိုသတိရ ကာမျက်ရည်တွေ စီးကျလာသည်။

“ကိုကိုက သားနဲ့တူတယ်၊ မေမေက သားမေမေအစစ်ပေါ့နော်” ထွန်းလင်းရောင်အမေးကြောင့် မရွှေလရောင်ရင်ထဲ ဆို့သွားသည်။

“ဟုတ်တယ်လေ သား၊ မေမေ က သားမေမေ အစစ်လေ”
“မေမေအတုက သားကိုကျောင်းထားပေးမယ်လို့ပြောပြီး မူကြိုမပို့ဘူးမေမေ”
“မေမေအတု၊ ဟုတ်လားသား” မရွှေလရောင်မျက်လုံးပြူးသွားသည်။

“မေမေအတုက သားကိုလာခေါ်တယ်၊ကျောင်းထားပေးမယ်ဆိုပြီး မူကြိုမပို့ဘူးမေမေ၊ အစ်မကလည်း သားကိုရိုက်တယ်”
“သားကိုရိုက်တယ်၊ဘာလို့ သားကိုရိုက်ရတာလဲ”
“အစ်မကပြောတယ်၊နင်ကငါ့မောင်လေးမဟုတ်ဘူးတဲ့၊ ခဏခဏ ရိုက်တယ်၊ မေမေအတုကလည်း ရိုက်တယ်”
မရွှေလရောင် စိတ်ထိခိုက်သွားသည်။

“မေမေအတုက သားကို မေမေ ကြီးဆီပြန်ပို့တယ်၊ အစ်မက နင့်ကို ဘယ်တော့မှ ပြန်လာမခေါ်ဘူးတဲ့”
“ဖြစ်မှဖြစ်ရလေသားရယ်၊ဒါကြောင့်သားကကျောင်းက ပြန်လာ ရင်မေမေမရှိတော့မှာ ကြောက်နေ တာကိုး၊ကျောင်းထပ်မသွားရမှာကို လည်းကြောက်နေတာကိုး”

“သူတို့ကအတုတွေနော်မေမေ”
“ဟုတ်တာပေါ့သားရဲ့၊အတုတွေပေါ့၊မေမေအစစ်ကသားကို မရိုက်ဘူး၊ ကျောင်းလည်းထားပေးတယ်”
“မုန့်တွေလည်းဝယ်ကျွေးတယ်၊ အင်္ကျီအသစ်တွေ၊ ဘောင်းဘီအသစ်တွေလည်း ဝယ်ပေးတယ်”
“ဒါပေါ့သားရဲ့၊မေမေ့မှာ သားပဲ ကျန်တော့တာလေ၊ ကိုကိုမှမရှိတော့တာ”
“ကိုကိုရှိရင် သားကိုမရိုက်ပါ ဘူးနော်မေမေ”
“မရိုက်ပါဘူးသားရဲ့၊ ကိုကိုက သားကိုချီမှာလေ”
“ဟုတ်လားမေမေ၊ မေမေ သားကို ချီသလိုပေါ့”
“ဒါပေါ့သားရဲ့၊မေမေက သားကိုချီသလို၊ ဖေဖေကသားကို ချီသလိုချီမှာပေါ့”

ထွန်းလင်းရောင်လေးရဲ့မျက်နှာလေးဝင်း သွားတာကိုကြည့်ပြီး မရွှေလရောင် ရင်ထဲနစ်သွားသည်။ထွန်းလင်းရောင်လေးကို မွေးစားဖို့ခေါ်တော့ ဆရာမကြီး ရင်ခွင်ထဲတိုးဝှေ့နေတာ၊ ဖေဖေနဲ့မေမေကလာ ခေါ်မယ်လို့ ထင်နေတာတွေကို မရွှေ လရောင်မျက်လုံးထဲပြန်မြင်ယောင်လာသည်။ သူတို့မမွေးစားမီက ထွန်း လင်းရောင်လေးကိုမွေးစားသူတွေရှိ ခဲ့တာကို အခုမှသိရသည်။ ထိုမွေး စားအဖေအမေတွေက သူတို့သမီးနှင့် အဆင်မပြေ၍ ပြန်လာပို့သွားကြပုံရ သည်။ ထိုသို့လာပို့ သွားတာကိုပင်စိတ်ထဲကနေ မရွှေလရောင်ကျေးဇူးတင်လိုက်သည်။

” ဖေဖေနဲ့မေမေက သားဖေဖေသားမေမေ အစစ်တွေပေါ့နော် ”
“ဟုတ်တယ်လေသားရဲ့၊မေမေပြောပြီးပြီမဟုတ်လား”
“ဟေး ပျော်တယ်ကွ၊ ဖေဖေ အစစ် မေမေအစစ်ရပြီကွ”

ပျော်ရွှင်စွာခုန်ပေါက်ထွက်သွားသော ထွန်းလင်းရောင်လေးကိုကြည့် ပြီး မရွှေလရောင်မျက်ဝန်းက မျက်ရည်တွေအတားအဆီးမရှိကျလာလေ သည်။ ထိုမျက်ရည်တွေက သူ့ရင်တစ်ခုလုံးကိုတသိမ့်သိမ့်စိမ့်ဝင်သွား ပြီးကြက်သီးများပင်ထသွားစေလေသည်။ “မေမေတို့ကလည်း သားစစ်စစ်တစ်ယောက်ကိုရလိုက်ပါပြီသားရယ်”

စိုးဘားဒိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*