ညီညီထူး

ညီညီထူး
April 4, 2017 Asian Fame
ညီညီထူး

sartd

တနင်္ဂနွေနေ့မှာ မောင်းမကန်သွားကြမယ်ဆိုတော့ မမနှင်းကပျော်နေသည်။ ညီညီထူးက ယခုနှစ်မှာမှ ပထမတန်းကနေ ဒုတိယတန်းကိုကျောင်းတက်နေရပြီဖြစ်သော် လည်း ကျောင်းသွားရတာကို ပျော်နေပြီဖြစ်သည်။ မမနှင်းကကျောင်းပိတ်လျှင်ပျော်သော်လည်း ညီညီထူးကတော့ကျောင်းတက်ရမှာကိုပျော်သည်။ ကျောင်းမှာ သူငယ်ချင်းအသစ်တွေနှင့် ဆော့လို့ကိုမဝဘဲဖြစ်နေသည်။ မမနှင်းကတော့ အိမ်မှာလည်းတစ်ယောက်တည်းပဲဆော့ကစားလေ့ရှိသည်။ ညီညီထူးလိုပြေးပြေးလွှားလွှား မရှိဘဲ ငြိမ်ငြိမ်ကလေးပဲဆော့နေ တတ်သည်။ အပေါင်းအသင်းသိပ်မလိုသော ကစားနည်းတွေဖြစ်သည်။ ညီညီထူးကတော့တစ်ယောက်တည်းကစားရသည့် ကစားနည်းတွေထက် အဖော်တွေနှင့်စုပေါင်းကစားရသည့် ဘောလုံးကန်တာ၊ဘော်လီဘောပုတ်တာ၊ ကြက်တောင်ရိုက်တာ၊လိုက်တမ်းပြေးတမ်းကစားတာမျိုးတွေကို သဘောကျသည်။

ညီညီထူးအတွက်အဖော်လိုသည်။ မမနှင်းကတော့အဖော်ဆို၍ သူ့မောင်လေးညီညီထူးနှင့်ကစားရ တာကိုပင် သူမအတွက်အနှောင့် အယှက်လိုဖြစ်နေသည်။ တစ်ခါတ လေ မေမေကဆော့လည်းဆော့ မောင်လေးကိုလည်းကြည့်ထားဦးဆို လျှင် မမနှင်းနှုတ်ခမ်းစူတော့သည်။ညီညီထူးကငြိမ်ငြိမ်မနေဘဲ ပြေးလွှားနေတော့ပို၍ စိတ်ညစ် ရသည်။ သူက စားရတာကိုပင် လွတ်လွတ်လပ်လပ်စိတ်ဝင်တစားမကစားရဘဲ မောင်လေးကိုပဲ ကြည့်နေရ၊ ထိန်းနေရသည်။

” ဟေး မောင်းမကန်သွားရတော့မယ်ကွ၊ ပျော်လိုက်တာ၊ သဲနန်း တော်ကြီးဆောက်မယ်ကွ”
” ဘော်လုံးကန်မယ်လေ မမနှင်း”
” မကန်ပါဘူး၊ ဘောလုံးကန်ရင်ခိုက်မိမှာပေါ့၊ မကန်ချင်ပေါင်၊မမ နှင်းကတော့ သဲနန်းတော်ပဲ ဆောက်မယ်ဟေ့၊ပျော်စရာကြီး”
” ညီညီကဘယ်သူနဲ့ဆော့ရမှာ လဲ၊ဘောလုံးကန်ချင်တာ”

ညီညီတို့မောင်းမကန်မရောက်ဖြစ်တာတော်တော်ကြာလေပြီ။ မောင်းမကန်ဆိုတာကလည်း ဧည့်သည်လာမှ လိုက်ပို့ရသောနေရာဖြစ်လေရာ ဧည့်သည်မပါဘဲ ကိုယ့် ချည်း သတ်သတ်မသွားဖြစ်ကြပေ။မောင်း မကန်သွားချင်လျှင် ဧည့်သည်တွေ လာဖို့ မျှော်ရသည်။မောင်းမကန်ရောက်တော့လည်း ညီညီထူးလေးက တော့အထူးတလည် ဆော့စရာရယ်လို့မရှိပေ။ပြေးလွှားနေရတာကိုပဲ သတိရသည်။ မမနှင်းကတော့လေး တန်းရောက်နေပြီဖြစ်၍ ကလေးကြီးလေးဖြစ်နေကာ အချုပ်အလုပ်ကိုလည်းစိတ်ဝင်စားပြီး အင်္ကျီချုပ်တမ်းကစားနေတာကများသည်။ မမ နှင်းဆော့နေတာက အိမ်မှာလူတစ်ယောက်မှမရှိသလိုငြိမ်လှသည်။မမနှင်းက သူတစ်ယောက်တည်း ကြားရရုံလောက်သာ စကားကို တိုးတိုးပြောသည်။ တစ်ယောက်တည်း ပတွတ်ပတွတ်နှင့်ပြောနေသည်။ ညီညီထူးကတော့သူဘယ်ရောက် နေတာလဲဆိုတာကို အဝေးကပင် ကြားရလောက်အောင် ဆူညံပွက်လောရိုက်နေသည်။ တစ်ခါတလေ ညီညီထူးကသူ့မမနှင်းဆော့နေသောနေရာကို ဘောလုံး ဆွဲလာပြီး ကန်တတ်လေရာ မမနှင်းက သူ့မောင်လေးကိုမနိုင်တော့ မေမေ့ကို လှမ်းအော်တိုင်တတ်သည်။ ညီညီထူးလည်း ဘောလုံးကောက်ပြီးမြန်မြန်ပြေးရသည်။

” မမနှင်းဘောလုံးမကန်ရင်ညီညီကဖျက်ဆီးမှာ ”
” ဖျက်ရဲဖျက်ကြည့်၊မေမေနဲ့ လည်းတိုင်မှာ၊ ဖေဖေနဲ့လည်းတိုင်မှာ။ မေမေပြောထားတယ် မဟုတ်လား၊ဖျက်ဆီးတယ်ဆိုတာလူမိုက်အလုပ်တဲ့၊လူလိမ္မာကမဖျက် ဆီးရဘူးတဲ့’

” မောင်းမကန်က ပျင်းစရာကြီး၊ဘောလုံးလည်းမကန်ရဘူး၊ မမနှင်း၊ ဒါဆိုညီညီတို့ ဘော်လီဘောပုတ်ကြမယ်လေ၊ ကြက်တောင်လည်းရိုက်လို့ရတယ်”
” မောတယ်၊သဲနန်းတော်ဆော့တာက မမောဘူး”
” ဖေဖေကပြောထားတယ်လေ၊ငြိမ်ငြိမ်လေးချည်းပဲမနေနဲ့၊ လှုပ်လှုပ်ရှားရှားနေရတယ်တဲ့၊ဒါမှကျန်းမာတယ်တဲ့ ”
” နင်ကမျောက်မူးလဲဆော့နေတာ။ ငါမောတယ်၊ သဲနန်းတော်ဆောက်တာလည်း လှုပ်တာပဲ”
” သဲနန်းတော်ကဘယ်လိုဆောက်တာလဲ” ညီညီထူးပြောတော့ မမနှင်းကပျော်သွားသည်။

” မောင်လေးကိုမမနှင်း သင်ပေးမယ်လေ၊ ပျော်စရာကောင်းတယ်၊ လူကြီးတွေက အိမ်အကြီးတွေဆောက်ကြတယ်၊မမနှင်းတို့က သဲအိမ်ကလေးတွေဆောက်မယ်၊ မောင်လေးက အင်ဂျင်နီယာမလုပ်ချင်ဘူးလား”

” အင်ဂျင်နီယာဆိုတာ ဘာလဲ မမနှင်းရဲ့”
” မမနှင်းကအိမ်ကလေးတွေဆောက်ရင် ဖေဖေကပြောတယ်၊ သမီးနှင်းက အင်ဂျင်နီယာကြီးဖြစ်မယ်တဲ့”
” မေမေကပြောတော့မမနှင်း က အပ်ချုပ်ဆိုင်ဖွင့်မယ်ဆို”
” အဲဒါက မမနှင်းအပ်ချုပ်တမ်း ကစားနေလို့ပြောတာလေ၊မောင်လေးကယောက်ျားလေးဆိုတော့ အင်ဂျင်နီယာလုပ်ပါလား”
“အင်ဂျင်နီယာဆိုတာက ဘာလဲလို့ဆို”
“အိမ်ဆောက်တာလို့ဖေဖေပြောတယ်လေ”
” ဖိုးဖိုးပြောတာကျ အိမ်ဆောက်တာ လက်သမားတဲ့”
” မမနှင်းလည်းမသိဘူး၊ ကြီးလာ ရင်သိမှာပေါ့”
“ကြီးလာရင်အကုန်သိလား မမနှင်း”
” သိလာမှာပေါ့၊ သိအောင်လုပ်ရမှာပေါ့၊ မေမေကပြောတယ်၊စာ ဖတ်တတ်ရင် စာထဲမှာအကုန်ရှိတယ်တဲ့၊ စာတတ်အောင်သင်တဲ့”
” စာဖတ်တတ်ရင် အကုန်သိတာပေါ့နော်၊မမနှင်းက စာဖတ်တတ်နေပြီလေ၊ညီညီ့ကို အင်ဂျင်နီယာဆိုတာ ဘာလဲလို့ဖတ်ပြလေ”
” စာအုပ်မှမရှိတာမောင်လေးကလည်း၊ မောင်းမကန်ရောက်ရင် သဲနန်းတော် ဆောက်ကြမယ်နော်”
” သဲနန်းတော်၊ ဘယ်သူနေဖို့လဲ မမနှင်းရဲ့”
” အရုပ်ကလေးတွေနေဖို့ပေါ့မောင်လေး၊ အရုပ်ကလေးတွေ လည်း ယူသွားကြမယ်လေ”

ညီညီထူးလေးငြိမ်သွားသည်။ ဘောလုံးလည်း ကန်စရာလူမရှိ၊ဘော်လီဘောလည်း ပုတ်စရာလူမရှိ၊ ကြက်တောင်ရိုက်မယ့်လူလည်းမရှိ၊ သဲနန်းတော်ဆောက်ရမှာ မောင်းမကန်က ပျင်းစရာကြီးဟုတွေးနေပုံရသည်။ မမနှင်းကတော့ပျော်စရာကြီး၊ ပျော်လိုက်တာဟုအော်နေလေသည်။

ယခုတစ်ခေါက်ကတော့ ဧည့်သည်မပါဘဲ အိမ်ကလူတွေချည်း သွားရမည်ဖြစ်သည်။ အဒေါ်တွေ လည်းပါမည်။ အဘိုးအဘွားတို့ လည်းပါမည်။ ကလေးကတော့ ညီညီထူးတို့မောင်နှမနှစ်ယောက်ပဲပါသည်။စားစရာ၊ သောက်စရာတွေက အိမ်ကနေချက်လာခဲ့သဖြင့် ခြင်းကြီး၊ ခြင်းငယ်အပြည့်ဖြစ်သည်။ မောင်းမကန်ကို သွားကြတာကိုက ပျော်ပွဲစားသွားကြတာဖြစ်သည်။ ညဘက်မီးပုံပွဲလည်း လုပ်ကြဦးမည်ဟုပြောသည်။ သွားကြလာကြရမည်ဆိုတော့ မနက်စောစောကြီးကို နိုးနေ ကြသည်။ ကလေးတွေကို နောက်ကျမှနှိုးသည့်တိုင် ညီညီထူးကိုကျတော့ အတော့ကို နှိုးယူနေရသည်။ ညီညီက မလိုက်တော့ဘူးတဲ့ဟေ့ဆိုတော့မှ အူးအဲနှင့်ထသည်။ ဟိုင်း လတ်ကားမှာ အိမ်ကလူတွေရော၊ အဒေါ်တွေရောပါတော့ ပြည့်ကျပ်သွားသည်။ ဧည့်သည်လိုက်ပို့တာ မျိုးမဟုတ်ဘဲ ပျော်ပွဲစားထွက်လာကြ တာမျိုးဆိုသော် လည်း မောင်းမကန်ကနီးနီးလေးဖြစ်ပြီး တကူးတက သွားမှ ရောက်သောနေရာဖြစ်နေပေပြီ။ သွားကြလျှင်လည်း အဝေး တစ်နေရာကို သွားကြသလိုပြင်ဆင်ပြီး သွားဖြစ်ကြတာများသည်။ ဦးဦး နိုင်ကလည်း လိုက်မည်ဟုဆိုတော့ ညီညီထူးတို့ပျော်သွားသည်။ ဆယ်တန်းကျောင်းသားကြီး ဦးဦးနိုင်က ညီညီထူးတို့မောင်နှမကို ချစ် ပြီးအလိုလိုက်တတ်သည်။ လူကြီးတွေကတော့ ကမ်းခြေရောက်တာနှင့် ပါလာတာတွေကို နေရာချဖို့ကို လုပ်နေကြသည်။ အခင်းတွေကိုအရိပ်ရသည့်နေရာတွေမှာ ချခင်းလိုက်ပြီး စားစရာ၊ သောက်စရာတွေကို ချ လိုက်သည်။ ကလေးတွေကတော့ ကားပေါ်ကဆင်းကတည်းကဆော့ ချင်နေကြသည်။ မမနှင်းကတော့ အကဲဆုံးဖြစ်သည်။ သူ့အရုပ်ထုပ်ကိုကားပေါ်မှာကတည်းက အသေ ကိုင်လာခဲ့သည်။ ကားပေါ်ကဆင်း တာနှင့် အခင်းခင်းတာကိုရပ်စောင့်နေသော်လည်း မမနှင်း ဆော့မှာကသောင်ပြင်ပေါ်မှာဖြစ်ပြီး သဲနန်းတော်ဆောက်ဖို့ကို အိမ်မှာကတည်း ကတက်ြ<ွကနေသည်။ ညီညီထူးကလေးမှာ ကားပေါ် က ဆင်းလိုက်ကတည်းက ဟိုကြည်၊့ သည်ကြည့်နှင့် ယောင်နနလေးဖြစ်နေသည်။ တစ်ချိန်လုံးဆော့နေသော ညီညီထူးလေးမှာ ဘောလုံးကလေး ပိုက်ပြီး လူကြီးတွေကိုလိုက်ကြည့်နေသည်။ မမနှင်းက သဲသောင်ပြင်မှာထိုင်ချလိုက်ပြီး သဲတွေကိုဖွလိုက်သည်။ သဲတွေကခြောက်နေတော့ သဲအိမ်ဆောက်ရတာ အဆင်မပြေ ဖြစ်နေသည်။

” နှင်းနှင်း သဲနန်းတော်ဆောက်မလို့ဟာ ဆောက်လုပ်မရဘူး၊ ဦးဦးသဲနန်းတော် ဆောက်မလို့ကူပေးဦး”
“သဲအိမ်ဆောက်တာ သဲတွေကရေစိုနေမှ ရတာလေ နှင်းနှင်း”
“ဒါဆိုဘယ်လိုလုပ်ရမှာလဲ၊ နှင်းနှင်းကို ကူဦးလေ”
“ဦးဦးက ရေကူးမလို့ပါဆို”
“ဟင် ဒါဆိုနှင်းနှင်းက မဆော့ ရတော့ဘူးပေါ့”
” ကလေးကို သင်ပေးလိုက်ပါ နိုင်နိုင်ရဲ့”

မေမေကပြောလိုက်တော့ ဦးလေးဖြစ်သူမှာ ဟုတ်ကဲ့မမဟု ပြောလိုက်ရသည်။ ညီညီထူးကလည်း သူ့မမနှင်းနှင့် ဦးလေးနိုင်တို့ကိုငေးကြည့်ရင်း ဦးဦးနိုင်၊ညီညီနဲ့ ဘောလုံးကန်မယ်လေဟု ပြောလိုက်သည်။

” ဟင် ဒါဆိုဦးဦးနိုင်က ရေမကူး ရတော့ဘူးပေါ့”
” နှင်းနှင်းကို အရင်လုပ်ပေး ဦးဦး”
” ညီညီနဲ့အရင်ဘောလုံးကန်မယ်နော် ဦးဦးနိုင်”

ဦးလေးနိုင်ကသူ့တူ၊တူမတွေကို နဂိုကတည်းက ချစ်သူဆိုတော့အေးပါ၊အေးပါနှင့်နေရသည်။

” ရေစပ်ကိုသွားမယ်၊ ညီညီကဘောလုံးယူခဲ့၊ နှင်းနှင်းက အရုပ်ကလေးတွေယူခဲ့”
“ဟေး ဟေး”

ညီညီထူးတို့မောင်နှမနှစ်ယောက် ပျော်သွားကြသည်။ ကလေးတွေရေစပ်ခေါ်သွားပြီးရင် သေသေချာချာကြည့်ထားနော်နိုင်နိုင်၊ ကလေးတွေကို မျက်ခြည်မပြတ် စေနဲ့ဟုမေမေကလှမ်းပြောတော့ ဟုတ်ကဲ့ မမဟု ဦးဦးနိုင်ကပြောလိုက်သည်။ ရေစပ်ကို တူဝရီးသုံးယောက် ဆင်းလာကြသည်။” ဦးဦးက နှင်းနှင်းကို အရင်ပြပေးမယ်နော်၊ ပြီးတော့မှညီညီနဲ့ဘောလုံးကန်မယ်နော်၊ ဘောလုံးကန်ပြီးရင် ဦးဦးကရေထဲဆင်းမယ်၊ရေထဲဆင်းချင်ရင် ဦးဦးကိုပြောရ မယ်နော်၊ ကိုယ့်ဟာကိုယ် ရေထဲမ ဆင်းရဘူးနော်၊ ရေနစ်တတ်တယ်၊ ပင်လယ်ထဲ ပါသွားတတ်တယ်နော်၊ ဦးဦးစကားနားထောင်ရမယ်နော်”

“ဟုတ်ကဲ့ဦးဦးနိုင်”

ပင်လယ်လှိုင်းဇာလေးတွေက ပင်လယ်ပြင်ထဲကနေ တလိမ့်လိမ့်တက်လာပြီး သောင်ခြေရောက်တော့ ဝပ်ဆင်းသွားကြသည်။ ရေစပ်တွင် ရှိသော သဲပြင်ကသဲနုက လေးများ ဖြင့် အိညက်နေသည်။ နင်းချလိုက်လျှင်အိခနဲ၊ အိခနဲဖြစ်သွားပြီး ခြေရာလေးတွေကျန်နေရစ်လေသည်။ညီညီ ထူးနှင့် နှင်းဖြူဖြူသန့်တို့ရဲ့ ခြေရာသေးသေး လေးတွေထဲကနေ ရေတွေ စိမ့်ပြီးတက်လာသည်။

“လာနှင်းနှင်း၊သဲအိမ်ဆောက်တာ ဦးဦးပြမယ်၊လာကြည့်” ဦးဦးနိုင်က သဲသောင်ပေါ်ကို အားရပါးရထိုင်ချလိုက်သည်။ နှင်း နှင်းကလည်း ဦးဦးလိုပင် အားရ ပါးရထိုင် ချလိုက်သည်။ “သဲလေးတွေကို ဟောဒီလိုအပုံလေးဖြစ်အောင်အရင်စုရတယ်၊ ပြီး ရင်ခြေဖဝါးပေါ်ကို အခုလိုကျုံးပြီး တင်လိုက်၊ ပြီးရင်ဟောဒီလိုလက်ဝါးကလေးနဲ့ဖိ ပေးရတယ်၊ သဲလေးတွေ ကပ်သွားအောင်လုပ်ရတာနော်၊ အပေါ်ကနေဖိပေးလိုက်တော့သဲလေးတွေက ကပ်သွားပြီ၊ ပြီးရင် ခြေဖဝါးလေးကို အသာလေးဆွဲထုတ် ရတယ်၊ကြည့်ထားနော် နှင်းနှင်း” “ဟုတ် ဦးဦးနိုင်၊နှင်းနှင်းလုပ်တတ်တယ်၊ ကြည့် နှင်းနှင်းပြမယ်” နှင်းနှင်းက သဲတွေကိုကျုံးလိုက်ပြီး သူ့ဦးဦး နိုင်လုပ်သလိုလုပ် ပြလိုက်သည်။ နှင်းနှင်းကတော်တယ်ဟေ့ဟု ဦးဦးက ချီး ကျူးလိုက်သည်။

“ကဲ နှင်းနှင်းရဲ့ အရုပ်ကလေးတွေကို အိမ်ထဲထည့်လိုက်လေ”
” ထပ်ဆောက်ရဦးမယ်ဦီးဦးရဲ့၊ နှင်းနှင်းက နန်းတော်ဆောက်မှာ၊ ဘုရင်တွေ၊ ဘုရင်မယားတွေ၊ဘုရင်သားသမီးတွေ နေကြမှာလေ”
” အောင်မာ ဦးဦးတူမကဟုတ်လှချေလား၊ ဒါဆိုဆက်ဆောက်ပြီးဆော့တော့နော်၊ ဦးဦးနဲ့ ညီညီ ဘောလုံးကန်လိုက်ဦးမယ်၊ဘယ်မှမသွားနဲ့နော်”” သွားပါဘူးဦးဦးနိုင်ရဲ့”
” အေးအေး၊ နှင်းနှင်းက လိမ်မာတယ်”

ဦးဦးနိုင်က ညီညီထူးကိုခေါ်ပြီးဘောလုံးကန်သည်။ ဦးဦးနိုင်ကဘောလုံးကန်လျှင် ရေထဲကျပြီး ပင်လယ်ထဲပါမသွားအောင် ကမ်းခြေဘက်ပြန်တက်လာပြီးမှ ဘောလုံးကန်ကြသည်။ တစ်ယောက်တစ်လှည့်ကန်ကြပြီးနောက် ဘောလုံး လိုက်လုတမ်းကစားကြသည်။ ဦးဦးနိုင်က သူ့တူလေးကိုညှာပြီးကစားပေးသည်။ အတော် ကလေး ကြာတော့ ညီညီတစ်ယောက်တည်းကန်တော့ဟု ဦးဦးကပြောသည်။ ဦးဦးရေကူးတော့မယ်ဟုလည်း ပြောလိုက်သည်။ ” ဘောလုံးကန်တယ်ဆိုတာ လူ တွေအများ ကြီးနဲ့ကန်ကစားရတာ၊ တစ်ဖက်ကို၁၁ ယောက်ထားပြီး ကစားရတယ်၊ ကိုယ့်လူအချင်းချင်းပေးပြီးကစားရတယ်၊ တခြားလူခြေထဲ ဘောလုံးရောက်မသွား အောင် လိမ်ခေါက်ရတယ်၊ တီဗီမှာ ညီညီတွေ့တယ်မဟုတ်လား”

“ဟုတ်ဦးဦးနိုင်”

” အဲဒီလို လိမ်ခေါက်တတ်အောင်တစ်ယောက်တည်းလိမ်ခေါက်ကျင့်ရတယ်၊ လိုချင်တဲ့နေရာဘောလုံးရောက်အောင်တစ်ယောက်တည်း အကန်ကျင့်ရတယ်၊ဦးဦး ပြထားပြီပြီနော်၊ မမနှင်းကိုလည်း ဦးဦးက ပြပြီးပြီ၊ ခုသူ့ဟာသူလေ့ကျင့် နေတာ၊ညီညီကလည်း တစ်ယောက်တည်းလေ့ကျင့်လို့ရပြီ၊ဘောလုံးကို ပင်လယ်ဘက်မကန် ရဘူး၊ ပင်လယ်ဘက်ရောက်သွားရင် ရေထဲသွားမကောက်နဲ့ ဦးဦးကိုလှမ်းခေါ်လိုက်၊ ဦးဦးကောက်ပေးမယ်၊ ဟုတ်ပြီလား”

” ဟုတ်ဦးဦးနိုင်၊ ပြီးရင်ညီညီနဲ့ဘောလုံးထပ်ကန်မယ်နော်”
” ကန်မယ်၊ညီညီကဦးဦးကိုလိမ်ခေါက်နိုင်အောင် ကျင့်ထားနော်၊မဟုတ်ရင် စောစောကလို ဦးဦးက ဝင်လုသွားမှာနော်”
“ဦးဦးမလုနိုင်အောင် ညီညီလိမ်ပစ်မှာပေါ့”
“ဟုတ်ပြီ၊ ကျင့်ထားညီညီရေ့၊ ပြီးရင်ဦးဦးနဲ့ကန်မယ်၊ သေချာကျင့် ထားနော်”

ဦးဦးနိုင်ကဖိုက်တင်းဟု လက်မောင်းထောင်ပြတော့ ညီညီထူးကလည်း ဖိုက်တင်းဟု ပြန်လုပ်လိုက်သည်။ ညီညီထူးလေးမှာ ဦးဦးနိုင်ကို လိမ်ခေါက်နိုင်ရန်အတွက် အ
ပြေး အလွှား လေ့ကျင့်နေလေသည်။

” ညီညီ၊လေ့ကျင့်ထားပြီးပြီ လား၊ခုဦးဦးနဲ့ကန်မယ်”
“ကန်မယ်၊ ဦးဦးနိုင်ရအောင်လိုက်လုပေတော့”
” အောင်မယ်၊ငါ့တူကစိန်ခေါ်နေပြီပေါ့လေ”

ညီညီထူးက သဘောကျသွားသည်။ ယခုတစ်ခါမှာတော့ ဦးဦးနိုင်ကမညှာတော့ဘဲ အသေအချာ ကစားပြလိုက်သည်။ ညီညီထူးမှာ ဦးဦးနိုင်ခြေထဲကနေ လိုက်လု နေရတာနှင့်ပင် ဘောလုံး နှင့်ခြေမ ထိဘဲဖြစ်နေလေသည်။ ဦးဦးနိုင်ခြေထဲ ကနေလိုက်လုရင်း ညီညီထူးမောလာသည်။

” ဦးဦးနိုင်၊မညစ်နဲ့နော်”
” ဦးဦးနိုင်ဘယ်မှာညစ်လို့လဲ ညီညီရဲ့၊ ညီညီ ကဦးဦးခြေထဲကနေမှ လိုက်မလုနိုင်တာကိုး”
“ဦးဦးက လူကြီးပဲဟာ’

” လူကြီးမို့လို့မဟုတ်ဘူး ညီညီရဲ့၊ ညီညီက ကျွမ်းကျင်အောင် လေ့ကျင့်မထားလို့ဖြစ်နေတာ၊ဒါကြောင့် ညီညီ့ကို ဦးဦးက သေချာလေ့ကျင့်ထားလို့ပြောတာ၊ ဘောလုံးကစားတယ်ဆိုတာ လူ၁၁ယောက်ကစားတာလို့ ဦးဦးပြောခဲ့တယ်လေ၊ လူ၁၁ယောက်တွဲပြီး မကစားခင်တစ်ဦးချင်းကျွမ်းကျင်အောင် လေ့ကျင့်ထားရတယ်၊ အဖွဲ့နဲ့ အလုပ်လုပ်ရင်ကိုယ်တိုင်အရည်အချင်းပြည့်ဝအောင် အရင်လုပ်ထားပြီးမှ အားလုံးနဲ့ တွဲလုပ်နိုင်အောင် ကြိုးစားရတယ်။ ဘောလုံးကစားဖို့ အဖော်မရှိရင် ညီညီတစ်ယောက်တည်း ကျွမ်းကျင်အောင် လေ့ကျင့်ထား၊ ဘာပဲလုပ်လုပ် ကိုယ်ကိုယ်တိုင် တော်အောင်အရင် လုပ်ထားရမယ်ဆိုတာကို ညီညီအမြဲမှတ်ထား၊ ဟုတ် ပြီလား” ညီညီထူးက မကျေမနပ်ဖြင့် နှုတ်ခမ်းစူထား လိုက်သည်။

” တော်ပြီ၊ ဦးဦးနဲ့မကစားတော့ ဘူး၊ ညီညီ တစ်ယောက်တည်းပဲလေ့ ကျင့်တော့မယ်၊ ဦးဦးနိုင်ခြေထဲကနေ ညီညီရအောင်လုပ်ပြမယ်၊ညီညီ့ခြေထဲကနေ ဦးဦးနိုင် လိုက်လုလို့မရအောင် လည်း လုပ်ပြမယ်၊ကြည့်နေ” ဦးဦးနိုင်က သဘောကျစွာ ရယ်လိုက်သည်။ ညီညီထူးရဲ့မခံချင်စိတ်ကထိုးထွက်လာသည်။ ဦးဦးနိုင် ခြေထောက် အောက်တွင်ရှိသောဘောလုံးကို အလစ်ဝင်လုပြီး တစ်ယောက်တည်း လိမ်ခေါက်လေ့ကျင့်နေလေတော့သည်။

စိုးဘားဒိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*