လွတ်လပ်ရေးရစ ရန်ကုန် (၅)

လွတ်လပ်ရေးရစ ရန်ကုန် (၅)
March 30, 2017 Asian Fame
လွတ်လပ်ရေးရစ ရန်ကုန် (၅)

mkm30

1956 ခုနှစ်တွင် ဗဟန်းကြား တောရလမ်းက အိမ်များအားလုံး ဖျက်သိမ်းရသည်။ ကျွန်တော်တို့မိသားစု ရွှေဂုံတိုင်လမ်းက လွင်လွင်ရုံနှင့် မျက် စောင်းထိုးလောက်က အိမ်တစ် အိမ် ၏ အောက်ထပ်ကို ငှားနေရသည်။ နောက်မကြာမီ ရွှေဂုံတိုင် အုတ် လမ်းနားက “ရိပ်သာကုန်း” ဆိုသော ရပ်ကွက်ကလေးသို့ ပြောင်းရပြန် သည်။ အိမ်ကလေး တစ်ခန်းငှားပြီးနေရသည်။ နောက်မကြာမီ ထိုရပ်ကွက်ဖျက်ရပြန်သည့်အတွက် ရေတာရှည်လမ်းဟောင်းထိပ်က ကုန်းငယ်ပေါ်တွင် ရပ်ကွက်အသစ် ဖန် တီးကြသည်။ “မင်္ဂလာရိပ်သာ” ဟု နာမည်ပေးသည်။ ထိုရပ်ကွက်မှာ မြေကွက်တစ်ကွက်ရ၍ အိမ်ဆောက်ရသည်။ ၁၉၅၉ ခုနှစ်ကျတော့ ထိုရပ် ကွက် အပါအဝင် ရပ်ကွက်အတော် များများ ဖျက်သိမ်းခံရပြီး တောင်ဥက္က လာပ၊ မြောက်ဥက္ကလာပ၊ သာကေတ ဆိုသောမြို့သစ် သုံးမြို့တည်သည့်အတွက် တောင်ဥက္ကလာပသို့ ရောက် ရပြန်သည်။ တောင်ဥက္ကလာပ ရောက်မှ အိမ်ခြေရာခြေတည်ပြီး ဣနြေ္ဒရသွားတော့သည်။ ၃နှစ် အတွင်း အိုးအိမ်အတည်တကျ မဖြစ်ဘဲ ပြောင်းရရွှေ့ရသည့် ဘဝပါ။

ရွှေဂုံတိုင်မှာနေစဉ်က အိမ်နီး ချင်းဖြစ်သော သူငယ်ချင်း ကာတွန်း ဝင်းမောင် (မိမော်မေမကာတွန်းဖြင့် ထင်ရှားသူ – ကွယ်လွန်)နှင့်အတူ တိတ်ဆိတ်သောနေရာတစ်ခုမှာ စာသွားကျက်ကြရသည်ကို သတိရမိ သည်။ ထိုနေရာမှာ အခြားမဟုတ်ပါ။ အာဇာနည်ကုန်းရှိ အာဇာနည်ကြီး များ၏ အုတ်ဂူတွေနားမှာဖြစ်သည်။ အိမ် နောက်က ကုန်းမြင့်ကလေးပေါ် တက်လိုက်လျှင် အာဇာနည်ကုန်းသို့ ရောက်သည်။ သူငယ်ချင်း၂ယောက် စာမေးပွဲနီးချိန်မှာ အာဇာနည်ကုန်း က အုတ်ဂူတွေကိုကျောမှီပြီး အေး အေးဆေးဆေးစာကျက်ကြသည်။ လေကလေးတဖြူးဖြူးနှင့် စာကျက်၍ ကောင်းသည်။ လူလည်း ရှင်းသည်။ ယခု ပြန်စဉ်းစားကြည့် တော့ ထူးဆန်းနေသလိုထင်ရသည်။ “စာကျက်စရာ နေရာရှားလို့ဟယ်” ဟု လူကြီးတွေက ပြောကြသည်။

၁၉၅၅ခုနှစ်လောက်မှာ ငွေကြေး စနစ်ပြောင်းလဲသည်ကိုလည်း မှတ်မိနေသည်။ မူလက “၆၄ပြားမှာ ၁ကျပ်” စနစ်ဖြစ်သည်။ ထိုအချိန်ကစပြီး “ပြား ၁ဝဝမှာ ၁ကျပ်” စနစ်သို့ ပြောင်းသည်။ ၆၄ပြားလျှင်၁ကျပ် စနစ်တုန်းက သင်္ချာတွက်လျှင် “၃ပိုင် ၁ပြား၊ ၄ပြား ၁ပဲ၊ ၁၆ပဲ ၁ကျပ်” ဟု တွက်ရသည်။ “ကျပ် – ပဲ – ပိုင်၊ သင်္ချာပုစ္ဆာများဖြစ်သည်။ ပြား၁ဝဝ လျှင် ၁ကျပ်စနစ်ပြောင်းတော့ “ကျပ် – ပြား” စနစ်ဖြင့် တွက်ရသည်။ “၆၄ ပြား ၁ကျပ်” စနစ်တုန်းက အသေးဆုံး ပိုက်ဆံမှာ “၁ပိုင်” ဖြစ်သည်။ ပိုင်စေ့ မှာ ကြေးပြားအဝိုင်း သေးသေး ကလေးဖြစ်သည်။ ပြီးတော့ ပြားစေ့၊ ပဲစေ့၊ မူးစေ့၊ မတ်စေ့၊ ငါးမူးစေ့ဟူ ၍ ပိုက်ဆံအြေ<ွကစေ့များ ရှိသည်။ ၁ကျပ်ကျတော့ ကျပ်စေ့လည်းရှိ သည်။ ကျပ်တန်စက္ကူလည်းရှိသည်။ ကျွန်တော်တို့ ရန်ကုန်ရောက်စက အသေးဆုံး ထားသုံးရသော ပိုက်ဆံ မှာသော ပဲစေ့ဖြစ်သည်။ ပိုင်စေ့တို့ ပြားစေ့တို့ မသုံးရတော့ပါ။ ဘူးသီး ကြော်တစ်ခုလျှင် တစ်ပဲပေးရသည်။ မုန့်ဟင်းခါးတစ်ပန်းကန်တစ်မတ်၊ လက်ဖက်ရည်တစ်ခွက် တစ်မတ်၊ ဆီချက်ခေါက်ဆွဲတစ်ပွဲ ငါးမူး၊ ထမင်း တစ်ပွဲ တစ်ကျပ်ဖြစ်သည်။

ပြား၁ဝဝ ၁ကျပ်စနစ်ပြောင်း တော့ အသေးဆုံးပိုက်ဆံက ပြားစေ့ ဖြစ်သည်။ သို့သော်တစ်ပြား မသုံးရ တော့ပါ။ ၅ပြားကို အသေးသုံးထား သုံးရသည်။ ၅ပြားစေ့၊ ၁ဝပြားစေ့၊ ၂၅ပြားစေ့ (တစ်မတ်)၊ ပြား၅ဝစေ့ (ငါးမူး)၊ ကျပ်စေ့တို့ကို အကြွေအဖြစ် သုံးရသည်။ ဘူးသီးကြော်တစ်ခု ၅ပြားဖြစ်သည်။ ငွေစက္ကူတွေကတော့ ၁ကျပ် တန်က အသေးဆုံးပါ။ ၅ကျပ်တန်၊ ၁ဝကျပ်တန်၊ ကျပ်၅ဝတန်၊ ကျပ် ၁ဝဝတန်တို့ သတိပြုမိသည် ငယ်စဉ် က ကျပ်၁ဝဝတန် မကိုင်ဖူးပါ။ မြင်ဖူး ရုံသာရှိသည်။ ငွေစက္ကူနှင့် အြေ<ွက စေ့များလဲလှယ်သည်ကို “အကြွေအမ်းသည်” ၊ “အြေ<ွကဖျက်သည်” ဟု သုံးသည်။ အြေ<ွကမသုံး ရတော့သော ယနေ့ခေတ်လူငယ်များ ထိုခေတ် ဝေါဟာရများကို ရှင်းပြမှသာ နား လည်မည်ထင်ပါသည်။

အနိမ့်ဆုံးဝန်ထမ်းဖြစ်သော ရုံးအကူလစာက ၈၂ကျပ်၊ အောက် တန်းစာရေးက ၁၂၆ကျပ် ဖြစ်သည်။ အရာရှိကြီးကို “လခ ထောင်ကျော်စား” ဟု ပြောလေ့ရှိကြသည်။ ကျွန်တော် တို့ရန်ကုန်ရောက်စက မှတ်မိသော လစာများဖြစ်သည်။ ရုံးအကူကလည်း ၈၂ကျပ်နှင့် မိမိအိမ်ထောင်ကို လောက် အောင် ကျွေးနိုင်သည်။ အလယ်တန်း ကျောင်းသားဘဝတုန်းက ကျွန်တော် တို့ ဆရာတစ်ယောက်က ပြောလေ့ရှိ သည်။ “မင်းတို့ခုနှစ် တန်းအောင် အောင် ကြိုးစား၊ ခုနှစ်တန်းအောင် ရင် စာရေးလစာ ၁၂၆ ကျပ်ကို အိတ် ထဲ ထည့်ပြီး တချွင်ချွင် မြည်အောင် ကိုင်သုံးလို့ရတယ်” ဟု အားကျဖွယ် ပြောပြခြင်းဖြစ်သည်။

မှတ်မိတာတစ်ခုရှိသေးသည်။ ထိုစဉ်က အိမ်များတွင်ဆုံးမစာ၊ ဆောင်ပုဒ်ကတ်ပြားများ ချိတ်လေ့ ရှိသည်။ စက္ကူအချောနှင့် ပုံနှိပ်ထား သော ကတ်ပြားများဖြစ်သည်။ ” ကြိုးစားရှာြေ>ွခတာသုံး မမွဲတစ် သက်လုံး”၊ “ရိုးရိုးကျင့် မြင့်မြင့်ကြံ” စသည့် ဆောင်ပုဒ်များဖြစ်သည်။ ထိုစဉ်က “တမူးတပဲ မသုံးရဲ မွဲဆေးဖော်သူ အလံမထူ” ဆိုသော ဆောင်ပုဒ်တစ်ခု ရှိသည်။ “မူး-ပဲ” ခေတ်မှ “ပြား” ခေတ်သို့ ပြောင်းသောအခါ ကျွန်တော်က ခေတ်နှင့်အညီ ဆောင်ပုဒ်တစ်ခုရေး ပြီး အိမ်မှာ ခပ်တည်တည်ကပ်ထား ဖူးသည်။ “ငါးပြားဆယ်ပြား အသုံးများ နင်းပြားဖြစ်မည်မှတ်” ဟူ၍ ဖြစ်သည်။ ပြန်စဉ်းစားကြည့်တော့ ပြုံးစရာပါ။

ထိုအချိန်က ရန်ကုန်တွင် ခေတ်စားသော ပွဲတစ်မျိုးမှာ “စကား ရည်လုပွဲ” ဖြစ်သည်။ ရပ်ကွက်တိုင်းမှာလိုလို စကားရည်လုပွဲများကျင်းပ လေ့ရှိသည်။ ပြောသူများကလည်း အပြောကောင်းသည်။ ပရိသတ်က လည်း အားပေးသည်။ စာရေး ဆရာ များကြီးမှူးပြီး “လူသည် ခွေးထက် မိုက်သည်” ဟူသော ခေါင်းစဉ်ဖြင့် စကားရည်လုပွဲ ကျင်းပကြသည်ကို သတင်းစာထဲမှာ ဖတ်ရသည်။ ရပ် ကွက်ထဲက စာဖတ်အသင်းတို့၊ လူမှု ရေး အသင်းတို့မှာလည်း စကားရည်လုပွဲများ အပြိုင်အဆိုင် လုပ်ကြ သည်။ ရပ်ကွက်တစ်ခုနှင့်တစ်ခုချိန်းပြီး စကားရည်လုကြသည်။ နောက် တော့ စကားရည်လုပွဲတွေ တဖြည်းဖြည်း နည်းသွားပြီး လုံးဝပျောက်သွား သည့်ကာလမျိုးပင် ရောက်ခဲ့ပါသည်။

ကျွန်တော်ပညာသင်ခဲ့သော ဗဟန်းအစိုးရအလယ်တန်းကျောင်း ကျောင်းမှ ဆရာ၊ ဆရာမများက စကားရည်လုပွဲကို အထူးအားပေး သည်။ စကားရည်လုပွဲအသင်း လေးသင်းပေးပြီး ဘောလုံးပွဲစဉ်ကို ပွဲစဉ်ဆွဲကာ ၂သင်းစီ ယှဉ်ပြိုင်ခိုင်း သည်။ စနေနေ့ နေ့တစ်ဝက် ကွင်း ဆင်းလျှင် စကားရည်လုပွဲကျင်းပ သည်။ ဆရာ၊ ဆရာမများက ပြော နည်းဆိုနည်း အချက်အလက်များ သင်ပေးသည်။ အကဲဖြတ်ဒိုင်များ အဖြစ် ဆောင်ရွက်ပေးသည်။ အသင်း လိုက် အမှတ်ပေးသွားပြီး နောက်ဆုံး အသင်း၂သင်း ဗိုလ်လုပွဲ တက်ရ သည်။ အကောင်းဆုံးအသင်းကိုရွေး ပြီး ကျောင်းဆုပေးပွဲမှာ ဆုပေးသည်။ နှုတ်မှုစွမ်းရည်ထက်မြက် အောင် လေ့ကျင့်ပေးသော ဆရာ၊ ဆရာမ များ၏ ကျေးဇူး ကြီးမားလှပါသည်။ အစည်းအဝေးများမှာ စနစ်တကျ ပြောဆိုဆွေးနွေး တတ်အောင်လည်း လေ့ကျင့်ပေးပါသည်။

ထိုအချိန်က စာပေဟောပြောပွဲ များ သိပ်ခေတ်မစားသေးပါ။ ကျွန် တော်တို့ရပ်ကွက်မှာ ဆရာ မင်း အောင်နှင့် ဆရာသာဂဒိုးတို့ စာဖတ် အသင်းမှာ လာဟောပြောသည်ကို နားထောင်ရဖူးပါသည်။ ရှားရှားပါးပါး ဟောပြောပွဲဖြစ်သည်။

စတိတ်ရှိုးများလည်း မတွင် ကျယ်သေးပါ။ ထိုကာလ ထင်ရှား သော သီဆိုပွဲတစ်ခုမှာ ကိုမြတ်လေး တို့၊ စန္ဒရားချစ်ဆွေတို့၊ မာမာအေး တို့ ကားတစ်စီးဖြင့် မြို့ထဲမှာလှည့် ပြီး ငြိမ်းချမ်းရေးသီချင်းများဖြင့် ဖျော်ဖြေသည့် အစီအစဉ်ဖြစ်သည်။ သီချင်းများ၏ နောက်ခံအကြောင်းကို ရုပ်ရှင်မင်းသား၊ ဂီတစာဆို ကိုမြတ် လေးက ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောဆို မိတ်ဆက် ပြီး အဖွဲ့က သီချင်းများဖြင့် ဖျော်ဖြေ ကြသည်။ ၁၉၅၈ခုနှစ်မှာ ပြည်တွင်း စစ် ၁ဝနှစ်ကာလအဖြစ် ဖျော်ဖြေ ခြင်းဖြစ်သည်။ “ဆယ်နှစ်ဝယ် ဆယ်ကြစို့” သီချင်း၊ “ဧရာဝတီငိုသံများ တို့ကြားရပြီ” သီချင်း၊ “ပြည်တွင်း ငြိမ်းချမ်းရေးသာလိုပါသည်” သီချင်းတို့ကို မှတ်မိနေသည်။ “သည်နဒီသည် အင်းအိုင်၊ သည်ချောင်းသည် မြောင်း နဲ့၊ သီတာပေါင်းဆုံသည့် ဧရာဝတီ၊ ဗေဒါလဲ မစိမ်း၊ ရေလဲမစိမ်း၊ သွေးရှိန်းရှိန်းနီ ဧရာဝတီ ငိုသံတို့ ကြားရပြီ” ဆိုသော စာသားများ၊ ” ငြိမ်းချမ်းရေးအတွက် အေးလျက်မနေသာပြီ၊ လူသားအပေါင်းက တောင်းဆိုကြသည်”၊ “အများစုဆန္ဒတင်ပြမည် ပြည်တွင်း ငြိမ်းချမ်းရေးသာလိုပါသည်” ဆိုသော သီချင်းစာသားများက နားထောင် သူတို့၏ နှလုံးသားကို လွှမ်းမိုးဆွဲငင်နိုင်ပါသည်။

နောက်ပိုင်းမှာတော့ “ကေသီပန်” တူရိယာအဖွဲ့က ခင်းကျင်းသော စတိတ်ရှိုးမျာကို တွေ့လာရပါသည်။ “အနုမြူဗုံးပိတ်ပစ်ပါ၊ စစ်ကိုမလိုပါ၊ ငြိမ်းချမ်းရေးသာ ပေးပါ၊ ပေးကြပါ” ဆို သော မာမာအေး၏ သီချင်းသံကို ဝေဝေစည်စည်ကြားရပါသည်။ လူငယ်များစုစည်းဖွဲ့ထားသော စာဖတ်အသင်းများ၊ လူမှုရေး အသင်းများလည်း နေရာအနှံ့အပြား မှာ ရှိသည်။ ကျွန်တော်ရန်ကုန် ရောက်စက ဗဟန်းကြားတောရလမ်းမှာ “လူငယ်များ ညီညွတ်တိုးတက်ရေးအသင်း” ဆိုသော အသင်းတစ်သင်းကို လူငယ်များ ဦးစီး၍ဖွဲ့ပြီး ရပ်ကွက်ထဲက လူငယ်များကို အင်္ဂလိပ်စာတို့၊ လက်ရေးတိုတို့ သင်ပေးသည်။ ကျွန် တော်လည်း ထိုသင်တန်းတွေ လိုက် တက်သည်။ “လက်ရေးတို” မှာ ထိုစဉ် က အလွန်ခေတ်စားသည်။ “လက်ရေး တိုလက်နှိပ်စက်” ကျောင်းများ၊ သင်တန်းများဖွင့်ကြသည်။ လက်ရေးတို မှာ ပြောနေသည့်စကားကိုစာဖြင့် အမီ လိုက်ရေးနိုင်အောင် တီထွင်ထားသော ရေးနည်းစနစ် ဖြစ်သည်။ အတိုကောက်များဖြင့် စာလုံးများကို လွယ်လွယ်နှင့် မြန်မြန် ရေးနိုင်အောင် တီထွင်ထားခြင်းဖြစ်၍ ရုံးများတွင် အလွန်အသုံးဝင်သည်။ ပြောသော စကားနှင့် လိုက်ရေးသောစာ အချိန် မကွာဘဲ တစ်ချိန်တည်းပြီးအောင် တီထွင်ထားသော စနစ်ဖြစ်သည်။ တိပ်ရီကော်ဒါတို့၊ ကက်ဆက်တို့ မတွင်ကျယ်သေးသည့် ကာလဖြစ်၍ လက် ရေးတို တက်လျှင် များစွာအသုံးဝင် ပါသည်။ ” ဘယ်သူတော့ ဘယ်ကျောင်း မှာ လက်ရေးတိုသင်တန်းတက်ပြီး ဘယ်ရုံးမှာအလုပ်ရသွားတယ်” ဆို သော စကားမျိုးတွေ မကြာခဏ ကြား ရပါသည်။ “သိန်းတစ်ရာ လက်ရေးတို လက်နှိပ်စက်သင်တန်း” ကြော်ငြာကို မဂ္ဂဇင်းများတွင် ထိုအချိန်က အမြဲလိုလို တွေ့ရပါသည်။

မောင်ခင်မင်(ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*